ငြိမ်းချမ်းရေးခရီးစဉ်ရေယာဉ် ရေနံချောင်းမြို့သို့ရောက်ရှိ ဒေသခံပြည်သူများ လှိုက်လဲစွာကြိုဆို

ရေနံချောင်း၂၃ နိုဝင်ဘာ 

 

မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များမိတ်သဟာမှ ငြိမ်းချမ်းရေးတွဲလက်များ မြစ်ဧရာမှာထပ်ဆင့်ပွား ငြိမ်းချမ်းရေးခရီစဉ် ရေယာဉ်ကြီးသည် ယနေ့နံနက် ၁၀ နာရီခွဲက ရေနံချောင်းမြို့ ရုံးဆိပ်တောင်ကျေးရွာ ဧရာဝတီမြစ်ဆိပ်ကမ်း၌ ဆိုက်ကပ်ရောက်ရှိရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲမှူးနှင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ ဒေသခံပြည်သူများက အိုးစည်ဒိုးပတ်အကများဖြင့် ကြိုဆိုကြသည်။

 

ထို့နောက် ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲနှင့် ဖျော်ဖြေရေးအစီအစဉ်များကို ရေယာဉ်ပေါ်၌ကျင်းပရာ အဆိုပါအဖွဲ့က ငြိမ်းချမ်းရေးသီချင်းများ သီဆိုဖျော်ဖြေခြင်း၊ သုံးရောင်ချယ်ပြည်သူ့အကျိုးပြု လူမှုကွန်ယက်မှ ဦးကိုကိုနိုင်က ငြိမ်းချမ်းရေးသင်္ကေတ ချိုးငှက်အကြောင်းရှင်းလင်းခြင်းနှင့် စာရေးဆရာဇေယျမင်းသျှင်က လူငယ်နှင့်ငြိမ်းချမ်းရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ရာ ကျောင်းသား/ကျောင်းသူများက ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

 

ယင်းနောက် မွန်းလွဲပိုင်းတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ငြိမ်းချမ်းရေးစကားဝိုင်း ပြုလုပ်မည်ဖြစ်ပြီး ညပိုင်းတွင် ရေနံချောင်းမြို့ ပြည်သူ့အားကစားကွင်း မိုးလုံလေလုံခန်းမ၌ တေးသီးချင်းများဖြင့် ဖျော်ဖြေကာ ငြိမ်းချမ်းရေးအတွက် ဆန္ဒပြုလက်မှတ်များ ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ငြိမ်းချမ်းရေးတွဲလက်များအဖွဲ့သည် ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး(၂၁)ရာစုပင်လုံညီလာခံကို ဂုဏ်ပြုသောအားဖြင့် ယခုခရီးစဉ်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း သွားလာခြင်းဖြစ်ကြောင်း သိရသည်။

 

ငြိမ်းချမ်းရေးတွဲလက်များခရီးစဉ်တွင် မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များမိတ်သဟာမှ အဖွဲ့ဝင် ၈၀ နှင့် ရေယာဉ်ဝန်ထမ်း ၁၆ ဦးတို့ လိုက်ပါခဲ့ကြောင်း သိရသည်။

 

ကိုစိုးကြီး