ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကြားမှာ နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်ခဲ့ရသည့် မြန်မာပြည်သူ လူထုအဖို့ ငြိမ်းချမ်းရေး မည်မျှလိုလားသည်ဆိုခြင်းကို မည်သို့သောနည်းဖြင့် ဖော်ပြရန်ဖြစ်စေ အဆင်သင့် ရှိနေကြသည်။ ပြည်တွင်းပဋိပက္ခများဟု ဆိုရာ၌ လက်တွေ့စစ်ပွဲများဖြစ်ပွားနေသည့် ဒေသများကို မဆိုထားဘိ စစ်ဖြစ်မနေသော ဒေသများမှာပါ စစ်ပွဲများ၏ ဂယက်ကြောင့် အေးချမ်းလုံခြုံမှုမရှိခြင်းက ပြည်သူတို့ အတွက် စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်နေပါသည်။

ငြိမ်းချမ်းရေးဟူရာ၌ အဓိကအားဖြင့် ပြည်သူတို့၏ဘဝများလုံခြုံမှု ရှိချင်ကြခြင်းက အရေးကြီးဆုံးဖြစ်ပါသည်။ သည့်အတွက် တစ်နိုင်ငံလုံးလွှမ်းခြုံ၍ ဥပဒေစိုးမိုးမှု ရှိရေးကလည်း အခြေခံလိုအပ်ချက် ဖြစ်ပါသည်။ လူလူချင်း မတရားဖိနှိပ်မှုများ၊ အကြမ်းဖက်မှုများ၊ လူမှုအဖွဲ့အစည်းအတွင်းက မည်သို့သော လူ့အခွင့်အရေး ချိုးဖောက်မှုမျိုးကိုမဆို တားဆီးနိုင်စွမ်းရှိခြင်း၊ ဥပဒေအရ ထိရောက်စွာ အရေးယူ အပြစ်ပေးနိုင်စွမ်းရှိခြင်းတို့က ငြိမ်းချမ်းရေးဟုဆိုလျှင် မဖြစ်မနေပါဝင်ရမည့် အခြေခံများ ဖြစ်ပါသည်။

အဂတိလိုက်စားမှု၊ ဘက်လိုက်မှု၊ လာဘ်ပေးလာဘ်ယူမှု စသည်တို့က ဥပဒေစိုးမိုးရေး ယန္တရားတစ်ခုလုံးကို မည်မျှယိုင်နဲ့စေ နိုင်သည်ဆိုတာကို ဖြတ်သန်းခဲ့ရသော နှစ်ကာလများကိုထောက်၍ သိခဲ့ကြပြီး ဖြစ်ပါသည်။ 

ဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ရာ၌ စစ်ပွဲများဖြစ်ပွားနေခြင်း မရှိသည့် ဒေသများတွင်ပင် မတရားမှု များကို ကာကွယ် တားဆီးနိုင်ဖို့ အတော်ပင်အားစိုက်ကိုင်တွယ်နေရသည်ဖြစ်ရာ စစ်ပွဲများဖြစ်ပွားနေသည့် ဒေသများဆိုပါက မည်မျှလောက် ပိုမိုခက်ခဲမည်ဆိုသည်ကို မြင်ယောင် ကြည့်နိုင်ပါမည်။ ထို့ကြောင့်ပင် စစ်ပွဲများရပ်စဲကာ တစ်နိုင်ငံလုံးရှိ ပြည်သူတို့၏ လုံခြုံအေးချမ်း စွာနေနိုင်ရေးကို ညီညီညွတ်ညွတ်ဖြင့် ဆွေးနွေး ညှိနှိုင်းသည့် နည်းဖြင့် ရှာဖွေနေကြခြင်းဖြစ်ပါ၏။

မြန်မာနိုင်ငံ၏ သမိုင်းကိုလည်ပြန်ကြည့်ပါက ပြည်ထောင်စုသား တိုင်းရင်းသားတို့ စည်းလုံးညီညွတ်မှု ရှိခဲ့သည့် ကာလများ၏ အောင်မြင်မှု၊ အေးချမ်းမှုတို့က ထင်ရှားသော ပြယုဂ်များဖြစ်ပါ၏။ ပြည်ထောင်စုသား တိုင်းရင်းသားတို့အကြား လက်မှတ်ရေးထိုး ခဲ့ကြသည့် ပင်လုံစာချုပ်ဟူသည့် သဘောတူညီချက်တို့တွင် ညီညွတ်ရေးစိတ်ဓာတ်များ၊ မေတ္တာတရား၊ နားလည်စာနာမှု၊ မိမိတစ်ကိုယ်တည်း သို့မဟုတ် မိမိတို့ လူမျိုးစုတစ်ခုတည်းအတွက် မဟုတ်ဘဲ ပြည်ထောင်စုသားအားလုံး၏ တန်းတူညီမျှ အကျိုးစီးပွားကို ရှေးရှုမှုစသည့် အနှစ်သာရများ ပါဝင်နေသည်ကို တွေ့ရပါမည်။

ပင်လုံစာချုပ်က ပြီးပြည့်စုံသည့် ပြည်ထောင်စုဖက်ဒရယ်မူကို မဖော်ညွှန်းနိုင်ခဲ့သော်လည်း ပြည်ထောင်စု စိတ်ဓာတ်ဆိုသည်ကို အခြေခံနိုင်ရန်အတွက် မျိုးစေ့ချပေးနိုင်ခဲ့သည်ကား အမှန်ပင်ဖြစ်ပါ၏။ သို့သော်လည်း လွတ်လပ်ရေးမရမီ ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ကြီးများ လုပ်ကြံခံရပြီးသည့်နောက်တွင် အမျိုးသား လွတ်မြောက်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲများကို အတူတကွ လက်တွဲရင်ဆိုင်ခဲ့ကြသော ရဲဘော်ရဲဘက် ပြည်ထောင်စုသား ညီအစ်ကိုမောင်နှမများ အချင်းချင်း စုစည်းနိုင်မှု မရှိခဲ့ခြင်းကြောင့် ဒီမိုကရေစီမဲ့သော အုပ်ချုပ်ရေးစနစ် တို့ခေါင်းထောင်ထလာခဲ့ပြီး တိုင်းပြည်ဒုက္ခတွင်းထဲသို့ ကျရတော့သည်။

ဒီမိုကရေစီမဲ့သော အစိုးရအဆက်ဆက်လက်ထက်တွင် တောင်ပေါ်သောမြေပြန့်သော မကွဲမပြား ပြည်ထောင်စုသား အားလုံးတို့ ဖိနှိပ်မှုမတရားမှုတို့ကို အတူတကွ ခံစားခဲ့ကြရသည်။ ယနေ့ကာလ ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်ရှိလာပြီး နိုင်ငံပြန်လည် ထူထောင်ရေးနှင့် ပြည်သူတို့လုံခြုံငြိမ်းချမ်းရေးကို တည်ဆောက်နေချိန်၌ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တန်းတူညီမျှမှုကို လိုလားကြသော ပြည်ထောင်စုသားအားလုံးတို့၏ ညီညွတ်ရေးအင်အားကသာ အောင်မြင်မှုပန်းတိုင်ဆီသို့ သယ်ယူသွား နိုင်မည်ဟု ယုံကြည်ပါကြောင်း။
(မြန်မာ့အလင်း)