၂၆  ဇန်နဝါရီ

ကမ္ဘာပေါ်တွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်မက်ဖက်ပြိုင်တိုက်ခဲ့ကြသော နိုင်ငံများသာမက တစ်နိုင်ငံအတွင်း လူမျိုးအချင်းချင်း ဖြစ်ပွားကြသည့် ပဋိပက္ခများအား ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းဖြင့် ငြိမ်းချမ်းသော ပန်းတိုင်သို့ ရောက်ရှိခဲ့သည့် သက်သေ သာဓကများ ရှိခဲ့သည်။ လူမျိုးတစ်မျိုးတည်းပင် ဖြစ်သော်လည်း အယူဝါဒကွဲပြားမှုကြောင့် တစ်ဦးနှင့်တစ်ဦး ရန်သူသဖွယ်ဖြစ်ခဲ့ကြသည့် တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံသည်ပင် တပေါင်း တစည်းတည်း ဆက်ဆံနေထိုင်လိုသည့်သဘောထားများ ပြသလာကြသည်။

 

 

ငြိမ်းချမ်းခြင်းကို ပြည်သူတိုင်း လိုလားကြသည်။ ပြည်သူတိုင်း မျှော်လင့်ကြသည်။ မျက်မှောက်ကာလ ကမ္ဘာပေါ်၌ လက်နက်ကိုင် တိုက်ခိုက်မှုများ ဖြစ်ပွားရာတွင် အကြမ်းဖက်သမား များနှင့်သာ အများဆုံးဖြစ်ပွားသည်ကို တွေ့ရသည်။ နိုင်ငံအချင်းချင်း တိုက်ခိုက်ရန်ပြုမှုများ မရှိတော့ဘဲ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ အနည်းငယ်သာ ကျန်ရှိတော့သည်။ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းခြင်းမှာ ငြိမ်းချမ်းသောနည်းဖြင့် အဖြေရှာနိုင်သောကြောင့် ဖြစ်သည်။ ကမ္ဘာပေါ်တွင် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ အရှည်ကြာဆုံး နိုင်ငံမှာ မြန်မာနိုင်ငံ ဖြစ်နေသည်ဟု ဆိုရမည်ဖြစ်သည်။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးချိန် ကာလမှစ၍ ယနေ့ထက်တိုင် လက်နက်ကိုင် ပဋိပက္ခများရှိ နေသေးသည်ကို မြင်တွေ့ရသည်။ ပြည်တွင်း၌ လက်နက်ကိုင်ပဋိပက္ခများ နှစ်ပေါင်းရှည်ကြာ ဖြစ်ပွားသောကြောင့် တိုင်းပြည်ထိခိုက် နစ်နာမှုဖြစ်ရသည်။ တိုင်းရင်းသားပြည်သူများ ဒုက္ခဆင်းရဲရောက်ရသည်။ အချုပ်အားဖြင့်ဆိုလျှင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနောက်ကျကျန်ခဲ့သည်။

 

 

ထိုသို့အကျိုးမများသော မငြိမ်းချမ်းသောဖြစ်စဉ်များကို ခေတ်အဆက်ဆက် အဖြေရှာလာခဲ့သော်လည်း ငြိမ်းချမ်းရေးပန်းတိုင်နှင့်အလှမ်းဝေးနေသေးသည်။ မျက်မှောက်ကာလ တွင် ငြိမ်းချမ်းရေးအတွက်နိုင်ငံတော်အစိုးရနှင့်အတူ အဖွဲ့အစည်းပေါင်းစုံ တို့က မနေမနားကြိုးပမ်းဆောင်ရွက်နေကြသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကြီးနှင့်အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်ကို အကောင်အထည် ဖော်ရင်းငြိမ်းချမ်းရေးပန်းတိုင်နှင့် နီးသထက်နီးအောင် ကြိုးပမ်းဆောင်ရွက်ကြသည်။ ငြိမ်းချမ်းရေးခရီး၌ အဓိကအကျဆုံးနှင့် အခြေခံအကျဆုံးဖြစ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင်လက်မှတ်ရေးထိုးရန် ၀ိုင်းဝန်းညှိနှိုင်း ကြိုးပမ်းဆောင်ရွက်ကြသည့် NCA ဟု ခေါ်တွင်သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။

 

 

ယခုအဖွဲ့ နှစ်ဖွဲ့ထပ်မံလက်မှတ်ရေးထိုးရန် ကမ်းလှမ်းလာသည်မှာ တိုင်းပြည်နှင့် လူမျိုးအတွက် မင်္ဂလာရှိသော သတင်းကောင်းပင် ဖြစ်သည်။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN)နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် (PC)တို့နှင့် NMSP (မွန်)အဖွဲ့တို့ ရှစ်ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးပြီး သဘောတူညီမှုရခဲ့သည့် ရလဒ်အဖြစ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးရန် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့က ဇန်နဝါရီလ ၂၃ ရက်နေ့တွင် တစ်နိုင်ငံလုံးသို့ အသိပေးလိုက်သည်။

 

 

တိုင်းရင်းသားအဖွဲ့နှစ်ဖွဲ့က ငြိမ်းချမ်းရေးခရီးတွင် အရေးပါသည့်လုပ်ဆောင်မှုအတွက် ဆုံးဖြတ်ချက်ချလိုက်ခြင်းအပေါ် တိုင်းရင်းသားပြည်သူအပေါင်းတို့က ဝမ်းမြောက်ဝမ်းသာကြိုဆိုဂုဏ်ပြုကြမည်ဖြစ်သည်။ ပြည်ထောင်စုနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာရေးအတွက်ဤသို့ပူးပေါင်းပါဝင်မှုကို ကျေးဇူးတင်ကြပေလိမ့်မည်။ အစိုးရ၊ တပ်မတော်တို့နှင့် ပူးပေါင်းလက်တွဲ၍ သံသယများဖျောက်၍ ငြိမ်းချမ်းရေးခရီးတွင်ဖြောင့်တန်းစွာ လျှောက်လှမ်းမည်ဖြစ်သောကြောင့် တိုင်းပြည်အေးချမ်းသာယာဖွံ့ဖြိုးရေးအတွက် အထောက်အပံ့ဖြစ်ပေလိမ့်မည်။

 

သို့ဖြစ်ရာ တိုင်းရင်းသားပြည်သူအားလုံး လိုလားတောင့်တနေသည့်တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်စေမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကျန်ရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး ဆက်လက်ပါဝင်ကြပါရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

 

ကြေးမုံ