နေပြည်တော် ဇွန် ၁၅

 

တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးတို့အတွက် ရည်ရွယ်၍ ဧပြီ ၂၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန်ဖိတ်ခေါ်ခဲ့ရာ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ ဒုတိယဥက္ကဋ္ဌ(၁) ခွန်ထွန်းတင်ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ရောက်ရှိကြသည်။

 

အဆိုပါ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှဒုတိယဥက္ကဋ္ဌ(၁) ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် နေပြည်တော်ရှိ Horizon Lake View Resort သို့ ရောက်ရှိကြရာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ တိုင်းရင်းသား တိုင်းရင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ငြိမ်းချမ်းရေးကိုလိုလားသည့် ဒေသခံပြည်သူများက ထာဝရ ငြိမ်းချမ်းရေးကိုရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ဖြစ်သည်၊ ငြိမ်းချမ်းရေးရရှိ ရေးသည် နိုင်ငံသားအားလုံး၏ ဆန္ဒအမှန်ဖြစ်သည်၊ ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေးကြပါစို့၊ တိုင်းရင်းသားတွေစည်းလုံးမှ ငြိမ်းချမ်းတည်ငြိမ်အေးချမ်းရ စသည့် စာသားပါ ဆိုင်းဘုတ်များနှင့် နိုင်ငံတော်အလံငယ်များကို ကိုင်ဆောင်၍ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)