နေပြည်တော်  ၄  ဒီဇင်ဘာ

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ငန်းညှိနှိုင်းရေးအစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ကျင်းပသည်။ 

အစည်းအဝေးသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချို(ခ) ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တတ်ရောက်ကြသည်။ 

အစည်းအဝေးတွင် တက်ရောက်လာကြသူများက NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲများ ပြန်လည်ကျင်းပနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ NCA ရေးထိုးထားပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းဆဲကိစ္စရပ်များဖြစ်သည့် (၈)ကြိမ်မြောက် JICM အစည်းအဝေးနှင့် (၉)ကြိမ်မြောက် JICM အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်များအား လက်တွေ့ ဆက်လက်အကောင်အထည် ဖော်ရေး၊ ၂၀၂၀ အလွန် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ (ဇယား-၂)နှင့် လမ်းညွှန်အခြေခံမူ သဘောတူညီချက်များအား ဆက်လက်ဆွေးနွေးညှိနှိုင်းမည့် အစီအစဉ်များ၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြင်ဆင်ရေးကိစ္စ၊ NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်လက်ဆွေးနွေးညှိနှိုင်းမည့် အစီအစဉ်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ 

ညနေပိုင်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ငန်းညှိနှိုင်းရေး အစည်းအဝေးအောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရှိရသည်။

သတင်း-မျိုးမင်းနိုင်
ဓာတ်ပုံ-ကိုလေး