နေပြည်တော် ၁၂ ဇန်နဝါရီ


ဇန်နဝါရီလ ၁၀ ရက်နေ့သည် ကချင်ပြည်နယ်၏ ပြုံးပျော်ရွှင်ဖွယ်နေ့တစ်နေ့ ဖြစ်သည်။ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ပြန်လည်စုဝေးဆုံစည်းကြ၍ ရွှင်လန်းချမ်းမြေ့ဖွယ်ရာ နေ့တစ်နေ့ဟု နှလုံးသွင်းရမည်ဖြစ်သည်။ ဤနေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် (၇၁)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့တက်ရောက်ပြီး ကချင်ပြည်နယ်အတွင်းမှ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံးနှင့်အတူ လက်တွဲ၍ ချစ်ခင်ရင်းနှီးမှုကို လှစ်ဟပြသခဲ့ကြသည်။


ရွှင်လန်းချမ်းမြေ့ပျော်မွေ့ဖွယ်ရာ ချစ်ကြည်ရင်းနှီးမှုသည် ငြိမ်းချမ်းသာယာခြင်းပင်ဖြစ်သည်။ နိုင်ငံတစ်ဝန်း ဤသို့ပင် အသီးသီး အသကငြိမ်းချမ်းသာယာပျော်မွေ့ဖွယ်များနှင့် ပြည့်လျှံနေမည်ဆိုလျှင်ဤတိုင်းပြည်သည် ဘယ်မှာလျှင် မငြိမ်းချမ်းဘဲရှိမည်နည်း။ တစ်ဦးနှင့်တစ်ဦး နားလည်မှု၊ ချစ်ကြည်ရင်းနှီးမှုဖြင့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်လျှင် ဘယ်မှာလျှင်မဖွံ့ဖြိုးဘဲ ရှိနိုင်အံ့ပါမည်နည်း။ ယင်းခွန်အားဖြင့်တစ်တိုင်းပြည်လုံး တစ်ပြေးညီတူမျှ ဖွံ့ဖြိုးမှုကို ဆောင်ကြဉ်းပေးနိုင်မည်မှာသေချာပါသည်။


(၇၁)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားတွင် “ကျွန်မတို့လိုချင်တဲ့ ခိုင်မာတဲ့အခြေအနေကိုတော့ သမ္မတကြီးမိန့်ဆိုတဲ့အတိုင်းပဲဆယ်စုနှစ်တစ်ခုတော့ သေသေချာချာကြိုးစားပြီး စနစ်တကျခိုင်မြဲအောင်လုပ်ဖို့က အားလုံးရဲ့တာဝန်ဖြစ်ပါတယ်။ ခရီးတစ်ခုကို စဖို့ဆိုတာ ပထမခြေလှမ်းက အရေးအကြီးဆုံးပါ။ပြည်ထောင်စုကြီး တကယ်ခိုင်မာ၊ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စပြီးတော့လှမ်းမယ့်ခြေလှမ်းက ငြိမ်းချမ်းရေးခြေလှမ်းဖြစ်တယ်ဆိုတာ ထပ်ပြီးတော့ သတိပေးပါရစေ” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဖွံ့ဖြိုးတိုးတက်မှုအတွက် မဖြစ်မနေရယူရမည့်ငြိမ်းချမ်းရေးကို အလေးအနက်ထားပြောကြားခဲ့သည်။


ငြိမ်းချမ်းရေးကို တိုင်းရင်းသားပြည်သူအားလုံး ယုံကြည်မှုဖြင့်လက်တွဲဖော်ဆောင်ကြမည်ဆိုလျှင် ဖွံ့ဖြိုးတိုးတက်မှုမှာလည်း ကျွဲကူးရေပါ လိုက်ပါဖွံ့ဖြိုးလာမည်ဖြစ်သည်။ တိုင်းရင်းသားပြည်သူများ၏ လိုလားချက်ကို နိုင်ငံတော်အစိုးရက အမြန်ဆုံးဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ တိုင်းရင်းသားပြည်သူများ၏ လိုအပ်ချက်များကို ချက်ချင်းသော်လည်းကောင်း၊ အမြန်ဆုံးသော်လည်းကောင်း၊ အချိန်ယူ၍သော်လည်း ကောင်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။


(၇၁)နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကချင်ပြည်နယ်မှ အဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားမျိုးနွယ်စု ကိုယ်စားလှယ်များအား “မိမိတို့အနေဖြင့် ပြည်သူကို မလုပ်ပေးနိုင်ဘဲနှင့် လုပ်ပေးမည်ဟု ကတိမပြုပါကြောင်း၊ ကတိပြုထားလျှင်လည်း ဖြစ်မြောက်အောင် လုပ်ပေးမည်သာဖြစ်ပါကြောင်း၊ လုပ်ပေးနိုင်သည်ကိုသာ ကတိပြုပေးပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများအတွက်ကိုပါ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မျှမျှတတဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း” ကတိပေးပြောကြားထားသည်။


ယုံကြည်မှုဖြင့် ပွင့်လင်းမြင်သာစွာ ဆက်ဆံနေထိုင် လုပ်ကိုင်ကြခြင်းသည် ပြည်ထောင်စုအတွက် ကောင်းခြင်းလက္ခဏာများပင်ဖြစ်သည်။ကချင်ပြည်နယ်တွင် ဘာသာမတူ၊ လူမျိုးမတူသော်လည်း ယခုကဲ့သို့ သင့်သင့်မြတ်မြတ်၊ ပျော်ပျော်ရွှင်ရွှင်၊ ပွင့်ပွင့်လင်းလင်း ယှဉ်တွဲနေထိုင်ပေါင်းသင်းဆက်ဆံကြသည်ကို မြင်တွေ့ရသည်မှာ ဝမ်းမြောက်ဖွယ်ဖြစ်သည်။ ဤသည်ပင် ပြည်ထောင်စုကြီးအတွင်းတွင် အတူယှဉ်တွဲနေထိုင်သော တိုင်းရင်းသားများ၏ ပြည်ထောင်စုစိတ်ဓာတ်ပင်ဖြစ်သည်။


သို့ဖြစ်ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကချင်ပြည်နယ်ခရီးစဉ်သည် ကချင်ပြည်နယ်အတွင်းမှ ပြည်ထောင်စုတိုင်းရင်းသားများနှင့်ချစ်ကြည်ရင်းနှီးမှု၊ လက်ရည်တစ်ပြင်တည်း အတူယှဉ်တွဲ၍ ပျော်ရွှင်စွာ ဆက်ဆံမှုတို့ကို ဖော်ညွှန်းပြသခဲ့သည်ဖြစ်ရာ ထိုချစ်ကြည်ရင်းနှီးမှုမှတစ်ဆင့် တိုင်းရင်းသားပြည်သူအားလုံး မျှော်လင့်တောင့်တနေသည့်စစ်မှန်သောငြိမ်းချမ်းရေး၊ တစ်ပြေးညီတူမျှ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ။


ကြေးမုံ