ခွန်မြင့်ထွန်း (ဒုတိယဥက္ကဋ္ဌ)
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့-PNLO
မြန်မာ့နှစ်သစ်နဲ့ ပတ်သက်ရင်တော့ အဓိကက ကိုဗစ်- ၁၉ ရောဂါကပ်ဆိုးကနေ မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံး ကင်းလွတ်နိုင်ပါစေလို့ နှစ်သစ်ကူး အနေနဲ့ ဆုတောင်းပေးချင်ပါတယ်။ နောက်တစ်ချက်က ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ထဲမှာ သဘာဝဘေးအန္တရာယ်တွေကလည်း ငြိမ်းချမ်းရေးဖြစ်စဉ်ကို အထောက်အကူ ပြုပေးနိုင်တာတွေ ရှိပါတယ်။
အင်ဒိုနီးရှားနိုင်ငံ အာချေးမှာဆိုရင် ဆူနာမီ သဘာဝကပ်ဆိုးကြီး ဆိုက်ရောက်လာတဲ့အချိန်ကျတော့ အစိုးရနဲ့ ဒေသ လက်နက်ကိုင်အဖွဲ့တွေ အဲဒီကြားမှာ သဘာဝဘေးအန္တရာယ်ကို ပူးပေါင်း ကာကွယ်ပြီးတော့မှ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်နားလည်မှုတွေ ရကြ တယ်။ နောက်ပိုင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်တဲ့အထိ ဖြစ်သွား ခဲ့တာရှိပါတယ်။ ကိုဗစ်- ၁၉ က ကျွန်တော်တို့ မြန်မာပြည်အတွက် မကောင်း သလို ကမ္ဘာကြီးအတွက်လည်း မကောင်းပါဘူး။ သို့သော်လည်း ကိုဗစ်- ၁၉ ဖြစ်ပွား နေတဲ့အပေါ်မှာ အခြေပြုပြီးတော့မှ သဘာဝဘေးအန္တရာယ်ကို အတူဝိုင်းဝန်း ကာကွယ်တားဆီးရင်းနဲ့ ကျွန်တော်တို့ကြားမှာ နားလည်မှုတွေ၊ အပြန်အလှန် ခွင့်လွှတ်မှု၊ သည်းခံမှုတွေ၊ ယုံကြည်မှုတွေနဲ့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကြီး အောင်မြင် ဖို့ ဆုတောင်းပါတယ်။ ဒီရောဂါဖြစ်နေပေမယ့် ငြိမ်းချမ်းရေးဖြစ်စဉ်ကတော့ ရှိနေပါတယ်။ ကျွန်တော်တို့ အကျဉ်းချုံးပြီး ဆက်ဆွေးနွေးနေကြတယ်။ ကိုဗစ်- ၁၉ ထိန်းချုပ်နိုင်မှုအပေါ်မှာ မူတည်ပြီးမှ ညီလာခံကျင်းပနိုင်ရေး ကြိုးပမ်းရမှာပါ။ လက်တလောမှာ မလွှဲသာမရှောင်သာဖြစ်တဲ့ ကမ္ဘာ့ကပ်ရောဂါကိစ္စကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်က လုံးဝရပ်ဆိုင်းသွားတာမျိုး မဖြစ်ပါဘူး။ ကာလအခိုက် အတန့်အားဖြင့် ရပ်တန့်နေတာမျိုးဖြစ်မယ်။ ထိန်းချုပ်နိုင်မှုအပေါ်မှာမူတည်ပြီး ဆက်လက်ဆောင်ရွက်သွားမှာပါ။
ဦးမျိုးဝင်း (ဒုတိယဥက္ကဋ္ဌ)
(မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး-ABSDF)
UPDJC အတွင်းရေးမှူးအဖွဲ့ဝင်
ဒီနှစ်ကာလကတော့ ကျွန်တော်တို့တိုင်းပြည်မှာမှ မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံး စိန်ခေါ်မှုနဲ့ရင်ဆိုင်နေရတဲ့ ကမ္ဘာ့ကပ်ရောဂါဖြစ်နေတယ်။ ကိုဗစ်- ၁၉ ကို ကျော်လွှား ဖို့ ကျွန်တော်တို့တိုင်းပြည်မှာ စုစည်းညီညွတ်ဖို့လိုတာပေါ့။ ၂၀၂၀ အတွင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်နိုင်ဖို့ JICM အစည်းအဝေး ချမှတ်ပြီး အကောင်အထည်ဖော်ကြိုးပမ်းခဲ့တယ်။ ရလဒ်ကောင်းတွေရလာပြီးမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ဖို့ ပြင်ဆင်ဆောင်ရွက်နေ ပေမယ့်လည်းပဲ ဒီရောဂါအခြေအနေကို ရင်ဆိုင်ရတဲ့ အခြေအနေဖြစ်နေတယ်။ ပြဿနာတွေအားလုံး ကျော်လွှားနိုင်ဖို့ စုစည်းဖို့လိုတယ်။ တစ်ဦးကောင်း တစ်ယောက်ကောင်း မဟုတ်ဘဲ တပ်မတော်အပါအဝင် တိုင်းရင်းသားအင်အားစု တွေ အားလုံး စုစုစည်းစည်းဆောင်ရွက်ဖို့လိုမယ်လို့ နှစ်သစ်မှာ တိုက်တွန်းချင် ပါတယ်။
၂၀၂၀ အတွင်းမှာပဲ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတစ်ရပ် ကျင်းပ ပြီး ၂၀၂၀ အလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေ ပါတယ်။ တကယ်လို့ ကိုဗစ်- ၁၉ ရောဂါအခြေအနေကြောင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကျင်းပဖို့ အခက်အခဲရှိတယ်ဆိုရင်တောင် အနည်းဆုံးJICM အစည်းအဝေးကျင်းပပြီး နိုင်ငံရေးလိုအပ်ချက်တွေ ချမှတ်ဆောင်ရွက်သွားဖို့ ပြင်ဆင်နေပါတယ်။ ဘယ်လိုအခက်ခဲတွေရှိရှိ တွေ့ဆုံဆွေးနွေးမှုတွေ မပြတ် ဘူးလို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ မပြည့်စုံမှုတွေ ရှိနေပေ မယ့်လည်း အားလုံး တက်တက်ကြွကြွ ဆောင်ရွက်နေတယ်။ လူမှုရေးအသင်းအဖွဲ့ တွေ ဝိုင်းပြီးဆောင်ရွက်နေတယ်။ အားလုံးမျှဝေပြီးဆောင်ရွက်နေတဲ့အတွက် အခြားတိုင်းပြည်တွေ ထက်တောင် ကျွန်တော်တို့နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကျေနပ်အားရတယ်။ ကျွန်တော်တို့ ပြည်သူပြည်သားအချင်းချင်းလက်တွဲပြီး ဆောင်ရွက်ရင် ဒီအခက်အခဲတွေကို ကျွန်တော်တို့ ကျော်လွှားနိုင်မယ်လို့ ယုံကြည် ပါတယ်။ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ပြည်ထောင်စုအကျိုးကို မျက်နှာမူပြီးတော့ လာမယ့်နှစ်မှာ ပြည်ထောင်စုအကျိုး ဆတက်ထမ်းပိုး ဆောင်ရွက်နိုင်ဖို့ ဆုတောင်းချင်ပါတယ်။
စောမြရာဇာလင်း
ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် (ALP-ရခိုင်ပြည် လွတ်မြောက်ရေးပါတီ)၊ UPDJC အတွင်းရေးမှူးအဖွဲ့ဝင်အားလုံးကိုမင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံ သာမက ကမ္ဘာတစ်ခုလုံးပါ ကပ်ရောဂါကြီးတစ်ခုကို ကြုံတွေ့နေရပါတယ်။ ဒီကပ်ရောဂါကြီးကနေ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ကင်းဝေးနိုင်ကြပါစေလို့ ပထမဦးစွာ ဆုမွန်ကောင်းတောင်းပါတယ်။ အားလုံးကျန်းကျန်းမာမာနဲ့ ကျွန်မ တို့ တိုင်းပြည်အေးချမ်းသာယာရေးကို ဆောင်ကြဉ်းနိုင်ကြပါစေလို့ ကျွန်မ ဆုတောင်းမေတ္တာ ပို့သပါတယ်။ ကျွန်မတို့ဟာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစု ပင်လုံကို ဧပြီအလွန် မေလမှာ ကျင်းပနိုင်ဖို့ ကြိုးပမ်းခဲ့ကြပါ တယ်။ ကပ်ရောဂါကြီး ပြီးဆုံးသွားတဲ့အချိန်မှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီးကိုကျင်းပဖို့ ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
ကျွန်မတို့ NCA-S EAO နဲ့ အစိုးရ အလွတ်သဘော ပြောတာတွေရှိပေမယ့် အခုလောလောဆယ်တော့ တွေ့ဆုံနိုင်တဲ့ အနေအထားမရှိပါဘူး။ အစိုးရနဲ့ လိုအပ်ရင်လိုအပ်သလို ဆက်သွယ်ဆောင်ရွက်နေတာတွေတော့ ရှိပါတယ်။ ပြည်သူအားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ရောဂါကပ်ဆိုးကြီးက ကင်းဝေး ပြီးတော့ ကျွန်မတို့တိုင်းပြည်မှာ အေးချမ်းသာယာစွာနေထိုင်ပြီး ဘဝတစ်ခုကို ရှေ့ဆက်လျှောက်လှမ်းနိုင်ပါစေလို့ ကျွန်မဆန္ဒပြုပါတယ်။
နိုင်အောင်မငေး
မွန်ပြည်သစ်ပါတီ (NMSP) (ဗဟိုအလုပ်အမှုဆောင်)
ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်- ၁၉ ကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ် တစ်ဆို့သွားတာကို စိတ်မကောင်းဘူး။ ဒါပေမယ့် ရှေ့ဆက်သွားဖို့ နည်းလမ်းရှာသွားပါမယ်။ ကိုရိုနာ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး အစိုးရရဲ့ လမ်းညွှန်ချက်အတိုင်း လိုက်နာဖို့နဲ့ ကမ္ဘာ့ ကပ်ရောဂါကြီးပျောက်ကင်းစေဖို့ ဆုတောင်းပါတယ်။ ဒီရောဂါကပ်ဘေး ကင်းစင် မှ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။ အမြန်ဆုံးကင်းဝေးစေဖို့ နှစ်သစ်မှာ ဆုတောင်းလိုက်ပါတယ်။ အစိုးရဲ့ NCA-S EAO အလုပ်အဖွဲ့ ဆက်လက်တွေ့ဆုံမှုတွေရှိပါတယ်။ အခု ဧပြီလတတိယပတ်မှာ အလုပ်အဖွဲ့တွေ ဆက်လက်တွေ့ဆုံဖို့ ရည်ရွယ်ထားတာရှိပေမယ့် ဒီရောဂါအခြေ အနေကြောင့် ဘယ်လိုဖြစ်မယ်ဆိုတာ မပြောနိုင်သေးဘူး။ အွန်လိုင်းမှာတော့ ဆွေးနွေးမှုတွေရှိကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်- ၁၉ ကြောင့် ငြိမ်းချမ်းရေး ဖြစ်စဉ်ရပ်ဆိုင်းသွားတာ မဟုတ်ပါဘူး။ အခြေအနေတစ်ခုကြောင့် ရက်ရွှေ့သွားတာ မျိုးတော့ ရှိနိုင်ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆက်သွားဖို့ အဖွဲ့အစည်းတိုင်းရဲ့ ဆန္ဒကရှိနေပါတယ်။ ကျွန်တော်တို့ မွန်ပြည်သစ်ပါတီအနေနဲ့ နိုင်ငံတော်က ချမှတ် ထားတာတွေ လိုက်နာဖို့၊ အိမ်မှာနေဖို့၊ လက်ဆေးဖို့၊ ကိစ္စမရှိဘဲ အပြင်မထွက်ဖို့၊ ပြည်တော်ပြန်တွေကို သေသေချာချာစစ်ဆေးဖို့၊ အခြေအနေထူးရင် သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနမှတစ်ဆင့် အဆက်အသွယ်လုပ်ဖို့ ပြောထားပါတယ်။ ကိုဗစ်- ၁၉ ကြိုတင်ကာကွယ်ဆေးတွေ၊ ပျောက်ကင်းအောင် ကုသနိုင်မယ့် ဆေးတွေ အမြန်ဆုံးတွေ့နိုင်ပါစေလို့ မြန်မာနှစ်သစ်ကူးအတွက် ဆုမွန်တောင်း ပါတယ်။
တွေ့ဆုံမေးမြန်း- ရဲခေါင်ညွန့်၊ ဓာတ်ပုံ- ဖိုးထောင်