နေပြည်တော်  ၂၄   ဖေဖော်ဝါရီ 

ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များတွင် လွှတ်တော်၏အခန်းကဏ္ဍ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ သဘင်ဆောင်၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကော်မတီဉက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ IPU မှ နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေအား လေးစားမှုမြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ ဟန်ဂေရီလွှတ်တော် ကိုယ်စားလှယ် Dr. Agnes Vadai ၊ နိုင်ငံတကာ ပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့် ကော်မတီဝင် များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသူများ၊ လွှတ်တော်ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ် က ငြိမ်းချမ်းရေးဖော်ဆောင်မှုနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းဆိုင်ရာ အတွေ့အကြုံရှိသည့် နိုင်ငံတကာမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျွမ်းကျင်သူများနှင့် မြန်မာ့လွှတ်တော်ကိုယ်စားလှယ်များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်  ပါဝင်ဆောင်ရွက်နေကြသည့် သက်ဆိုင်သူများအကြား အပြုသဘောဆောင်သည့် အမြင်များ အပြန်အလှန်ဖလှယ်နိုင်ရန်၊ ဆွေးနွေးညှိနှိုင်းအဖြေရှာနိုင်ရန် စသည့် ရည်ရွယ်ချက်ကောင်းများနှင့် ယခုဆွေးနွေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း။

ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံတကာ ပါလီမန်များအဖွဲ့ (IPU)နှင့် မြန်မာလွှတ်တော်တို့အကြား အပြန်အလှန် နားလည်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် နီးကပ်သည့် ပူးပေါင်းဆောင်ရွက်နိုင်မှုများက အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း။

မိမိတို့နိုင်ငံအတွင်း နယ်မြေဒေသအချို့တွင် လက်နက်ကိုင်ပဋိပက္ခများ၏ နောက်ဆက်တွဲအခြေအနေများကြောင့် တိုင်းရင်းသား ပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးမှုများ ပျက်စီးဆုံးရှုံး လျက်ရှိပါကြောင်း၊ ပဋိပက္ခ ဖြစ်ပွားခဲ့သည့် နယ်မြေဒေသအချို့တွင် ဖွံ့ဖြိုးတိုးတက်ရေး လမ်းစများ မှေးမှိန်ထိခိုက်လျက်ရှိပြီး နိုင်ငံသားပြည်သူများ၏ ဒီမိုကရေစီနှင့် အခြေခံလူ့အခွင့်အရေးများပါ နစ်နာဆုံးရှုံးလျက်ရှိပါကြောင်း၊ ပြည်ထောင်စုတစ်ဝန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာရေးအတွက် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိရန် နိုင်ငံတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အဓိကဦးစားပေးပြီး မူဝါဒများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

မိမိတို့နိုင်ငံတွင် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ အခြေခိုင်စေရန် အားထုတ်ကြိုးပမ်းလျက်ရှိသည့် ယခုအချိန်တွင် ပြင်ပဖိအားများကြောင့် ပေါ်ပေါက်လာသည့် အကြမ်းဖက်မှုနှင့် ထိပ်တိုက်တွေ့မှုများ၊ ပဋိပက္ခဖြစ်ပွားရာဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်ကြောင်း စွပ်စွဲမှုများသည် မိမိတို့၏ အားထုတ်မှုအပေါ် ထိခိုက်ယုတ်လျော့စေလျက် ရှိပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်အတွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကြိုးစားရယူပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးရည်မှန်းချက်နှင့် နိုင်ငံရေးဆွေးနွေးမှုဖြစ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း။

ထိုသို့ဆောင်ရွက်ရာတွင် စစ်မှန်သည့်ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးမှတစ်ဆင့် ပြည်သူများ၏ နေ့စဉ်လူမှုဘဝ ဖြတ်သန်းမှုများတွင် ပကတိငြိမ်းချမ်းမှုကို ရရှိခံစားနိုင်စေမည့် ပြုပြင်ပြောင်းလဲ အကောင်အထည်ဖော်မှုများကို အားထုတ်ကြိုးပမ်း ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အားလုံးပါဝင်ပြီး ငြိမ်းချမ်းသည့် ဒီမိုကရေစီမူဝါဒများကို မြှင့်တင်ပေးခြင်း၊ ငြိမ်းချမ်းရေးအသိများကို မိမိတို့ မဲဆန္ဒနယ်မြေများတွင် ပြန်လည်မွေးမြူ ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်ခြင်းဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်တွင် လွှတ်တော်၏အခန်းကဏ္ဍကို ပါဝင်ဆောင်ရွက်ရာရောက်ပါကြောင်း။

လွှတ်တော်အတွင်း အမုန်းစကားပြောဆိုမှုများကို ရှောင်ကြဉ်ပြီး အမုန်းစကား (hate speech) နှင့် ဆက်နွယ်သည့် ပြသနာများကို ဖြေရှင်းရာတွင်လည်း ပါဝင်ကူညီရန် တိုက်တွန်းလိုပါကြောင်း၊ “ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက် လွှတ်တော်ကဖော်ဆောင်ရွက်” ဆိုသည့် လွှတ်တော်ဆောင်ပုဒ်နှင့်အညီ လွှတ်တော်၏ မူဝါဒရေးရာချမှတ်သည့် လုပ်ငန်းစဉ်များ၊ ပြည်သူကို အကာအကွယ်ပေးသည့် ဥပဒေပြုခြင်းလုပ်ငန်း စဉ်များတွင် ပြည်သူကို အမှန်တကယ် ကိုယ်စားပြုဆောင်ရွက်နိုင်သည့် အဖွဲ့အစည်းအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ယခုဆွေးနွေးပွဲမှတစ်ဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍနှင့် စပ်လျဉ်းသည့် ပြည်တွင်းနှင့် နိ်ုင်ငံတကာ အခြေအနေ ရှုမြင်သုံးသပ်မှုများ၊ လက်တွေ့ဆောင်ရွက်နိုင်မည့် အသိပညာစွမ်းရည်နှင့် နည်းလမ်းတို့ကို ပိုမိုသိရှိနားလည်လာနိုင်ရန် မျှော်လင့်ပါကြောင်း။

ဥပဒေပြုလွှတ်တော်များနှင့် လွှတ်တော်ကိုယ်စားလှယ်များသည် ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့ကို မြှင့်တင်ဆောင်ရွက်ရန် တာဝန်ရှိပါကြောင်း၊ လွှတ်တော်များသည် ထိရောက်မှု၊ လှုပ်ရှားတက်ကြွမှု၊ ပွင့်လင်းမြင်သာမှုတို့ရှိပြီး ပြည်သူအားလုံး၏ လူမှုစီးပွားဘဝ ပြည့်စုံရေးကို ဖြည့်ဆည်းပေးနိုင်မှသာလျှင် ဒီမိုကရေစီစနစ်သည် ရှင်သန်ဖွံ့ဖြိုးနိုင်မည် ဖြစ်ပါကြောင်း၊ ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးရရှိစေရန်အတွက် လူ့အဖွဲ့အစည်းများအကြား ကွဲပြားမှုများကို ဆွေးနွေးညှိနှိုင်း ဖြေရှင်းနိုင်ကြပါစေကြောင်း ပြောကြားသည်။ 

ထို့နောက် IPU မှ နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေအား လေးစားမှုမြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ ဟန်ဂေရီလွှတ်တော်ကိုယ်စားလှယ် Dr. Agnes Vadai နှင့် နိုင်ငံတကာပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်း တို့က အမှာစကားပြောကြားကြသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ IPU မှ နိုင်ငံတကာ လူသားချင်း စာနာမှုဥပဒေအား လေးစားမှုမြှင့်တင်ရေး ကော်မတီဥက္ကဋ္ဌ ဟန်ဂေရီလွှတ်တော်ကိုယ်စား လှယ် Dr. Agnes Vadai နှင့် နိုင်ငံတကာကျွမ်းကျင်သူများ၊ AIPA ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်း၊ အတွင်းရေးမှူး ဒေါ်ထုမေ၊ နိုင်ငံတကာ ပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်း ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသန်းဝင်း၊ အတွင်းရေးမှူး ဦးဘိုဘိုဦးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ၊ နိုင်ငံရေးကိစ္စရပ်များ ဆွေးနွေးမှုလုပ်ငန်းကော်မတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်တို့သည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် “ပဋိပက္ခဆိုးမွေနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲစကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုငြိမ်းချမ်း ရေးဆွေးနွေးမှု ပူးတွဲကော်မတီ၊ နိုင်ငံရေးကိစ္စရပ်များ ဆွေးနွေးမှု လုပ်ငန်းကော်မတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်၊ တောင်အာဖရိက လွှတ်တော် ကိုယ်စားလှယ်ဟောင်း Mr. Roelf Petrus Meyer ၊ ထိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်း Ms. Tuenjai Deetes၊ ဖိလစ်ပိုင်လွှတ်တော် ကိုယ်စားလှယ်ဟောင်း Mr. Neri Colmenares နှင့် Equality Myanmar မှ Executive Director ဦးအောင်မျိုးမင်းတို့က ဆွေးနွေးကြသည်။

ယင်းနောက် တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းများ မေးမြန်းခြင်းနှင့် ဆွေးနွေးပွဲစကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသူများက ပြန်လည်ရှင်းလင်းဖြေကြားခြင်း တို့ကို ဆောင်ရွက်ကြသည်။

ထို့နောက် IPU မှ နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေအား လေးစားမှုမြှင့်တင် ရေး ကော်မတီဥက္ကဋ္ဌ ဟန်ဂေရီလွှတ်တော်ကိုယ်စားလှယ် Dr. Agnes Vadai က ငြိမ်းချမ်း ရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များတွင် လွှတ်တော်များ၏ အရေးပါမှုနှင့် စပ်လျဉ်းသည့် နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)က ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားသည်။

ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များတွင် လွှတ်တော်၏အခန်းကဏ္ဍ ဆွေးနွေးပွဲနှင့် အပြန်အလှန်ဆွေးနွေးမှုများကို ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၆ ရက်အထိ နေပြည်တော်ရှိ Kempinski ဟိုတယ်၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)