ဆူးငှက်
ငွေနှင်းကန့်လန့်ကာ ကျချေပြီ။ အိမ်တံစက်မြိတ်က နှင်းမိုးစက်စက်ကျ၏။ သည်ကြားထဲ မြောက်ပြန်လေက သွေးပြန်သည်။ ဆောင်းသည် နတ်တော်နှောင်းသည်နှင့် ရဲတင်းလာချေပြီ။ ရေက အေးသည်။ လေက အေးသည်။ နှင်းက အေးသည်။ နေခြည်မှာပင် နုဆဲအချိန်၌ အအေး ဓာတ်က စွက်ဖက်နေသေး၏။ မကြာမီ ပြာသိုသို့ ရောက် တော့မည်။ ပြာသိုရောက်လျှင် ဝန်းကျင်တစ်ခုလုံး အေး ပြန်လေတော့ မြေကြီးသည်ပင်လျှင် စိမ့်စိမ့်အေးသတဲ့။ ထို့ကြောင့်လည်း ပြာသိုလ၏ မြေကြီးနှင့် ဖုတ်သောအိုး တွေက အအေးသန္ဓေပါလာသည်ဟု အစဉ်အဆက် လက်ခံ ခဲ့ကြသည်။ နွေရဲခဲ့လို့ ချစ်ချစ်တောက်အပူတွင် ပြာသိုအိုး ၏ ကျောက်စက်အေးရေက အမောအပန်းပြေစေခဲ့သည် ဟု ဆိုစမှတ်ရှိခဲ့သည်။ ထို့ကြောင့် ယနေ့ထက်တိုင် မြန်မာ လူမျိုးတွေ၏ အိမ်မှာမြေအိုးများ ရှိနေဆဲဖြစ်သည်။
မြင်းခင်းသဘင်
ပြာသိုမှာ မင်းနေပြည်တော်ခေတ်က မြင်းခင်းသဘင် ထင်ရှားသည်။ ပြာသိုလတွင် ရွှေနန်းတော်တွင်း ကျင်းပသော မြင်းခင်းသဘင်များနှင့်ပတ်သက်၍ စာဆိုတော်များက သီချင်းဂီတအများအပြား စပ်ဆိုခဲ့ကြ သည်။ မြင်းခင်းကြိုးများက မြန်မာ့မဟာဂီတ၏ အဆီ အနှစ်များဖြစ်ခဲ့သည်။ “ဘုန်းမိုးရွာ စွေသွန်းဖျန်း၊ ရွှေပြည် တော်သာ ငြိမ်းချမ်း” ဟူ၍ စပ်ဆိုသကဲ့သို့ “မြန်ခန်း ကျွန်းတွင်း စံမြန်းရွှန်းလင်း၊ မှန်နန်းထွန်းဝင်း” ဟူ၍လည်း စပ်ဆိုခဲ့ကြသည်။ အလားတူ “လာချေပြီ၊ မြင်းများခေါင်ဘွေ မှာလေ၊ ဖြိုးမျှကဲလွန်း” ဟူ၍လည်း စပ်ဆိုခဲ့ကြသည်။ ထို့ကြောင့် အနုပညာရှင်ကြီး မြို့မငြိမ်းကလည်း ရှေးဘုရင် များ လက်ထက်က ထင်ရှားခဲ့သော မြင်းခင်းသဘင်များကို ပြန်လည်အမှတ်ရစေသောငှာ မမေ့မလျော့တမ်း သီချင်း တစ်ပုဒ် စပ်ဆိုခဲ့ပြန်၏။
“ငွေနှင်းမှုန်ရီ၊ ဝေစီစီ.....၊ မြောက်ပြန်လေညှင်း သွင်းတဲ့ လရာသီ၊ သမယအခါဆီ ပြာသို ခွာညို ညှာစို စိမ်းလဲ့လန်း၊ ရွှေနန်းတော်တွင်း လဲ့ဝင်းမူယာပလီ၊ သူဇာဒေဝီ တော်ဝင် ပန်းကို လှမ်းလို့ချူရှာသည် ...” ဟူလို။ ဆက်လက်၍ မြင်းခင်းကြိုးက လာချေပြီဟူသော စာသားကို မူတည် ၍လည်း “လာချေပြီ၊ ပျိုတို့မောင်လည်း၊ သူလည်း လာချေ ပြီ၊ လာချေပြီ၊ မှုန်မှုန်မဲမဲ လူသူမကွဲတကွဲ၊ နှင်းခဲပြာဝေရီ”” ဟုလည်း စပ်ဆိုခဲ့သည်။ အခုတော့ မြင်းခင်းသဘင်မရှိ တော့။
တော်ဝင်သဇင်ပန်း
ပြာသိုမှာ မြင်းခင်းသဘင်ကဲ့သို့ ရှေးယခင်အဆက်ဆက် ကတည်းက မင်းသုံးတော်ဝင်အဖြစ် ထင်ရှားခဲ့သည့် အမှတ်အသား တစ်ခုလည်း ရှိခဲ့သည်။ သဇင်ပန်းပဲ ဖြစ်ပါ သည်။ သဇင်က တောကြီးမျက်မည်းထဲ အပင်မြင့်များပေါ် ၌ ရှားပါးစွာပေါက်ရောက်သော ပင်မြင့်စံပန်းဖြစ်သည်။ သို့ခက်ခဲနက်နဲစွာ ရှာဖွေရသော ပန်းဖြစ်သည့်အတွက် ရှင်ဘုရင်သို့သာ ဆက်သပြီး တော်ဝင်အဆောင်သယောင် သဖွယ်ဖြစ်ခဲ့သည်။ အခုတော့ သဇင်က အဲဒီလောက်မရှား တော့ မျိုးပွား၍ အိမ်မှာပင် စိုက်ပျိုးနေကြပြီ။ အဆက် ဆက် ဂုဏ်ဒြပ်ကြီးမြင့်ခဲ့သော အရှိန်အဝါကတော့ ကျန် နေဆဲဖြစ်သည်။ ထို့ကြောင့် သဇင်သည် ပွဲနေ ပွဲထိုင်များ တွင် တခုတ်တရ သတိရကြသော ပန်းဖြစ်သည်။ နှင်းဆွတ် ခွာညို လပြာသိုတဲ့။ မြန်မာတို့၏ အေးချမ်း သာယာမှု ပြယုဂ်၊ ချမ်းမြေ့မှုသရုပ်၊ ပြည့်ဝန်း ဝင်းပခြင်း၏ နိမိတ်ပုံတို့ ဖော်ဆောင်သော လပြာသိုပင်ဖြစ်ပါ၏။ ပြာသို ဆိုသည်နှင့် နှင်းမှုံ နှင်းစက် နှင်းကန့်လန့်ကာနှင့်အတူ ရာသီပန်းဖြစ်သော ခွာညိုကို သတိရကြသည်။ ထို့အတူ တော်ဝင်သဇင်ပန်းကိုလည်း မမေ့လျော့ခဲ့ကြ။
ပြာသို လလယ်လျှင်ဖြင့် နှင်းမိုးဖြိုင်ဖြိုင် ကျတတ်ချေ သည်။ သည်ဘက်နှစ်တွေမှာ နတ်တော်လပြည့်ကျော် သည်နှင့် အအေးဓာတ်ဝင်လာသည်။
စည်းချက်အစုံ မြင်းခွာသံများ
“ပန်းနွယ်ကြိုင်မွှေးပျံ့လေ။ ။ မှိုင်းဝေတက်ရွှန်း နန်း မွန်းလျက် လဝန်းတာရှည် လှိုက်သည်ဝေဆာ ဆီးနှင်းဖြာ သား၊ မကာရခွင် ရောက်ခါတွင်လည်း၊ မြင်းဆင်စီစဉ်၊ စွယ်ယှဉ်ဝေ့တိုက်” ဟူ၍ ဆင်ခင်း၊ မြင်းခင်းသဘင် ဆင် ယင်ခဲ့ကြသည်က သည်ဆောင်းကာလ ပြာသိုလ ဖြစ်၏။ ဆင်သူရဲ၊ မြင်းသူရဲတို့ကို ဆုလာဘ်များ ချီးမြှင့်ရာ၌ “ပင်မြင့်သဇင်” ခက်လေးတွေလည်း ပါလာသည် ။ သဇင် သည် သက်သေဖြစ်၏။ ရည်ညွှန်းမှုဖြစ်၏။ သဇင် ခက်နှင့်အတူ ဇာမဏီကဲ့သို့ မြူးကြွားနေသော ဆိုက်ဂိုက် ပေမီ မြင်းထွား မြင်းကောင်းကြီးများ၏ စည်းချက်အစုံ မြင်းခွာသံများကိုလည်း မြင်ယောင်ကြားယောင်လာပါ တော့သည်။
စာရေးဆရာကြီး ဒဂုန်တာရာ၏ ၁၉၅၃ ခုနှစ်တွင် ရေးသားခဲ့သော “နှင်းဆွတ်ခွာညို” ဟူသည့် ဝတ္ထုတစ်ပုဒ် တွင် ဇာတ်လိုက် စစ်သည်တော် တပ်မှူးလေးက သူ့ ချစ်သူ ပန်းကြိုက်ပုံကို အမှတ်ရလာသောအခါ “ဆန်း ကြယ်ထူးခြား ပန်းမန်များကို၊ သနားစုံမက် မွေ့သူ လက်နှင့်၊ စုလျက်ရွေး၍ တစေ့စေ့လျှင် ရှေ့ရှေ့နှိုက်တွင် သင့်အောင်ပြင်မှ ကေသျှင်သွယ်မြ မယ့်ထိပ်စဝယ် ယုယ လွန်ကဲ ဆင်စမြဲဖြစ်ရမည်ကို သတိရလာသည်”ဟု ဖွဲ့နွဲ့ရေးသားခဲ့၏။
မကျမြေတွင်၊ ဂေါ်သဇင်ကို
ဆရာကြီး ဒဂုန်တာရာ၏ ဇာတ်လိုက်က တိုင်းပြည် တာဝန်ဖြင့် စိမ့်ကြီးမြိုင်ကြီးထဲ သွားရမည်ဖြစ်သဖြင့် ပြန်လာလျှင် “မကျမြေတွင်၊ ဂေါ်သဇင်ကို၊ ရပ်ခွင်မြေတာ၊ နီးပါဘိမူ၊ စိမ်းဝါညိုမြ၊ ကတော့လှနှင့်၊ ယုယရည်စောင်၊ မနွမ်းအောင်ဟု၊ ဖြူရောင်ပြာညို့၊ သဇင်ဖို့လျှင်” ဟု ချစ်သူ က တခုတ်တရမှာ၏။ ခက်ကပြီ..။ ချစ်သူမှာသော သဇင် ပန်းက စခန်းချရာ ရှေ့တန်းနှင့် လက်တစ်ကမ်းအကွာမှာ ရှိတာမဟုတ်။ ရန်သူ့နယ်မြေထဲမှာပဲ ရှိသည်။ မတတ် နိုင် . . . ။
အခုတော့ သဇင်က စိမ့်ကြီးမြိုင်ကြီးထဲက ပင်မြင့်ပေါ်မှ နှင်းဆွတ်မှ ပွင့်မှာမဟုတ်တော့။ မှန်လှောင်အိမ်တွင် ပွင့်လိုသည့်အချိန် ပွင့်နေလေတော့ လက်အောက်ငယ်သား (သို့) ဒရိုင်ဘာကို ခြံသို့ အဝယ်လွှတ်လိုက်လျှင် ချက်ချင်း ရနိုင်ပေပြီ။ ဆရာဒဂုန်တာရာ၏ “နှင်းဆွတ်ခွာညို” တွင်မူ ချစ်သူမှာလိုက်သော “သဇင်” က တုံးပြီ။ စိမ့်ကြီးမြိုင်ကြီး ထဲမှာ မရှိတော့။ ခွာညိုပန်းသာ လှိုင်နေတော့သည့် ကာလဖြစ်၏။
သဇင်အစား ခွာညိုကိုသာ
“သွယ်ရှင်နားဆီ၊ ခွေပြီရစ်စ၊ ရွရွနွမ်းရှောက်၊ ညှိုး ခြောက်မဆင် ပျံ့ရွှင်ဆီမွှေး” မည့် ချစ်သူ၏ဆံကေသာ ထက်တွင် သဇင်အစား ခွာညိုကိုသာ ဆောင်ယူသွားရ တော့မည်။ ခွာညိုကလည်း တောစပ်မှာသာရှိ၏။ အန္တရာယ်အများသား။ ဆွတ်ခူးယူဖို့ကလည်း အခက်သား။ မနီးမဝေး လုပ်ဖော်ကိုင်ဖက်များဆီက “ငြိမ်းချမ်းသာယာ တဲ့ အိမ် ဘာမှပူစရာ၊ စိုးရိမ်စရာမရှိတဲ့ အိမ်ကလေးပေါ့” ဟူသည့် အသံကလေးကို ကြားနေရသည်တဲ့။ သို့သော် ခွာညိုပန်းကို စိတ်မကူးဝံ့အား။ ထို့နောက် ဒုန်းစိုင်းမြင်းခွာ အသံ၊ အဝတ်ဖြူစရှည်ကြီးနှင့် ချည်နှောင်ထားသော စာ၊ ထို့နောက် နှင်းရည်စွန်းစာလုံးများ၊ ထို့နောက် . . . ။ ဤသို့ဖြင့် ငှက်ပျောဖက်စိမ်းကတော့နှင့် လတ်ဆတ်သော၊ ခွာညိုပန်းလေးတွေ မြို့ကြီးသူ ချစ်သူ၏ လက်ထဲကမ်း ဆင့်နိုင်ခဲ့သတဲ့။
နှင်းဆွတ်ခွာညို
ဒါပေမယ့် လက်ထဲရှိ စာတစ်စောင်ကို ကိုင်ထားရင်း တပ်မှူးလေး မျက်ဝန်းမှာ မျက်ရည်ဝိုင်းနေသည်။ ချစ်သူ့ အတွက် တောပန်းခွာညိုကို လက်ဆောင်ပေးနိုင်လို့ လား…။ ဒါမှမဟုတ်…
“ သူငယ်ချင်း ဟင်္သာ …
မင်းတို့ချီတက်လာမယ့်လမ်းကို ငါသိပါတယ်။ ဒါပေ မယ့် ဒို့တပ်နေ့လယ်ကတည်းက သည့်ပြင်လမ်းက ရွှေ့ သွားပြီ။ ဒို့အတိုက် ဒို့အလာကို စောင့်မနေတော့ဟေ့။ မင်းနဲ့ငါနဲ့ တိုက်ဖို့ဆိုတာ ကျောင်းကတည်းကလည်း သူငယ်ချင်း။ ဂျပန်တော်လှန်ရေးတုန်းကလည်း အတူတူ။ မင်းနဲ့ငါနဲ့တင်လား။ မင်းတို့ရဲ့ စစ်သေနာပတိ ဗိုလ်ချုပ် နေဝင်းနဲ့ ဒို့ရဲ့သေနာပတိ ဗိုလ်ဇေယျဆိုတာဟာလည်း လွတ်လပ်ရေးတိုက်ပွဲတွေမှာ ဒိုးတူပေါင်ဖက် လုပ်လာ ခဲ့ကြသူတွေပါ။ ငါဆိုရင်လည်း ဗိုလ်ချုပ်နေဝင်းရဲ့ တပည့် ဖြစ်ခဲ့တာပါပဲကွာ။
ဗိုလ်ချုပ်နေဝင်းပြောသလို နိုင်ငံရေးကို နိုင်ငံရေးအရ ဖြေရှင်းကြပေစေ။ ဒို့အချင်းချင်းတော့ ဒို့ပြည်ကိုကျူးကျော် လာတဲ့ နယ်ချဲ့ကိုသာ တိုက်ဖို့ကလွဲလို့ အချင်းချင်းတော့ မတိုက်လိုဘူးကွာ။
နိုင်ငံရေးအရ ကွဲလွဲနေတာတွေကို မျက်နှာစုံညီတွေ့ဆုံ ပြီး အေးအေးဆေးဆေး ဖြေရှင်းနိုင်ကြမယ်ဆိုရင် မကောင်းပေဘူးလား…….”
တပ်မှူးလေးက လက်ထဲကစာကို အကြိမ်ကြိမ်ဖတ် ထားလို့ အလွတ်ရလုနေပြီ..။ စာလုံးတွေက ဝေဝါးဝါး..။ မျက်ဝန်းမှာက မျက်ရည်တွေလျှံလုလု…
ဪ. . .“ နှင်းဆွတ်ခွာညို ” တဲ့လေ . . . ။ ။
ကြေးမုံ