နေပြည်တော် ၁၂ ဧပြီ
င်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်တွင် ဒေသခံပြည်သူများနှင့် စကားဝိုင်းဖွဲ့ပြောဆိုခဲ့ပါသည်။ ဤစကားဝိုင်းကို ငြိမ်းချမ်းရေးစကားဝိုင်း (Peace Talk )ဟု ခေါင်းစဉ်တပ်ထားသည်မှာ နိုင်ငံတော်၏ အမျိုးသားရေးလိုအပ်ချက်ကို ထင်ဟပ်လိုက်ခြင်း ဖြစ်ပါသည်။
မြောင်းမြမြို့နယ်သည် နိုင်ငံတော်၌ ငြိမ်းချမ်းရေးရပြီး မြို့နယ်တစ်ခုဖြစ်ပါသည်။ ငြိမ်းချမ်းရေးရပြီးသော မြို့နယ်တစ်ခု၌ ငြိမ်းချမ်းရေး စကားဝိုင်းကျင်းပရခြင်းသည် ငြိမ်းချမ်းရေး၏ တန်ဖိုးကို မေ့မေ့လျော့လျော့ မဖြစ်စေရန် ဖြစ်ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော်၏တစ်နေရာ၌ ငြိမ်းချမ်းမှုမရှိပါက တစ်တိုင်းပြည်လုံးအတွက် ဆိုးကျိုးသက်ရောက်မှုရှိသည်ကို ထောက်ပြခဲ့ပါသည်။ မြောင်းမြမြို့နယ်အပါအဝင် တစ်နိုင်ငံလုံးရှိ ငြိမ်းချမ်းရေးရပြီး မြို့နယ်များအနေဖြင့် ဤအချက်ကို အလေးအနက်ထား နှလုံးသွင်းရမည်ဖြစ်ပါသည်။ ပို၍လေးလေးနက်နက်တင်ပြရပါက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ထောက်ပြသကဲ့သို့ တိုင်းပြည်၌ အဘယ်ကြောင့် ငြိမ်းချမ်းရေးမရသေးသည်ကို နိုင်ငံသူ နိုင်ငံသားတိုင်းက အလေးအနက် ဆင်ခြင်သုံးသပ်ကြရမည်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ငြိမ်းချမ်းရေးကိုသာ မဖန်တီးနိုင်ပါက ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို မတည်ဆောက်နိုင်သောကြောင့် ဖြစ်ပါသည်။ ဤသဘောတရားကို ရည်ညွှန်းလျက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ဒါပေမယ့် ကျွန်မတို့အားလုံး ဝိုင်းစဉ်းစားပြီး စုပေါင်းအင်အားနဲ့လုပ်မှ အောင်မြင်မယ်လို့ ယုံကြည်တယ်၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ မငြိမ်းချမ်းလို့မရဘူး၊ တစ်ခဏတော့ရမယ်၊ ဒါပေမယ့် ဒီနိုင်ငံမှာ ငြိမ်းချမ်းရေးမရှိရင် ဖွံ့ဖြိုးတိုးတက်မှုတွေဟာ ဆက်လက်ပြီးတော့အောင်မြင်နိုင်မှာ မဟုတ်ဘူး၊ တည်တံ့ခိုင်မြဲနိုင်မှာမဟုတ်ဘူး၊ ဖွံ့ဖြိုးတိုးတက်မှုမရှိဘဲနဲ့လည်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားလို့မရဘူး” ဟု မိန့်ကြားခဲ့ပါသည်။
တိုင်းပြည်၏ စီးပွားရေးဆုတ်ယုတ်ကျဆင်း၍ ပြည်သူလူထုဆင်းရဲ ဒုက္ခရောက်ပါက ငြိမ်းချမ်းရေးပျက်ပြားတတ်သကဲ့သို့ ကိုယ့်မြို့၊ ကိုယ့်ဒေသ၏ အကျိုးစီးပွားကိုသာကွက်၍ အမြင်ကျဉ်းကျဉ်း ဆောင်ရွက်ပါကလည်း ငြိမ်းချမ်းရေးပျက်ပြားတတ်သည်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထောက်ပြခဲ့ပါသည်။ နည်းပညာကြောင့် ကမ္ဘာ့ရွာဟုတင်စားရသည်အထိ ကမ္ဘာ့ပြည်သူများကြား ထိတွေ့ဆက်စပ်မှု မြန်ဆန်လှသော ပစ္စုပ္ပန်ကာလ၌ အမုန်းစကားတို့၏ အန္တရာယ်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထောက်ပြခဲ့ခြင်းအပေါ် ပြည်သူတိုင်းက အလေးအနက်ထား ဆင်ခြင်ကြရမည်ဖြစ်ပါသည်။ ပြည်သူတို့သည် အမုန်းစကားတို့၏ အန္တရာယ်ကို သတိပြုရမည်ဖြစ်သော်လည်း ကမ္ဘာနှင့်တစ်ဝန်း စက္ကန့်နှင့်အမျှ ပြောင်းလဲဖြစ်ပေါ်နေသော နည်းပညာတိုးတက်ပြောင်းလဲမှုတို့အပါအဝင် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စသော အခြေအနေအရပ်ရပ်ကိုသိမြင် သဘောပေါက်စေရန် အမြဲမျက်စိဖွင့်၊ နားစွင့်နေကြရမည်ဖြစ်ပါသည်။ ဤသို့မျက်စိဖွင့်၊ နားစွင့်နိုင်ရန် အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ရမည်ဟူသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်အပေါ် လူငယ်မျိုးဆက်သစ်တစ်ရပ်လုံးက နှလုံးသွင်းကြိုးပမ်းကြရမည်ဖြစ်ပါသည်။ အသက်မွေးဝမ်းကျောင်းပညာနှင့် လယ်ယာစိုက်ပျိုးရေးတို့သည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၏ အင်ဂျင်များသဖွယ် ဖြစ်နေသည်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထောက်ပြခဲ့ပါသည်။ ဤအချက်မှာလည်း လူငယ်မျိုးဆက်သစ်တို့ နှလုံးသွင်းဆင်ခြင်ရမည့် ကိစ္စရပ်ဖြစ်ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ထောက်ပြပြောဆိုခဲ့သည့် နောက်လိုက်ကောင်းမှ ခေါင်းဆောင်ကောင်းဖြစ်မည်ဟူသော သဘောသည်လည်းကောင်း၊ ပြည်သူတိုင်းက ဆောင်သင့် ဆောင်ထိုက်သော အခွန်တို့ထမ်းဆောင်မှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဟူသော သဘောသည်လည်းကောင်း ပစ္စုပ္ပန်ကာလ၏ အမျိုးသားရေးလိုအပ်ချက်များဖြစ်ပါသည်။ နိဂုံးချုပ်အနေဖြင့် ငြိမ်းချမ်းရေးစကားဝိုင်း၌ မိန့်ကြားခဲ့သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ညွှန်ပြချက်တို့ကို ပြည်သူတို့က နှလုံးသွင်းလိုက်နာခြင်းဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်တပ်တစ်အား ပါဝင်ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါကြောင်းလေးစားစွာ နှိုးဆော် တင်ပြအပ်ပါသည်။
မြန်မာ့အလင်း