ဝါရှင်တန်    မတ်    ၂၆

ငြိမ်းချမ်းရေးဘုတ်အဖွဲ့ (Board of Peace) ၏ ဂါဇာဒေသဆိုင်ရာ  အဆင့်မြင့်ကိုယ်စားလှယ် နစ်ကို လေမာလာဒင်နော့က ကုလသမဂ္ဂလုံခြုံရေး ကောင်စီသို့ ဂါဇာဒေသနှင့်ပတ်သက်ပြီး ပထမဆုံး အကြိမ် အစီရင်ခံစာတစ်ရပ် တင်သွင်းခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂါဇာဒေသအတွင်း အသွင်ကူးပြောင်းရေး အုပ်ချုပ်ရေးကို ကြီးကြပ်ရန် အဆိုပါ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသ စီမံခန့်ခွဲရေး အမျိုးသားကော်မတီအဖွဲ့ဝင်များက ဂါဇာဒေသသို့ လာရောက် ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း မာလာဒင်နော့က ပြောကြားခဲ့သည်။

ပါလက်စတိုင်းအဖွဲ့ခွဲများအကြား သဘောတူညီမှုဖြင့် အတည်ပြုထားသော ပါလက်စတိုင်းနည်းပညာရှင် ဆယ့်ငါးဦးကလည်း ယခုအခါ ဂါဇာကမ်းမြောင်ဒေသအတွက် အသွင်ကူးပြောင်းရေးကာလ အရပ်သားအာဏာပိုင်အဖွဲ့အဖြစ် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း   ၎င်းက ပြောကြားသည်။

ကော်မတီက ဂါဇာတွင် တရားဥပဒေနှင့် လုံခြုံရေးကို ထိန်းသိမ်းရန်အတွက် အဓိကအင်အားဖြစ်လာမည့် ပါလက်စတိုင်း လူထုရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် လျှောက်ထားသူ ထောင်သောင်းပေါင်းများစွာကို စိစစ်ရွေးချယ်ရာတွင်လည်း ကောင်းမွန်သော တိုးတက်မှုများရရှိနေပြီဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အယ်လ်ဘေးနီးယား၊ အင်ဒိုနီးရှား၊ ကာဇက်စတန်၊ ကိုဆိုဗိုနှင့် မော်ရိုကိုတို့သည် နိုင်ငံတကာတပ်ဖွဲ့ တစ်ခု၏တစ်စိတ်တစ်ပိုင်းအဖြစ် တပ်ဖွဲ့များ စေလွှတ်ရန် ကတိပြုထားကြောင်း ၎င်းက ပြောကြား ခဲ့သည်။

အဆိုပါ နိုင်ငံတကာတပ်ဖွဲ့က ဟားမတ်စ်နှင့် အခြားအဖွဲ့များကို လက်နက်ဖြုတ်သိမ်းရန် ဆောင်ရွက်မည်ဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးကို တပ်ဖွဲ့ဝင်များစေလွှတ်ပေးရန်အတွက် မာလာဒင်နော့က တောင်းဆိုခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသ၏ အခြေခံအဆောက်အအုံ ၆၀ မှ ၇၀ ရာခိုင်နှုန်းအထိ ပျက်စီးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

ငြိမ်းချမ်းရေးဘုတ်အဖွဲ့သည် ဂါဇာကမ်းမြောင်ဒေသသို့ ကုန်ပစ္စည်းများသယ်ဆောင်လာသည့် ကုန်တင်ယာဉ်အရေအတွက် အမြန်ဆုံးတိုးလာစေရန်အတွက် အစ္စရေးအာဏာပိုင်များနှင့်  ဆွေးနွေးနေကြောင်း ၎င်းက ပြောကြားသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်