အာရှပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံကင်းထောက်အဖွဲ့တို့ပူးပေါင်း၍ ‘ငြိမ်းချမ်းရေးစကားဝိုင်း’ (Dialouge For Peace Facilitator's Training) သင်တန်းကိုဇူလိုင် ၂၂ ရက်မှ ၂၅ ရက်အထိ နေပြည်တော် အားကစားရွာ (Gold Camp)၌ ဖွင့်လှစ်ခဲ့ရာ အဆိုပါ ငြိမ်းချမ်းရေးစကားဝိုင်း သင်တန်းနှင့်ပတ်သက်ပြီး အာရှပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ်မှ ပုဂ္ဂိုလ်များနှင့် သင်တန်း တက်ရောက်နေသည့် ထိုင်း၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ မလေးရှား၊ နီပေါ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တီမောလက်စ်တေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ ကင်းထောက်များ၊ မြန်မာနိုင်ငံ တက္ကသိုလ်၊ ကောလိပ်များမှ ကင်းထောက်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူငယ်များ၏ ရင်တွင်းခံစားချက်များကို တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ပါသည်။
ဒေါက်တာတင်ညို
(ကင်းထောက်ချုပ်၊ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ ချုပ်)
အာရှပစိဖိတ်ဒေသက နိုင်ငံတွေပါဝင်တဲ့ Dialouge for Peace Facilitator's Training သင်တန်းကို ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ်ရဲ့ ကြီးကြပ်မှုနဲ့ မြန်မာကင်းထောက်အဖွဲ့က အိမ်ရှင်အဖြစ်ကျင်းပရတာ အလွန် ဂုဏ်ယူဖွယ်၊ စိတ်လှုပ်ရှားဖွယ်ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရက ငြိမ်းချမ်းရေးကို ဦးစားပေး ကြိုးပမ်း နေချိန်နဲ့လည်း အချိန်ကိုက်ဖြစ်ပါတယ်။ မကြာမီရက်ပိုင်းက “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစု ပင်လုံ တတိယအစည်းအဝေး”ကို အောင်မြင်စွာကျင်းပခဲ့ပြီး သဘောတူညီချက်တွေရရှိခဲ့လို့ လက်ရှိ နိုင်ငံတော်ရဲ့ ဖြစ်စဉ်အတွက် ယခုသင်တန်းက အချိန်ကိုက် အခါကောင်းဖြစ်ပါတယ်၊ ကင်းထောက် ခေါင်းဆောင်ကြီး လော့ဒ်ဗေဒင်ပါဝယ် ပြုစုခဲ့တဲ့ ‘Rovering to success’ စာအုပ်မှာ ‘မြန်မာတို့ သည်ကမ္ဘာပေါ်၌ အပျော်ရွှင်ဆုံး လူမျိုးတစ်မျိုးဖြစ်သည်’ဟု မှတ်ချက်ပေးခဲ့တာဟာ မြန်မာတို့ ဂုဏ်ယူတန်ဖိုးထားဖွယ်ရာ ဖြစ်ရတာကို မြန်မာကင်းထောက်တွေရဲ့ ကြိုးပမ်းမှုတွေနဲ့ ပြန်လည်ထိန်းသိမ်း နိုင်မယ်လို့ ယုံကြည်ပါတယ်။ လော့ဒ်ဗေဒင်ပါဝယ်က ‘ကမ္ဘာကြီးကိုယခုသင်တွေ့ရသည်ထက် ကောင်းအောင် ချန်ထားရစ်ပါ’ ဆိုတဲ့ မှာကြားချက်ကလည်း ကင်းထောက် အားလုံးကမိမိတို့ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်ဖို့တာဝန်အဖြစ် ကျင့်သုံးရမှာဖြစ်ပါတယ်။ သို့မှသာ မိမိတို့ရဲ့ အခန်းကဏ္ဍကို ပိုမိုပီပြင်လာစေနိုင်မှာ ဖြစ်ပါတယ်၊ နိုင်ငံတကာ ကင်းထောက်တွေ၊ အတွေ့အကြုံရင့်ကျက်သူတွေနဲ့ တွေ့ဆုံခိုက်မိမိအတွက်နဲ့ နိုင်ငံအတွက် အကောင်းဆုံး ကြိုးစားလေ့လာခြင်းဖြင့် အများပြည်သူတောင့်တနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အရည်အသွေးမြင့်မားတဲ့ ကူညီပံ့ပိုးသူတွေ၊ သံတမန်တွေဖြစ်လာလိမ့်မယ်လို့ ယုံကြည်မိပါတယ်။
Professor Peter Blatch (ကမ္ဘာ့ကင်းထောက်အဖွဲ့ ကော်မတီဝင်)
ကမ္ဘာ့ကင်းထောက် အဖွဲ့ချုပ်ရဲ့ကြီးကြပ်မှုနဲ့ အာရှပစိဖိတ်ကင်းထောက်အဖွဲ့က တာဝန်ခံပြီးမြန်မာနိုင်ငံက လက်ခံကျင်းပတာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဦးစားပေးဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို ပိုမိုမြင့်မားစေနိုင်တယ်လို့ ခံယူမိပါတယ်။ ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ်အနေနဲ့ အာရှပစိဖိတ်ဒေသမှာ ပထမဆုံးစီစဉ်တဲ့ သင်တန်းကို မြန်မာနိုင်ငံက လက်ခံပြီး မြန်မာကင်းထောက်အဖွဲ့နဲ့အတူ ကျင်းပခွင့်ပြုတဲ့ မြန်မာအစိုးရကို အထူးကျေးဇူးတင်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ကြုံတွေ့နေကြတဲ့ ပဋိပက္ခတွေရဲ့ အရင်းအမြစ်ဟာ ငြိမ်းချမ်းရေးအပေါ် တည်မှီနေပါတယ်။ ကမ္ဘာ့ကင်းထောက်ကြီး ဗေဒင်ပါဝယ်က ငြိမ်းချမ်းရေးအစ မိမိက (Peace begins with me) ဟု အဆိုရှိခဲ့တာဟာ အခြေခံအမှန်တရား ဖြစ်ပါတယ်။ ကင်းထောက်တွေရဲ့ မွေးရာပါလာရမယ့် အရည်အသွေး ဖြစ်ပါတယ်၊ တစ်ဖန် ဗေဒင်ပါဝယ်က ပြောခဲ့တဲ့အဆိုအမိန့်တစ်ခုကို မှတ်သားမိမယ်ထင်ပါတယ်။ ယင်းမှာ ‘ကင်းထောက်စိတ်ဓာတ်အပြည့်ဖြင့် ကင်းထောက်ကတိ၊ ကင်းထောက်ကျင့်ဝတ်များကို အမှန်တကယ် ကျင့်သုံးနိုင်လျှင်ပဋိပက္ခများ၊ စစ်ပွဲများ ဖြစ်လာနိုင်ဖွယ်မရှိကြောင်း’ ဟူ၍ ဖြစ်ရာကင်းထောက်တွေဟာ ခံယူထားတဲ့ကတိ၊ ကျင့်ဝတ်တွေကို လေးစားကျင့်သုံးတာဟာ မိမိတို့ဒေသကို ငြိမ်းချမ်းသာယာတဲ့ ဒေသအဖြစ် ဖန်တီးနိုင်မယ်လို့ လေးနက်စွာခံယူပြီး ဤသင်တန်းမှ ရရှိလာတဲ့ အတွေ့အကြုံတွေကိုလက်တွေ့ကျင့်သုံးကာ အခြားသူတစ်ပါး ကိုပါ ဖြန့်ဝေပေးရမှာဖြစ်ပါတယ်။ အခုအခါ တစ်ကမ္ဘာလုံးမှာရှိတဲ့ ကင်းထောက်အင်အား သန်း ၅၀ ကျော်က ငြိမ်းချမ်းရေးသံတမန်တွေအဖြစ် နာရီပေါင်း သန်း ၁၀ဝဝ ကျော်အလုပ်အကျွေးပြု ပါဝင်ဆောင်ရွက် လာတာဟာ အလွန်ဂုဏ်ယူဖွယ်ဖြစ်ပါတယ်။ ဒါကြောင့် အခု သင်တန်းသားတွေဟာ မိမိတို့သင်ယူရမယ့် အတွေ့အကြုံတွေကို အကောင်းဆုံးအသုံးချပြီး မိမိတို့နိုင်ငံအသီးသီးမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ပြန်လည်အကျိုးပြုကြဖို့ တိုက်တွန်းလိုပါတယ်။
Mr. J.Rizal C. Pangilinan
(ညွှန်ကြားရေးမှူး၊ အာရှပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့)
မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ဟာအချိန်တိုအတွင်း နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ မြန်မာနိုင်ငံကင်းထောက်အဖွဲ့က တာဝန်ရှိသူတွေ ကြိုးပမ်းမှုနဲ့ ကမ္ဘာ့ကင်းထောက်အဖွဲ့ဝင်နိုင်ငံအဖြစ် ဂုဏ်ယူစွာနဲ့ ဖြစ်ပေါ်ခဲ့တာကို မိမိတို့အာရှပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့နဲ့ ကမ္ဘာ့ကင်းထောက် အဖွဲ့ချုပ်တို့က များစွာဂုဏ်ပြုချီးကျူးပါတယ်။ မြန်မာနိုင်ငံကင်းထောက်အဖွဲ့မှ ယခုကဲ့သို့ ငြိမ်းချမ်းရေး စကားဝိုင်းသင်တန်းကို အားတက်သရောပါဝင်ကာ လက်ခံကျင်းပပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မိမိအနေနဲ့ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ရဲ့ ပြန်လည်စတင်လာတဲ့ ကင်းထောက်လုပ်ငန်းတွေအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းတွေက ပူးပေါင်းပါဝင်မှုနဲ့အလုပ်ရုံ ဆွေးနွေးပွဲတွေ၊ သင်တန်းတွေ၊ ပြည်ပနိုင်ငံ အသီးသီးသို့ လေ့လာရေးခရီးစဉ်တွေကို နိုင်ငံတကာအသိုင်းအဝိုင်းမှ ပါဝင်အကူအညီပေးရတဲ့အတွက် ဝမ်းမြောက်မိပါတယ်၊ ရှေ့ဆက်ပြီး မြန်မာကင်းထောက်အဖွဲ့က ကင်းထောက်လူငယ်တွေ၊ သက်ကြီးဝါရင့် ကင်းထောက်ကြီးတွေ ပူးပေါင်းပြီးအခုလို စဉ်ဆက်မပြတ် ကင်းထောက်လုပ်ငန်းတွေကို နိုင်ငံတကာ ကင်းထောက်အဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင်းပါဝင် ဆောင်ရွက်မယ်လို့ ယုံကြည်ပါတယ်။
Lim Jae Yeon (ကိုရီးယားနိုင်ငံ ကင်းထောက်)
မြန်မာနိုင်ငံမှာပြုလုပ်တဲ့ ငြိမ်းချမ်းရေးစကားဝိုင်းသင်တန်းမှာ အတွေ့အကြုံတွေ အများကြီးရပါတယ်။ မြန်မာနိုင်ငံက တက္ကသိုလ်ကင်းထောက်တွေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေကလူငယ်တွေကိုလည်း တွေ့ဆုံ ခင်မင်ရလို့မြန်မာနိုင်ငံက လူငယ်တွေရဲ့ ငြိမ်းချမ်းရေးအပေါ် သဘောထားတွေနဲ့ ချစ်ကြည်ရင်းနှီးမှုမှာ တန်ဖိုးမဖြတ်နိုင်ပါဘူး။ ဒါ့အပြင် အခြားနိုင်ငံတကာမှ ကင်းထောက်တွေနဲ့လည်း တွေ့ရလို့ ဆက်သွယ်မှု၊ ကျွမ်းကျင်မှုနဲ့ ကင်းထောက်လုပ်ငန်း၊ အရည်အသွေးတွေ တိုးတက်လာမယ်လို့ထင်ပါတယ်။ မြန်မာနိုင်ငံကို သင်တန်း တက်ရောက်ဖို့ ရောက်ရှိလေ့လာရလို့နောင်အခါ မြန်မာနိုင်ငံအတွက် ကူညီပံ့ပိုးသူတစ်ဦး၊ ကူညီနိုင်သူကောင်း တစ်ယောက်ဖြစ်မယ်လို့ထင်ပါတယ်။ မြန်မာနိုင်ငံအတွက်၊ ကမ္ဘာသူ ကမ္ဘာသား တွေအတွက် ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ကျယ်ပြန့်တဲ့အမြင်တွေရမယ်လို့ မျှော်လင့်မိပါတယ်။
Muhammad Haziq Bin Mohad Ali
(စင်ကာပူနိုင်ငံ ကင်းထောက်)
ငြိမ်းချမ်းရေးစကားဝိုင်းသင်တန်းက ကျွန်တော့်အတွက် ကောင်းမွန်တဲ့အခွင့်အလမ်းပါ။ အကျိုးရှိတဲ့သူ တစ်ယောက်အဖြစ် မြန်မာနိုင်ငံနဲ့နိုင်ငံတကာက ကင်းထောက်လူငယ်တွေနဲ့အတူ ငြိမ်းချမ်းရေးရဲ့ သံတမန်ကောင်း တစ်ယောက်အနေနဲ့ ဖြစ်နိုင်မယ့် ကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ဒီသင်တန်းက ရရှိပါတယ်။ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့နဲ့ ကမ္ဘာ့ကင်းထောက်အဖွဲ့၊ အာရှပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့တွေ ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံက ဖွင့်လှစ်ခွင့်ပေးလို့ ကျွန်တော်သာမက အခြားနိုင်ငံတကာ ကင်းထောက်တွေ အတွက်များစွာ အကျိုးရှိပြီး မြန်မာနိုင်ငံကင်းထောက်အဖွဲ့ကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော့်အနေနဲ့ အခုသင်တန်းကရရှိတဲ့ သင်ခန်းစာတွေကို ကမ္ဘာ့ပြည်သူတွေနဲ့ စင်ကာပူနိုင်ငံသူ နိုင်ငံသားတွေ ငြိမ်းချမ်းရေးအတွက် ပြန်လည်သင်ကြားပြသပြီး သူတို့တွေနဲ့အတူလက်တွဲပြီး ကောင်းမွန် ငြိမ်းချမ်းသော ကမ္ဘာကြီးဖြစ်အောင် ထူထောင်ကြိုးစားသွားမှာဖြစ်ပါတယ်။
Muth Pouvputhpor
(ကမ္ဘောဒီးယားနိုင်ငံ ကင်းထောက်)
အခုသင်တန်းက ကမ္ဘာသူ ကမ္ဘာသားတွေ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့အတွက် သိပ်ကိုကောင်းမွန်တဲ့ သင်တန်းလေး ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးနိုင်ငံတကာမှ ကျွမ်းကျင်တဲ့ ဝါရင့်ကင်းထောက်တွေက သူတို့ရဲ့အတွေ့အကြုံတွေထဲက ငြိမ်းချမ်းရေးအတွက် အဓိကကျတဲ့ အချက်တွေကိုသင်ကြားပြသ ဆွေးနွေး မှုတွေက ကျွန်တော်တို့အတွက် တန်ဖိုးမဖြတ်နိုင်ပါဘူး။ အခုသင်တန်း ကာလရက်တိုအတွင်းမှာ မြန်မာနိုင်ငံမှာရှိတဲ့တက္ကသိုလ် ကင်းထောက်တွေ၊ ဒေသခံလူငယ်တွေနဲ့ နိုင်ငံတကာမှ လူငယ်တွေက မြန်မာနိုင်ငံနဲ့ နိုင်ငံတကာမှ ပြည်သူပြည်သားတွေရဲ့ အရေးကြီးတဲ့လူနေမှုပုံစံ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့တွေကို အချင်းချင်း စိတ်ပါဝင်စားစွာ ပြန်လည်မျှဝေကြပါတယ်။ ဒါ့အပြင်နိုင်ငံတကာ ကင်းထောက်လူငယ်တွေ အချင်းချင်း ပြည်သူ ပြည်သားတွေ ငြိမ်းချမ်းရေးအတွက် မိမိတို့ရဲ့ စိတ်ကူးဉာဏ်စွမ်းတွေနဲ့ ဆောင်ရွက်မယ့် လုပ်ငန်းတွေကို ဆွေးနွေးကြပါတယ်။ မည်သည့်အချိန်မဆို အချင်းချင်း ရိုင်းပင်းကူညီကြဖို့ကိုလည်း ဆွေးနွေးကြပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအနေနဲ့ ငြိမ်းချမ်းရေးအပေါ်စိတ်ဝင်စားမှု၊ လှုပ်ရှားမှု တွေကိုလည်း အားကျဖွယ်တွေ့ရှိရပြီး မြန်မာနိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးအတွက်နိုင်ငံတကာနဲ့ ကောင်းမွန်တဲ့ အနာဂတ်ကို ပူးပေါင်းဆောင်ရွက်မယ့် အလားအလာတွေ ရရှိမယ်လို့မျှော်လင့်ပြီး မြန်မာနိုင်ငံကို ငြိမ်းချမ်းရေး သံတမန်ကောင်းတစ်ယောက်အနေနဲ့ နောက်ထပ်လာချင်ပါသေးတယ်။
Lim Ee Yeng (မလေးရှားနိုင်ငံ ကင်းထောက်)
ယခုသင်တန်းက မိမိတို့အတွက်ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး မျက်စိဖွင့်ပေးတဲ့သင်တန်း၊ နားလည်မှုတွေ ပဋိပက္ခဖြစ်မှုတွေ၊ ငြိမ်းချမ်းရေးတည်ဆောက်မှုတွေနဲ့ ယဉ်ကျေးမှုအသီးသီးအတွက် ပိုမိုနက်ရှိုင်းတဲ့ နားလည်မှုတွေရလာမယ်လို့ ယူဆပါတယ်။ အခုသင်တန်းရဲ့ အမြင်တွေထဲက တစ်ခုတည်းသောအမြင်က လူသားတွေနဲ့ ၎င်းတို့ရဲ့ နေထိုင်ရာဒေသပါပဲ။ ယခုသင်တန်းမှာ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ တိုင်းပြည်တွေရဲ့ မတူကွဲပြားမှုတွေကို အတွေ့အကြုံရယူနိုင်ဖို့ ထူးခြားတဲ့ အခွင့်အလမ်းတစ်ခုလို့ မြင်ပါတယ်။ သင်တန်းကနေပြီး ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့ဆိုင်ရာ အပြုသဘောဆောင်တဲ့ စကားဝိုင်းမျိုးကို တွန်းအားပေးတဲ့ သင်တန်းအသွင်ဆောင်တယ်လို့ ထင်မြင်ပါတယ်။ အမှန်မှာ ငြိမ်းချမ်းရေး စကားဝိုင်းနဲ့ ကင်းထောက်တွေ အကြား ပူးပေါင်းဆောင်ရွက်မှုဟာ ကင်းထောက်တွေအတွက်သာမက တစ်ကမ္ဘာလုံးနဲ့ လူသားအဖွဲ့အစည်း တွေအတွက် ရလဒ်ကောင်းတစ်ခုပါပဲ။ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်တဲ့ နေရာတစ်ခုအသွင်အဖြစ် အတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။
ထူးထူးမော်
(ပင်လုံတက္ကသိုလ် ကင်းထောက်)
အခု ငြိမ်းချမ်းရေးစကားဝိုင်းသင်တန်းကနေ စိတ်ဝင်စားစရာတွေအများကြီး တွေ့ရပါတယ်။ သင်ကြားပို့ချ ပေးတဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့မှ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့ နိုင်ငံတကာမှ ဝါရင့်ပညာရှင်တွေက သင်ကြားမှုကို နိုင်ငံတကာ ၁၃ နိုင်ငံမှကင်းထောက်တွေနဲ့အတူ မြန်မာနိုင်ငံက ပါဝင်တက်ရောက်ခွင့်ရလို့ များစွာဂုဏ်ယူရပါတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် နိုင်ငံတကာမှ သင်ကြားပို့ချတဲ့ နည်းလမ်းကောင်းတွေနဲ့အတူ မြန်မာနိုင်ငံနဲ့ကိုက်ညီမယ့် နည်းလမ်းတွေကို သင်ယူပြီး ကိုယ့်ဒေသ ကိုယ့်နိုင်ငံ တိုးတက်ဖွံ့ဖြိုးဖို့အတွက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ယခုသင်တန်းမှာ နိုင်ငံတကာလူငယ်တွေအချင်းချင်း အတွေ့အကြုံတွေရရှိပြီး မိမိတို့နိုင်ငံအတွက် ငြိမ်းချမ်းရေးရရှိဖို့ တစ်ဖက် တစ်လမ်းက ပြည်သူတွေနဲ့အတူ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။
စလူမင်း
(ကရင်ပြည်နယ် ဒေသခံလူငယ်)
မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့နဲ့ ကမ္ဘာ့ကင်းထောက်အဖွဲ့တို့ ပူးပေါင်းပြီးယခုသင်တန်းကို တက်ရောက်ရလို့ ငြိမ်းချမ်းရေးကို လိုလားတဲ့လူငယ်တစ်ဦးအနေနဲ့ အကျိုးအမြတ်များစွာရရှိပါတယ်။ နိုင်ငံအသီးသီးမှ ငြိမ်းချမ်းရေးအပေါ်မှာထားရှိတဲ့ သဘောထားအမြင်ကို သိမြင်ခွင့်ရပါတယ်။ ငြိမ်းချမ်းတဲ့ လူ့ဘောင် အဖွဲ့အစည်းကို မျှော်မှန်းကာ စတင်ပြောင်းလဲလာပြီဖြစ်တဲ့ မိမိတို့နိုင်ငံတော်အတွက်၊ နိုင်ငံသားတိုင်းအတွက် ကောင်းမွန်ပြည့်စုံတဲ့ ဗဟုသုတတွေရရှိစေဖို့အလို့ငှာ မျှဝေပေးသော ယခုသင်တန်း အစီအစဉ်ကိုတစ်ဖက် တစ်လမ်းမှ တက်ရောက် ပူးပေါင်းပါဝင်ကာ သင်ယူခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ ယဉ်ကျေးမှု မတူကွဲပြားတဲ့ လူသားအားလုံး အလိုရှိတာက ငြိမ်းချမ်းရေးဖြစ်ပြီး ထိုငြိမ်းချမ်းရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ့် နည်းလမ်းကောင်း နည်းလမ်းမှန်တွေကိုလည်း မျှဝေသိရှိစေနိုင်မယ့် သင်တန်းဖြစ်တယ်လို့ ထင်မြင်မိပါတယ်။
ဆုမြတ်ဝန်း
(ဒဂုံတက္ကသိုလ် ကင်းထောက်)
မိမိကိုယ်တိုင်မှစတင်၍ မိမိရဲ့ပတ်ဝန်းကျင်အတွက် ငြိမ်းချမ်းရေးကို ပိုမိုအကောင်အထည်ဖော်နိုင်ရန် ယခုသင်တန်းမှ သင်ခန်းစာများ ရရှိပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှ ဝါရင့်သင်တန်းနည်းပြ ဆရာများက စာတွေ့လက်တွေ့ သင်ကြားပေးလို့ ငြိမ်းချမ်းရေးရဲ့ အရေးကြီးပုံ၊ ငြိမ်းချမ်းရေးအတွက် ရယူရမယ့် နည်းလမ်းတွေကို ပိုမိုသိလာရပြီး ဗဟုသုတတွေလည်း ရရှိပါတယ်။ နိုင်ငံတကာကင်းထောက် လူငယ်တွေနဲ့ တွေ့ဆုံဆွေးနွေးရတဲ့ အတွက်လည်း ငြိမ်းချမ်းရေးလုပ်ငန်းအပြင် ကင်းထောက်လုပ်ငန်းတွေကိုလည်း အတွေ့အကြုံကောင်းတွေရပြီး နိုင်ငံမတူတဲ့သူတွေနဲ့ရင်းနှီးခင်မင် ယဉ်ကျေးမှုအမြင်တွေ၊ အတွေးအမြင် တွေကိုလည်း ဖလှယ်နိုင်ပါတယ်။ အခုသင်တန်းမှာ အကောင်းဆုံး ကြိုးစားလေ့လာပြီး မြန်မာနိုင်ငံငြိမ်းချမ်းရေး အတွက် စွမ်းစွမ်းတမံကြိုးစားဆောင် ရွက်သွားမယ်လို့ ရည်ရွယ်ထားပါတယ်။
ဟိန်းထက်အောင်
(ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကင်းထောက်)
ပထမဦးဆုံးအိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းသင်တန်းမှာ နိုင်ငံတကာ ကင်းထောက် တွေနဲ့ မြန်မာနိုင်ငံကင်းထောက်တွေ တွေ့ဆုံဆွေးနွေးတဲ့ပွဲလို့လည်း ခေါ်ဆိုနိုင်ပါတယ်။ အခုသင်တန်းမှာ နိုင်ငံတကာရင်းနှီးမှုနဲ့ လူငယ်ထုအတွင်းတန်ဖိုးတွေ မျှဝေရာမှာ စူးစမ်းရှာဖွေနိုင်မှုတွေလည်း ရရှိပါတယ်။ ဒါ့အပြင်ဘာသာရေး၊ ယဉ်ကျေးမှု၊ မျိုးဆက်စတဲ့အပိုင်းတွေကို သင်ယူရပြီးတိုးတက်တဲ့ ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးနဲ့ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးကိုဦးတည်သော တန်ဖိုးတွေကိုရရှိပါတယ်။ ယုံကြည်မှု၊ လူမျိုး၊ အသက်ကိုပဓာနမထားဘဲ အပြုသဘောဆောင်တဲ့ ယခုသင်တန်းများမှ လူသားအချင်းချင်း လေးစားလာမှာ ဖြစ်ပါတယ်။ယနေ့က္ဘာမှာ ငြိမ်းချမ်းရေး လိုအပ်ချက်နဲ့ ငြိမ်းချမ်းရေး စကားဝိုင်းတန်ဖိုးတွေ မြင့်တက်လာမှာ ဖြစ်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အခုသင်တန်းက တစ်ထောင့်တစ်နေရာ တစ်တပ်တစ်အား ကူညီဆောင်ရွက်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ။
ဦးလတ်(ကင်းထောက်ကြီး)