ရန်ကုန် ၁၇ ဇန်နဝါရီ
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက ကြီးမှူးကျင်းပခဲ့သည့် ငြိမ်းချမ်းရေးဂီတပွဲတော် ဆုရအဆိုရှင် ၁၁ ဦး၏ ပြိုင်ပွဲဝင်တေးသီချင်းများ DVD ခွေ ထုတ်လုပ် ဖြန့်ချိနိုင်ရေး စာနယ်ဇင်းမိတ်ဆက်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စတူဒီယို(အေ)၌ ကျင်းပသည်။
ရှေးဦးစွာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး(ဂီတ) ဦးတိုးကျော် က “ငြိမ်းချမ်းရေးဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲကို ၂၀၁၇ ခုနှစ် ဇူလိုင်လမှာ စတင်ခဲ့ပါတယ်၊ မြို့ပေါင်း ၁၁ မြို့မှာ သွားရောက်ပြီး တစ်ပတ်ကို တစ်မြို့နှုန်းနဲ့ ဖျော်ဖြေပွဲပေါင်း ၂၂ ပွဲ ကျင်းပခဲ့တယ်၊ နောက်ဆုံးပြိုင်ပွဲကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ ပြည်သူ့ ရင်ပြင်မှာ ကျင်းပပြီးစီးခဲ့ပါတယ်။ သီချင်းရွေးချယ်ပြီး ၂၀၁၈ ခုနှစ် မတ်လမှာ အသံ သွင်းတဲ့လုပ်ငန်းနဲ့ ရိုက်ကူးရေးလုပ်ငန်းတွေကို စတင်ခဲ့ပါတယ်။ အခွေဖြစ်မြောက်ဖို့ ဆိုတာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအပြင် ပြင်ပက ရိုက်ကူးရေး ပညာရှင်တွေလည်း ပါဝင် ကူညီထားတာရှိပါတယ်။ ဒီနေ့မှာတော့ ငြိမ်းချမ်းရေးဂီတပွဲတော် DVD ခွေ စတင်ဖြန့်ချိဖို့ အဆင်သင့်ဖြစ်တဲ့အနေအထားဖြစ်လို့ မိတ်ဆက်တာ ဖြစ်ပါတယ်။ မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားအနေနဲ့ စီးပွားရေးဆန်တဲ့ကိစ္စမဟုတ်ဘဲ ရှုံးတာ မြတ်တာ ခိုးကူးတာကို အဓိကမထားပါဘူး၊ နိုင်ငံတော်ကလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလမ်းစဉ် ဖော်ဆောင်တာကို အထောက်အကူပြုတဲ့အနေနဲ့ သိထား၊ တတ်ထား၊ နားလည်ထားတဲ့ ဂီတသုခုမအနုပညာနဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီတာဖြစ်ပါတယ်”ဟု ပြောသည်။
တေးရေးဆရာ ဦးမြင့်မိုးအောင်က ငြိမ်းချမ်းရေးဂီတပွဲတော် ပြိုင်ပွဲ ဝင် တေးသီချင်းများ DVD ခွေမှာပါဝင်သည့် တေးသီချင်းများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ DVD ခွေ ထုတ်လုပ်ဖြန့်ချိမည့် Excellent Music Distribution မှ ဦးမျိုးဆွေက ဖြန့်ချိမည့် အခြေအနေကိုလည်းကောင်း ရှင်းလင်းပြောကြားကြသည်။
ရွေးချယ်ထားသည့် တေးသီချင်း ၁၁ ပုဒ်ထဲမှ တေးရေးဆရာ ရွှေဂျော်ဂျော် ရေးစပ်ပြီး တေးသံရှင် နီနီခင်ဇော်နှင့် ငြိမ်းချမ်းရေးဂီတပွဲတော် ပထမဆု အဆိုရှင် မေသူကျော်တို့ သီဆိုထားကြသည့် “ငြိမ်းချမ်းရေးဆိုတာ”သီချင်း၊ တေးရေးဆရာ ဦးမြင့်မိုးအောင် ရေးစပ်ပြီး ငြိမ်းချမ်းရေးဂီတပွဲတော်ဆုရ အဆိုရှင် မေသဇင် သီဆိုထား သည့် “ကျွန်မချစ်သော”သီချင်း၊ တေးရေးဆရာမြတ်လေး ရေးစပ်ပြီး ငြိမ်းချမ်းရေး ဂီတပွဲတော် ဒုတိယဆုရအဆိုရှင် ကြူကြူခိုင်နှင့် တတိယ ဆုရအဆိုရှင် ဖြူလှ တို့ သီဆိုထားသည့် “ပန်းတိုင်ပွင့်ပါစေ”သီချင်းတို့ကို အကြို ခံစားမှုအဖြစ် ပြသသည်။
ငြိမ်းချမ်းရေးဂီတပွဲတော် ပြိုင်ပွဲဝင်တေးသီချင်းများ DVD ခွေကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက မူပိုင်အဖြစ် ဇန်နဝါရီ ၂၄ ရက် (ကြာသပတေးနေ့)တွင် Excellent Music Distribution က ထုတ်လုပ် ဖြန့်ချိမည်ဖြစ်သည်။ တစ်ဘူးလျှင် DVD တစ်ချပ် နှင့် CD နှစ်ချပ် ပါဝင်မည်ဖြစ်ပြီး Excellent Music Distribution ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(ရန်ကုန်)ရုံးနှင့် နေပြည်တော် တပ်ကုန်းရုံး၊ တိုင်းဒေသကြီး /ပြည်နယ် အသီးသီးတွင်ရှိသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးများတွင် ၃၅၀ဝ ကျပ်နှုန်းဖြင့် ဝယ်ယူနိုင်ပြီး မြန်မာတစ်နိုင်ငံလုံးကို ဖြန့်ချိမည် ဖြစ်သည်။
DVD ခွေတွင် သီချင်းစုစုပေါင်း ၁၈ ပုဒ် နှင့် CD တစ်ချပ်စီတွင် သီချင်း ၉ ပုဒ်စီ ပါရှိပြီး သီချင်း ၁၄ ပုဒ်မှာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ နိုင်ငံတော်ဆိုင်းဝိုင်းကြီး၊ သံစုံ တီးဝိုင်းနှင့် ခေတ်ပေါ်တေးဂီတတို့နှင့်ပေါင်းစပ်ပြီး တီးခတ်ထားကြောင်း၊ ကျန် သီချင်း ၄ ပုဒ်ကို တေးရေးဆရာအသီးသီးတို့က ၎င်းတို့မှာရှိသည့် တီးဝိုင်းဖြင့် တီးခတ် ထားကြောင်း သိရသည်။
သတင်း - ရီရီမြင့်၊ ဥမ္မာသန့်
ဓာတ်ပုံ - လှမိုး