သတင်းဆောင်းပါး - ဇင်ငြိမ်း

ယနေ့မြန်မာနိုင်ငံ၏  နိုင်ငံတည်ဆောက် ရေးနှင့်   ဖွံ့ဖြိုးတိုးတက်ရေး  အနာဂတ် ခရီးအတွက်   အခြေခံလိုအပ်ချက်တစ်ခုပြပါဆိုလျှင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ် ရေးကို ညွှန်ပြရမည် ဖြစ်ပါသည်။  

ငြိမ်းချမ်းရေး၊   တည်ငြိမ်ရေးသည် နိုင်ငံတည်ဆောက်ရေးနှင့်    ရင်ပေါင် တန်း  ယှဉ်တွဲလျက်ရှိရာ  ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးရှိမှသာ  နိုင်ငံတည်ဆောက် ရေးနှင့်    ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခြားကဏ္ဍများကို           ထိရောက်စွာ ဖော်ဆောင်နိုင်မည် ဖြစ်ပါသည်။ သို့သော် လည်း        မြန်မာ့သမိုင်းတစ်လျှောက် ရေရှည်ငြိမ်းချမ်းရေး   တည်ဆောက်မှု ထက်  ပဋိပက္ခများဖြင့်သာ  လွှမ်းမိုးနေခဲ့ သဖြင့်     နိုင်ငံ၏    ဖွံ့ဖြိုးတိုးတက်မှုမှာ အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက နိမ့်ကျ ခဲ့သည်ကို တွေ့ရပါသည်။ 

သို့ဖြစ်ရာ         လွတ်လပ်ရေးရပြီး နောက်ပိုင်း      မြန်မာ့နိုင်ငံရေးသမိုင်း တစ်လျှောက် အလိုအပ်ဆုံး လုပ်ငန်းစဉ် များအနက် ငြိမ်းချမ်းရေးတည်ဆောက်မှု နှင့်     တည်ငြိမ်ရေးမှာ    ဦးစားပေး လုပ်ဆောင်ရမည့်   လုပ်ငန်းစဉ်အဖြစ် တွေ့ရမည်ဖြစ်ပါသည်။ အထူးသဖြင့် နိုင်ငံရေးပဋိပက္ခများဖြင့်     သံသရာ ကျော့နေသည့်  နိုင်ငံတစ်နိုင်ငံအတွက် ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုမှာ မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်လာပါသည်။

မိမိတို့နိုင်ငံအနေဖြင့် နယ်ချဲ့အုပ်ချုပ် မှုမှလွတ်မြောက်၍  ကိုယ့်မင်းကိုယ်ချင်း အုပ်ချုပ်လာခဲ့သည့် နှစ်ပေါင်း ၇၀ ကျော် အတွင်း       ပြည်တွင်းပဋိပက္ခများကို ငြိမ်းချမ်းစွာဖြေရှင်းခြင်းထက် လက်နက် ကိုင်ဖြေရှင်းမှုများကြောင့်   နိုင်ငံတည် ဆောက်ရေးနှင့်   ဖွံ့ဖြိုးတိုးတက်ရေးမှာ အခက်အခဲများနှင့်    ရင်ဆိုင်နေကြရပါ သည်။    နိုင်ငံရေးပဋိပက္ခ    ဖြစ်ပွားမှုနှင့် အတူ ပေါ်ပေါက်လာသည့် မငြိမ်းချမ်းမှု၊ မတည်ငြိမ်မှုများသည် နိုင်ငံ၏ အရေးပါ သည့် အခြားကဏ္ဍများအပေါ်တွင်လည်း ထိခိုက်လျက်ရှိ နေပါသည်။  အထူးသဖြင့် နိုင်ငံ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာ ရေး၊ လူမှုရေးတို့တွင်  ယနေ့ထက်တိုင် ရုန်းကန်နေကြရဆဲဖြစ်သည်။ ထိုသို့သော အခြေအနေတွင်        ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုမှာ နိုင်ငံနှင့်  ပြည်သူတစ်ရပ် လုံးအတွက်      မရှိမဖြစ်လိုအပ်သည် ကို   နားလည်လက်ခံကြသော်လည်း လက်တွေ့အကောင်အထည်ဖော်ရာတွင် အခက်အခဲ၊ အကျပ်အတည်းများ  ရှိနေ သည်ကို တွေ့ရပါသည်။

ပဋိပက္ခနှင့် ဖွံ့ဖြိုးတိုးတက်မှု

ပဋိပက္ခနှင့်  ဖွံ့ဖြိုးတိုးတက်မှုသည် ဆန့်ကျင်ဘက်            အချိုးကျပါသည်။ ပဋိပက္ခများ  တိုးမြင့်လာသည်နှင့်  ဖွံ့ဖြိုး တိုးတက်မှု နိမ့်ကျလာမည်ဟု ဆိုခြင်းဖြစ် ပါသည်။ နိုင်ငံတစ်နိုင်ငံအတွင်း ဖြစ်ပွား နေသည့် ပဋိပက္ခဆိုင်ရာအကြမ်းဖက်မှု များဆိုသည်က  တစ်ဦးတစ်ယောက်တည်း သို့မဟုတ် သက်ဆိုင်သူများကိုသာ ကွက် ၍  ထိခိုက်သည်   မဟုတ်ပါ။ သက်ဆိုင်ရာ  လူမှုအသိုက်အဝန်းအတွင်းရှိ     လူတိုင်း အပေါ်ဆိုးကျိုးများ           သက်ရောက် စေတတ်ပါသည်။ 

ယနေ့မိမိတို့နိုင်ငံတွင်   ဖြစ်ပွားနေ သည့် ပဋိပက္ခဆိုင်ရာ အကြမ်းဖက်မှုများ ကြောင့်   လူ့အဖွဲ့အစည်း၏    တိုးတက်မှု များကို    အဟန့်အတားဖြစ်စေလျက်ရှိ သည်ကို          မျက်မြင်တွေ့နိုင်ပါသည်။ မငြိမ်းချမ်းမှု၏ ဘေးထွက်ဆိုးကျိုးများကို လက်တွေ့      ရင်ဆိုင်နေကြရပါသည်။ ကလေးငယ်များ၏    ပညာသင်ယူခွင့် အခွင့်အလမ်း၊      ကျန်းမာရေးဆိုင်ရာ အခွင့်အရေး၊ ဆင်းရဲမွဲတေမှု၊ အလုပ် လက်မဲ့  စသည့်အမျိုးမျိုးသော ဆိုးကျိုး များကို တွေ့ကြုံခံစားနေကြရပြီး ယင်း ဆိုးကျိုးများကြောင့်   နိုင်ငံ၏   ဖွံ့ဖြိုး တိုးတက်ရေး        အခွင့်အလမ်းများကို ကျဆင်းစေလျက်ရှိပါသည်။
မြန်မာနိုင်ငံ၏  တိုးတက်မှုနှုန်းနှင့် ပတ်သက်၍ အေဒီဘီမှ ၂၀၂၂ ခုနှစ် ဧပြီလ တွင် ထုတ်ပြန်သော ASIAN DEVELOP-MENT OUTLOOK 2022 အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ GDP တိုးတက်မှုနှုန်းမှာ   ၂၀၂၁  ခုနှစ်က (-၁၈ ဒသမ ၄)  ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် (-၀ ဒသမ ၃) ဖြစ်ကြောင်း ဖော်ပြထားပါသည်။  ၂၀၂၃  ခုနှစ်တွင်  ၂ ဒသမ ၆  ရှိမည်ဟု ခန့်မှန်းထားသည်ကို တွေ့ရပါသည်။   ငွေကြေးဖောင်းပွမှုနှုန်း အနေဖြင့် ၂၀၂၁ ခုနှစ်က ၃  ဒသမ ၆  ရှိ ခဲ့ပြီး  ၂၀၂၂ ခုနှစ်တွင် ၈ ဒသမ ၀ အထိ တိုးမြင့်လာသည်ကို တွေ့ရပါသည်။ 

၂၀၂၃ ခုနှစ်အတွက် ငွေကြေးဖောင်းပွ မှု ခန့်မှန်းချက်မှာ ၈ ဒသမ ၅ ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ယင်းအစီရင်ခံစာ အရ   ၂၀၂၂  ခုနှစ်တွင်    မြန်မာနိုင်ငံ၏ တိုးတက်မှုနှုန်း ကျဆင်းနေသည့်အပြင် ငွေကြေးဖောင်းပွမှုနှုန်းမှာလည်း မြင့်မား နေသည်ကို တွေ့ရပါသည်။ ၂၀၂၃ ခုနှစ် တွင်  GDP  တိုးတက်မှု   မြင့်တက်လာ သကဲ့သို့    ငွေကြေးဖောင်းပွမှုမှာလည်း ၂၀၂၂ ခုနှစ်ကထက်  ပိုမိုမြင့်တက်လာ မည်ဟု   ခန့်မှန်းထားသည်ကို  တွေ့ရပါ သည်။ သို့ဖြစ်ရာ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်ကာလမှာ            စီးပွားရေးဆိုင်ရာ ရုန်းကန်ကြရမည့်အခြေအနေဟု ခန့်မှန်း နိုင်ပါသည်။

ပဋိပက္ခနှင့် ဆင်းရဲမွဲတေမှု

ဆင်းရဲမှုနှုန်းအနေဖြင့် UNDP ၏ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ထုတ်ပြန်ချက် အရ ကိုဗစ်-၁၉ နှင့်  နိုင်ငံရေးဆိုင်ရာ ပဋိပက္ခများကြောင့်  မြန်မာနိုင်ငံရှိ   မြို့ပြ ဆင်းရဲမွဲတေမှုမှာ သုံးဆ မြင့်တက်လာနိုင် ကြောင်း ဆိုထားပါသည်။ ယင်းစစ်တမ်း ကောက်ယူမှုများမှာ ၂၀၂၁ ခုနှစ် မေလ နှင့် ဇွန်လအတွင်း ကောက်ယူမှုများ ဖြစ်ပြီး  ယင်းစစ်တမ်း  ကောက်ယူချိန်က ရုရှား-  ယူကရိန်း     ပဋိပက္ခမဖြစ်ပွားမီ အခြေအနေဖြစ်သည်။   ၂၀၂၂  ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့ ရုရှား-ယူကရိန်း တိုက်ခိုက်မှု နောက်ပိုင်းတွင် ယင်းစစ်ပွဲ ၏ ဂယက်ကြောင့် ကမ္ဘာ့စီးပွားရေးအပေါ် ထိခိုက်မှုများရှိလာပြီး အထူးသဖြင့် သွင်း ကုန်အပေါ်    မှီခိုနေရသော   နိုင်ငံများ၊ ဆင်းရဲသည့်နိုင်ငံများအပေါ် ထိခိုက်မှုပိုမို သက်ရောက်နိုင်ကြောင်း  ခန့်မှန်းထားပါ သည်။ ရုရှား-ယူကရိန်းစစ်ပွဲကြောင့် စားသောက်ကုန်ဈေးနှုန်းများ     ၂၀ ရာခိုင်နှုန်းအထိ တက်လာနိုင်ကြောင်း ကုလသမဂ္ဂက   ခန့်မှန်းထားပါသည်။ ယင်းအခြေအနေများသည်  မြန်မာနိုင်ငံ အတွက်  တစ်ပူပေါ်  နှစ်ပူဆင့်စေသည့် ပတ်ဝန်းကျင်ဖိအားများဖြစ်ပါသည်။

ထို့အပြင် ကုလသမဂ္ဂ၏ခန့်မှန်းချက် အရ လာမည့် ၂၀၃၀ တွင် ကမ္ဘာ့အဆင်း ရဲဆုံးလူများ၏    တစ်ဝက်ကျော်သည် ပဋိပက္ခဖြစ်ပွားရာဒေသများတွင် နေထိုင် နေသူများဖြစ်မည်ဟု   ခန့်မှန်းထားသည် ကိုတွေ့ရပါသည်။    ယင်းမှာ    ပဋိပက္ခ ဖြစ်ပွားမှုနှင့် ဆင်းရဲမွဲတေမှုမှာ တိုက်ရိုက် အချိုးကျနေသည့်  သဘောဟု  ဆိုရပါ မည်။ သို့ဖြစ်ရာ နိုင်ငံ၏ ပဋိပက္ခများကို မလျှော့ချနိုင်သမျှ စီးပွားရေးတိုးတက်မှု အပါအဝင် တစ်ဦးချင်းစီ၏  လူမှုဘဝများ အပေါ်    ဆက်လက်ထိခိုက်နေဦးမည်ဟု ခန့်မှန်းနိုင်ပါသည်။ သို့ဖြစ်ရာ  နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊    လူထု၏ နေ့စဉ်လူမှုစီးပွားဘဝများ    သာမက ပညာရေး၊   ကျန်းမာရေးများ   တိုးတက် စေရန် တည်ရှိဆဲပဋိပက္ခများ လျှော့ချ ရေး၊ ငြိမ်းချမ်းရေးနှင့်  တည်ငြိမ်ရေးမှာ မရှိမဖြစ်လိုအပ်လာပါသည်။

ငြိမ်းချမ်းရေးတည်ဆောက်မှု

ငြိမ်းချမ်းရေး တည်ဆောက်မှုဆို သည်မှာ  ပဋိပက္ခဖြစ်ပွားရသည့် အရင်းခံ အကြောင်းတရားများကို   ကိုင်တွယ် ဖြေရှင်းခြင်း၊ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့အကြား မတူညီမှုများကို ငြိမ်းချမ်း စွာဖြေရှင်းရေးကို   ပံ့ပိုးကူညီခြင်းနှင့် နောင်ဖြစ်လာနိုင်သည့်   ပဋိပက္ခနှင့် အကြမ်းဖက်မှုများကို  ကာကွယ်တားဆီး ရန်    လုပ်ဆောင်ခြင်းဟု  ဆိုပါသည်။ ငြိမ်းချမ်းရေး   လုပ်ဆောင်ခြင်းသည် လတ်တလောပဋိပက္ခများ  ပြေလည်ရေး အတွက်သာမက ပြဿနာ၏ အရင်းခံ အကြောင်းတရားများကို  ညှိနှိုင်းဖြေရှင်း ခြင်းလည်း ဖြစ်ပါသည်။ ထိုသို့ဖြေရှင်းရာ တွင်လည်း    ငြိမ်းချမ်းစွာဖြင့်   ညှိနှိုင်း ဖြေရှင်းသည့် နည်းလမ်းကို ကျင့်သုံးခြင်း ဖြစ်ပါသည်။    
    
သို့ဖြစ်ရာ မြန်မာနိုင်ငံရှေ့ဆက်ရမည့် အနာဂတ်ခရီးအတွက်  အဓိကလိုအပ် နေသည်မှာ  ငြိမ်းချမ်းစွာဖြင့်   ညှိနှိုင်း ဖြေရှင်းသည့်  နည်းလမ်းဖြစ်ပါသည်။ ငြိမ်းချမ်းရေး     လုပ်ငန်းစဉ်များသည် ခက်ခဲရှုပ်ထွေးသော လုပ်ငန်းစဉ်များဖြစ် ပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ ကာလရှည်ကြာ ပဋိပက္ခဖြစ်ပွားနေသည့် နိုင်ငံအတွက်    ပိုမိုခက်ခဲနိုင်ပါသည်။ သို့သော်   ငြိမ်းချမ်းရေးသည်  အားလုံး အတွက်   ဘုံအကျိုးစီးပွားဖြစ်သည်ကို သတိပြုကြရပါမည်။ နိုင်ငံ၏ အနာဂတ် အရေးနှင့်  ဘုံအကျိုးစီးပွားဖြစ်သဖြင့် အားလုံးပါဝင်   ပူးပေါင်းလုပ်ဆောင်ကြ မည်ဆိုပါက  ကြုံတွေ့လာမည့်  အခက် အခဲများကို        ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါသည်။ 
မြန်မာနိုင်ငံ  သမိုင်းတစ်လျှောက် ပြည်တွင်းရေး ပဋိပက္ခဖြေရှင်းကြရာတွင် ငြိမ်းချမ်းစွာ   ဖြေရှင်းသည့်နည်းလမ်း ထက်        ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းမှု၊ လက်နက်ကိုင်  ဖြေရှင်းမှုများကဲ့သို့သော နည်းလမ်းများကိုသာ ပိုမိုအားသန်အသုံး ပြုခဲ့ကြပါသည်။  ပဋိပက္ခများကို  စေ့စပ် ညှိနှိုင်းခြင်း၊   ယုံကြည်မှုတည်ဆောက် ခြင်း၊ မတူကွဲပြားမှုများကို အပြန်အလှန် နားလည်         လက်ခံခြင်းကဲ့သို့သော ငြိမ်းချမ်းစွာ   ဖြေရှင်းသည့်  နည်းလမ်း များ၊ အယူအဆများနှင့် လုပ်ငန်းစဉ်များ အပေါ်  အခြေပြုမှု  အားနည်းသည်ကို တွေ့ရပါသည်။ ယင်းမှာ အစဉ်အဆက် အမြစ်စွဲနေသည့်   နိုင်ငံရေးဓလေ့များ၊ အစဉ်အလာများနှင့်    ယဉ်ကျေးမှုများ၏  တစ်စိတ်တစ်ပိုင်း   လွှမ်းမိုးမှုဟုလည်း ဆိုနိုင်ပါသည်။ 

မြန်မာနိုင်ငံ၏      ပဋိပက္ခများကို  လက်နက်ကိုင်တိုက်ခိုက်သည့် နည်းလမ်း များဖြင့်     အစဉ်အဆက်ဖြေရှင်းခဲ့ကြ သော်လည်း ယနေ့ထက်တိုင်  မပြေလည် နိုင်သေးသည်ကို           ကြည့်ခြင်းအားဖြင့် ပဋိပက္ခဖြေရှင်းသည့်      နည်းလမ်းများ အပေါ်  ပြန်လည်သုံးသပ်ကြရမည် ဖြစ်ပါ သည်။     အထူးသဖြင့်   လက်နက်ကိုင် တိုက်ခိုက်သည့်သံသရာမှ  ရုန်းထွက်၍ ငြိမ်းချမ်းစွာဖြေရှင်းသည့် ယဉ်ကျေးမှုသို့ 

ကူးပြောင်းရန်   စဉ်းစားချိန်  တန်ပါပြီ။  ထို့အပြင်       လက်နက်ကိုင်တိုက်ခိုက် ဖြေရှင်းခြင်းသည် ရှိရင်းစွဲပဋိပက္ခများကို မပြေလည်စေသည့်အပြင်        ယင်း၏ အကျိုးဆက်ကြောင့်  စီးပွားရေးအပေါ် ထိခိုက်ခြင်း၊ ပညာရေး၊  ကျန်းမာရေး၊  လူမှုရေးများကျဆင်းခြင်း၊ လူငယ်များ အတွက်  အနာဂတ်  ရည်မှန်းချက်များ ပျောက်ဆုံးခြင်းကဲ့သို့သော  ဘေးထွက် ဆိုးကျိုးများ ဆင့်ကာဆင့်ကာ ဖြစ်ပေါ် လျက်ရှိပါသည်။

လူမှုအသိုက်အဝန်း  အတွင်းတွင် ပဋိပက္ခများ၊ မတူကွဲပြားမှုများ ရှိနေခြင်း မှာ သဘာဝဖြစ်ပါသည်။ လူ့သဘောအရ ဖြစ်တတ်သည့်    ယင်းပဋိပက္ခများနှင့် မတူကွဲပြားမှုများကို   မည်သို့နားလည် လက်ခံ၍ ငြိမ်းချမ်းစွာ မည်သို့ဖြေရှင်း မည်ဆိုသည်က    လူမှုအသိုက်အဝန်း တစ်ခုလုံး၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး နှင့်     ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက်   ပို၍အရေးကြီးသော   စိတ် သဘောထားနှင့်  ခံယူချက်ဖြစ်ပါသည်။

အဖြစ်နိုင်ဆုံးမှစတင်

ငြိမ်းချမ်းမှု    တည်ဆောက်ရေးမှာ တစ်ဦးတစ်ယောက်၊    တစ်ဖက်တည်း တည်ဆောက်ရသော            လုပ်ငန်းစဉ် မဟုတ်ပါ။   နိုင်ငံအတွင်း  သက်ဆိုင်သူ အားလုံး      ပါဝင်၍    ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ခြင်းဖြင့်  လက်တွေ့ကျသော ငြိမ်းချမ်းရေး  ရလဒ်ဆီသို့     ဦးတည်သော   လုပ်ငန်းစဉ်    ဖြစ်ပါသည်။   ထို့အတူ   ညှိနှိုင်းဆွေးနွေးခြင်း၊  ပေါင်းစပ်အဖြေ ရှာခြင်းကဲ့သို့သော       ငြိမ်းချမ်းရေး       အကောင်အထည်ဖော်မှုဆိုင်ရာ လုပ်ငန်း စဉ်များဖြင့်သာ  ငြိမ်းချမ်းရေးခြေလှမ်းတို့    ရှေ့ဆက်နိုင်မည်ဖြစ်ပါသည်။ ငြိမ်းချမ်း ရေး   တည်ဆောက်ခြင်းသည်    နိုင်ငံ၏ အနာဂတ်       ဖွံ့ဖြိုးတိုးတက်ရေးအတွက်  အခြေခံအုတ်မြစ်ချခြင်း  ဖြစ်ပါသည်။ 

သတိပြုဖွယ်မှာ   ငြိမ်းချမ်းရေးသည် တစ်ဦးတစ်ယောက်  သို့မဟုတ်   တစ်ဖွဲ့ တည်း၏  စံပြုအဖြေကို ရှာဖွေဖော်ထုတ် ခြင်းမဟုတ်ဘဲ    အားလုံးလက်ခံသော   ဘုံအကျိုးစီးပွား သူနိုင်ကိုယ်နိုင် အဖြေကို ငြိမ်းချမ်းစွာ ရှာဖွေဖော်ထုတ်ခြင်း ဖြစ်ပါ သည်။ သို့ဖြစ်ရာ ငြိမ်းချမ်းရေးအတွက် ကိုယ်စီ ကိုယ်စီက စံပြုသတ်မှတ်  အခြေ အနေမှ  စတင်ခြင်းထက်   အဖြစ်နိုင်ဆုံး နေရာမှ   စတင်ခြင်းဖြင့်   ငြိမ်းချမ်းရေး လမ်းစများ ပွင့်လာနိုင်ပါသည်။ ထို့အတူ အခြေအနေအခွင့်အခါကောင်းကို စောင့် နေခြင်းထက်   အခြေအနေ  အခွင့်အခါ ကောင်းများကို ကိုယ်တိုင်က ဖန်တီးခြင်း က လက်တွေ့အကျိုးရှိမည် ဖြစ်ပါသည်။

အနာဂတ်ခရီး

နိုင်ငံ၏        ပြည်တွင်းပဋိပက္ခများ ကြာရှည်လာသည်နှင့်အမျှ နိုင်ငံအတွက် ဆိုးကျိုးများ    ပိုမိုများပြားလာမည်ကို သတိပြုဆင်ခြင်ကြရပါမည်။ ထိုဆိုးကျိုး များသည်  နိုင်ငံ၏အနာဂတ်ခရီးကိုလည်း ကောင်း၊ ပြည်သူလူထု၏ အကျိုးစီးပွားကို လည်းကောင်း   အကျိုးပြုမည်မဟုတ်ပါ။ အဆိုးသံသရာလည်ခြင်းဖြင့်သာ အခက် အခဲ  အကျပ်အတည်းများအကြား  ပို၍ နစ်မြုပ်သွားမည်    ဖြစ်ပါသည်။   ထို သံသရာမှ     လွတ်မြောက်ရန်ဆိုပါက          အတူတကွ လက်တွဲဖြေရှင်းခြင်းဖြင့်သာ အကျိုးရှိသော ရလဒ်နှင့် ကောင်းမွန်သော အနာဂတ်ကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပါသည်။