နေပြည်တော် ၂ မတ်
(၇)ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်၌ နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာနတွင် ကျင်းပခဲ့ပါသည်။အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အဆိုပါအစည်းအဝေးတွင် မွန်ပြည်သစ်ပါတီနှင့် လားဟူပါတီတို့ တက်ရောက်လာခြင်းသည် ငြိမ်းချမ်းရေးအတွက်သွေးသစ်လောင်းခြင်းဖြစ်ကြောင်း မှန်ကန်စွာထောက်ပြခဲ့ပါသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဤအစည်းအဝေးသို့တက်ရောက်လာသော ကိုယ်စားလှယ်အဖွဲ့တိုင်းအား ဆုံးဖြတ်ပိုင်ခွင့်ရှိသော ပုဂ္ဂိုလ်တို့က ဦးဆောင်မှသာလျှင် အောင်မြင်နိုင်မည်ကို မိန့်ကြားခဲ့သည့် အဖွင့် အမှာစကား၌ ပြောကြားခဲ့သည်မှာ ဆင်ခြင်သုံးသပ်စရာကိစ္စတစ်ရပ်ဖြစ်ပါသည်။ ဤမျှရိုးစင်းသော လုပ်ထုံးလုပ်နည်းအား လိုက်နာရန်ပျက်ကွက်ခဲ့ခြင်းအပေါ် အလေးအနက်ထား သုံးသပ်ရမည် ဖြစ်ပါသည်။ တစ်ဖွဲ့တည်းသွားချင်ရာကို သွားခြင်းသည် ငြိမ်းချမ်းရေးကို မရနိုင်၊ စုဖွဲ့ စုပေါင်းမှသာ ငြိမ်းချမ်းရေးရနိုင်သည်ဟူသော ရိုးစင်းသော်လည်း လိုက်နာရန်ခက်ခဲသည့်အချက်အပေါ် ပိုမိုအလေးအနက်ထားသုံးသပ်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နှိုးဆော်တိုက်တွန်းထားပါသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရန် အရေးအကြီးဆုံးအချက်သည် မိ်မိကိုယ်ကိုယ်ယုံကြည်မှုဖြစ်ကြောင်း òန်ပြသကဲ့သို့ မိမိကိုယ်ကိုယ်ယုံကြည်မှုဆိုသည်မှာ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် အောင်မြင်ရန်စွမ်းဆောင်နိုင်သော စွမ်းပကားရှိသည်ဟု မိမိကိုယ်ကိုယ်ယုံကြည်ခြင်းဖြစ်ကြောင်း ဖွင့်ဆိုရှင်းလင်းပြခဲ့ပါသည်။
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးလုပ်ငန်းစဉ်တို့အပေါ် နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ပါဝင်နေသော အစုအဖွဲ့တို့က ယုံကြည်မှု ရှိ၊ မရှိဟူသော မေးခွန်းတို့နှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ထောက်ပြခဲ့သောအချက်သည် ငြိမ်းချမ်းရေး လိုလားသောပုဂ္ဂိုလ်၊ အဖွဲ့အစည်းတိုင်းက အလေးအနက်ထားသုံးသပ်ရမည့်အချက် ဖြစ်ပါသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲပါဝင်လျက် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအား မည်ကဲ့သို့ ထူထောင်မည်ကို ပါဝင်ဆွေးနွေးမှသာ အမှန်တကယ်ယုံကြည်မှုရှိသည်၊ မရှိသည်ဆိုသည့် အချက်အပေါ် ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထောက်ပြခဲ့ခြင်းသည် သတိမမူ၊ ဂူမမြင် ဖြစ်နေခြင်းကို ထောက်ပြလိုက်ခြင်းဖြစ်ပါသည်။
အမိနိုင်ငံတော်နှင့် သင့်လျော်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ပါဝင်သော အဖွဲ့အစည်းအားလုံးကအပြန်အလှန် ညှိနှိုင်းဆွေးနွေးမှသာ ပုံဖော်တည်ဆောက်နိုင်မည်ဟူသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ မိန့်ကြားချက်သည် လှေနံဓားထစ်၊ စာအုပ်ကြီးသမားတို့၏ မှားလေ့ရှိသောအမှားကို ထောက်ပြလိုက်ခြင်းဖြစ်ပါသည်။
နိုင်ငံတော်အစိုးရ၏ ညှိနှိုင်းရေးအခန်းကဏ္ဍဆိုသည်မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သောအဖွဲ့အစည်းတို့က လိုလိုလားလားလက်ခံမှသာ အောင်မြင်နိုင်မည်ကိုလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ထောက်ပြခဲ့ပါသည်။ အနာဂတ်မျိုးဆက်သစ်တို့အတွက် ငြိမ်းချမ်းသောနိုင်ငံတော်ကြီးထူထောင်ခဲ့မည်ဟူသောအိပ်မက်ကို မက်ရန်လိုသကဲ့သို့ မက်ထားသောအိပ်မက်ကို အကောင်အထည်ဖော်နိုင်စွမ်းရှိရမည်ဟူသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ခံယူချက်သည် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက နှလုံးသွင်းရမည့် ခံယူချက်ဖြစ်ပါသည်။ သတ္တိ်ဟူသည် လုံ့လဝီရိယထုတ် အပင်ပန်းခံခြင်းဟူသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ခံယူချက်သည်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ပါဝင်သော ပုဂ္ဂိုလ်အဖွဲ့အစည်းတိုင်းကဆုပ်ကိုင်ရမည့် ခံယူချက် ဖြစ်ပါသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ကြုံတွေ့ရလျက်ရှိသော အခက်အခဲများအား ကျော်လွှားနိုင်ရန် တစ်ယောက်နှင့်တစ်ယောက် လက်တွဲကူညီဖေးမမှသာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်နိုင်မည်ဟူသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မိန့်ကြားချက်အပေါ် ပြည်ထောင်စုအကျိုး လိုလားသူတိုင်းက နှလုံးသွင်းရမည်ဖြစ်ကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။ ။
မြန်မာ့အလင်း