ငြိမ်းချမ်းရေး စကားဝိုင်း သင်တန်း (Dialogue for Peace Facilitator’s Training) ဖွင့်လှစ်

နေပြည်တော် ၂၂ ဇူလိုင်

အာရှပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံကင်းထောက် အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ငြိမ်းချမ်းရေးစကားဝိုင်းသင်တန်း (Dialogue for Peace Facilitator’s Training) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း (Gold Camp)ရှိ မော်လမြိုင်အဆောင်၌ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ် အဖွဲ့ဝင် ပါမောက္ခ Peter Bletch က အမှာစကားပြောကြားခဲ့ပြီး ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ် အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. J. Rizal C.Pangilinan က ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ကမ္ဘာ့ကင်း ထောက်အဖွဲ့ချုပ်၏ ပါဝင်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် Dialogue for Peace Facilitator’s Training နည်းပြချုပ် Mr. Annas Alabbadi နှင့် မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်မှ ကင်းထောက်ချုပ် ဒေါက်တာ တင်ညို တို့က သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြသည်။

အဆိုပါ သင်တန်းသို့ အာရှပစိဖိတ်ဒေသရှိ နိုင်ငံ ၁၄ နိုင်ငံမှ ကင်းထောက် လူငယ်များ၊ ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ်နှင့် အာရှပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့တို့မှ သင်တန်းနည်းပြများ၊ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်မှ ကင်းထောက်လူငယ်များ၊ တက္ကသိုလ်၊ ကောလိပ်များမှ ကင်းထောက်လူငယ်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ ကင်းထောက်မဟုတ်သည့် လူငယ်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သင်တန်းကို နိုင်ငံတကာ ရင်းနှီးမှုနှင့် လူငယ်ထုအတွင်း တန်ဖိုးများကို မျှဝေရာတွင် စူးစမ်းရှာဖွေနိုင်မှုများကို စကားဝိုင်းမှ ရရှိလာရေး တို့ကို ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ဘာသာရေး၊ ယဉ်ကျေးမှု၊ မျိုးဆက်၊ လိင် စသည့် အရပ်ရပ်သောအပိုင်းတွင် စကားဝိုင်းများ တိုးတက်လာပြီး ပိုမိုကောင်းမွန်သော ကမ္ဘာကြီးနှင့် ကမ္ဘာ့လုံးဆိုင်ရာ ငြိမ်းချမ်းရေးကို ဦးတည်သောတန်ဖိုးများ မရှိမဖြစ်ရလာစေရန်၊ ယုံကြည်မှု၊ လူမျိုး၊ လိင်၊ အသက် ကို ပဓာန မထားဘဲ အပြုသဘောဆောင်သော စကားဝိုင်းမျိုးဖြင့် လူသားချင်း လေးစားလာစေရန်၊ တစ်ဦးချင်း၏ တန်ဖိုးအဖြစ် စကားဝိုင်းဆိုင်ရာ နည်းပညာရပ်များကို အသုံးချတတ်လာစေရန်နှင့် ယနေ့ ကမ္ဘာတွင် ငြိမ်းချမ်းခြင်း လိုအပ်ချက်နှင့် စကားဝိုင်းကို တန်ဖိုးတက်လာစေရန် ဦးတည်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ဆွေးနွေးပွဲမျှော်လင့်ချက်များနှင့် ကြေညာချက်များ၊ ဆွေးနွေး ပွဲစည်းမျဉ်းစည်းကမ်းများ ချမှတ်ခြင်း၊ ပဋိပက္ခများကို နားလည်ခြင်း၊ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း၊ လူသားတစ်ဦးချင်းစီ၏ ဖြစ်တည်မှုသတ်မှတ်ခြင်း၊ ကိုယ်ပိုင်သဘောထားအမြင်နှင့် သဘောထားအမြင်ကွဲလွဲမှု၊ တွေ့ဆုံဆွေးနွေးမှုနှင့် တွေ့ဆုံဆွေးနွေးနိုင်ရန် ပံ့ပိုးကူညီမှု၊ ပွင့်လင်းမြင်သာသော ပြောဆိုဆွေးနွေးမှု၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် တွေ့ဆုံဆွေးနွေးမှု၊ ကင်းထောက်လုပ်ငန်းများ တွေ့ဆုံဆွေးနွေးခြင်း၊ နိုင်ငံတွင်တွေ့ဆုံ ဆွေးနွေးခြင်းနှင့် အာရှပစိဖိတ်ဒေသအဆင့် အနာဂါတ် တွေ့ဆုံဆွေးနွေးပွဲအစီအစဉ် စသည့် ခေါင်းစဉ်များဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ ကင်းထောက်ချုပ် ဒေါက်တာတင်ညို က`` ငြိမ်းချမ်း ရေးနဲ့ပတ်သက်လို့ ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ်နဲ့ပူးပေါင်းပြီး ငြိမ်းချမ်းရေးသံတမန်များဆိုတဲ့ သင်တန်းတွေပေးခဲ့ပြီးပါပြီ။ ငြိမ်းချမ်းရေးအတွက်လိုအပ်တဲ့ မတူညီတဲ့ဘာသာစကား၊ မတူညီတဲ့ယဉ်ကျေးမှု၊ မတူညီတဲ့ အနေအထားတွေမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့အတွက် ဒီသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်။ ဒီသင်တန်းမှာ အာရှပစိဖိတ်ဒေသက ကင်းထောက်တွေ ပါဝင်တက်ရောက်ပြီး ကျွမ်းကျင်သူတွေက သင်တန်းပို့ချပေးသွားမှာ ဖြစ်ပါတယ်။

ဒီသင်တန်းတက်ရောက်တဲ့ လူငယ်တွေဟာ အသက် ၁၈ နှစ် ကနေ ၂၆ နှစ်အတွင်း လူငယ်တွေဖြစ်ပါတယ်။ သင်တန်းပြီးဆုံးသွားရင် ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသူတွေနဲ့အတူ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းတွေမှာ လက်တွဲဆောင် ရွက်နိုင်မှာဖြစ်ပါတယ်။ ကင်းထောက်တွေဟာ ငြိမ်းချမ်းရေး သံတမန်များအဖြစ်ပါဝင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ သင်တန်းတက်တဲ့ လူငယ်တွေက ငြိမ်းချမ်းရေးစကားဝိုင်း သင်တန်းအတွေ့အကြုံတွေကို ထပ်ဆင့်ပြီး ဆင့်ပွားနိုင်ခဲ့ရင် နိုင်ငံတော်အတွက် အကျိုးရှိမယ်လို့ ယုံကြည်ခံယူပါတယ်။´´

`` ဒီသင်တန်းဟာ အာရှပစိဖိတ်ဒေသမှာ ပထမဆုံးသော သင်တန်းဖြစ်ပါတယ်။ ဒီသင်တန်းမှာ အာရှပစိဖိတ်ဒေသက ကင်းထောက်လူငယ် ၁၆ ဦး၊ မြန်မာနိုင်ငံ ကင်းထောက် ၂၅ ဦးနဲ့ ကင်းထောက်လုပ်ငန်း စိတ်ဝင်စားသူ ၁၀ ဦး စုစုပေါင်း ၅၁ ဦး တက်ရောက်ကြမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ် ကော်မတီဝင် ကိုယ်တိုင်ကြီးကြပ် သင်ကြားပေးသွားမှာဖြစ်ပါတယ်´´ ဟုပြောသည်။

အဆိုပါ ငြိမ်းချမ်းရေးစကားဝိုင်းသင်တန်း (Dialogue for Peace Facilitator’s Training) ကို ဇူလိုင်လ ၂၂ ရက်မှ ၂၅ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

(သတင်းစဉ်)