ငြိမ်းချမ်းရေးအတွက် ဝိုင်းဝန်းဆောင်ရွက်

၃ ဇူလိုင်

 

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ တတိယအစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၁ ရက်မှ ၁၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး လုပ်ငန်းကော်မတီ အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၄ ရက်မှ ၆ ရက်အထိ နေပြည်တော် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာနတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဇွန်လ ၂၉ ရက်တွင် ကျင်းပသည့် UPDJC အစည်းအဝေးမှ သတ်မှတ်ခဲ့သည်။

 

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးကို ၂၀၁၇ ခုနှစ် မေလတွင် ကျင်းပခဲ့ပြီးနောက် တစ်နှစ်ခန့်အချိန်တွင် တတိယအစည်းအဝေးကျင်းပရန် လျာထားခဲ့သည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် ညီလာခံကျင်းပချိန် နှောင့်နှေးခဲ့သော်လည်း အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှု တည်ဆောက်နိုင်ခဲ့သဖြင့် မကြာမီအစည်းအဝေးကျင်းပနိုင်တော့မည်ဖြစ်၍ ပြည်သူအားလုံး ဝမ်းမြောက်ကြမည်ဖြစ်သည်။

 

 

တတိယအစည်းအဝေး ကျင်းပနိုင်ရန်အတွက် အစိုးရနှင့် NCA ၌လက်မှတ်မရေးထိုးရသေးသည့် EAO များအကြားတွင် နိုင်ငံရေးဆိုင်ရာ အလွတ်သဘောအစည်းအဝေး သုံးကြိမ်၊ လုံခြုံရေးဆိုင်ရာ အလွတ်သဘောအစည်းအဝေး လေးကြိမ်ကျင်းပပြီး အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုတည်ဆောက်ခဲ့ခြင်းသည် ငြိမ်းချမ်းရေးခရီးအတွက် တွန်းအားတစ်ရပ်ပင်ဖြစ်သည်။ နှစ်ဖက်ဆွေးနွေးမှုများအရ ကျော်လွှားရမည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို မကြာမီကျင်းပတော့မည့် ညီလာခံတွင် ပွင့်ပွင့်လင်းလင်းဖြင့် လိုလားချက်များကို အမြင်ချင်းဖလှယ်ဆွေးနွေးကြမည်ဆိုလျှင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တစ်ဆင့်တက်လှမ်းနိုင်မည်ဖြစ်သည်။

 

 

နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအတွက် အလိုအပ်ဆုံးဆန္ဒမှာ ငြိမ်းချမ်းရေးဖြစ်ပြီး ငြိမ်းချမ်းရေးတွင် အရေးကြီးနေသည့် ဖက်ဒရယ်မူဝါဒချမှတ်နိုင်ရန် တစ်ဖက်နှင့်တစ်ဖက် အလျှော့အတင်းပြုလုပ်ပြီး သဘောတူညီချက်များ ရရှိစေမည့် နိုင်ငံရေးအခင်းအကျင်းများ ပေါ်ထွန်းလာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးနိုင်ရန် တိုက်တွန်းချင်ပါသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးအနေဖြင့်လည်း ငြိမ်းချမ်းရေးရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် လိုအင်ဆန္ဒများရှိနေကြမည် ဖြစ်သည်။

 

 

ယခုကျင်းပမည့် ညီလာခံသည် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၂) ချုပ်ဆိုရရှိရေးကို ဦးတည်သဖြင့် မူဝါဒနှင့်အဆိုပြုချက်များ ရရှိအောင် ဦးတည်ကြိုးပမ်းကြရမည်ဖြစ်သည်။ ထိုသို့ကြိုးပမ်းနိုင်ပြီးမှ နောက်ထပ်ကျင်းပမည့် (၂၁)ရာစုပင်လုံညီလာခံ အစည်းအဝေးသုံးကြိမ်တွင် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ချမှတ်နိုင်စေရန် ဖက်ဒရယ်အုတ်မြစ်ကို ခိုင်ခိုင်မာမာစိုက်ထူနိုင်ရန်အတွက် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောကြားထားသည်။ ထို့ကြောင့် နောင်လာမည့် ညီလာခံသုံးကြိမ်အပြီး အနာဂတ်အတွက် အခြေခံမူများပြီးပြတ်အောင် လာမည့်အစည်းအဝေးများတွင် ညှိနှိုင်းဆွေးနွေးပေးနိုင်လိမ့်မည်ဟု ထင်မြင်ပါသည်။ တတိယအကြိမ် ညီလာခံအကြို ညှိနှိုင်းအစည်းအဝေးများမှာ ငြိမ်းချမ်းရေးခရီးအတွက် အားရဖွယ်အခြေအနေကောင်းများ မြင်တွေ့နေရသည်။ ကျွမ်းကျင်မှုအင်အား၊ စုပေါင်းအင်အား၊ ညီညွတ်မှုအင်အားများဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်။

 

 

သို့ဖြစ်ရာ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် တစ်ဖက်နှင့်တစ်ဖက် နားလည်မှု၊ သည်းခံမှု၊ ယုံကြည်မှု၊ မေတ္တာထားမှုများဖြင့် ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြလိမ့်မည်ဟု ကြေးမုံက ယုံကြည်ပါသည်။

 

 

ကြေးမုံ