ငြိမ်းချမ်းသာယာဝပြောမှုကိုဆောင်ကြဉ်း

 

 

ယနေ့အခါသမယသည် ခရစ်ယာန်ဘာသာဝင်တို့၏ ထုံးတမ်းစဉ်လာအရ ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းသော ခရစ္စမတ်ကာလဖြစ်သည်။ ကမ္ဘာတစ်ဝန်း ပြည်သူပြည်သားအပေါင်းတို့အနေဖြင့် နှစ်သစ်ကူးပြောင်းတော့မည့် မင်္ဂလာရှိသော အချိန်အခါသမယဖြစ်သည်။ ထိုသို့ပျော်ရွှင်ချမ်းမြေ့ပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့်ကာလတွင်   နိုင်ငံသူ နိုင်ငံသားအပေါင်း ကမ္ဘာသူ ကမ္ဘာသားအပေါင်းတို့ ငြိမ်းချမ်းသာယာဝပြောကြစေကြောင်း မေတ္တာပို့သ ကောင်းကျိုးဆောင်ကြရမည် ဖြစ်သည်။

 

တိုင်းသူပြည်သားလူအများတို့အနေဖြင့် စိတ်အေးချမ်းသာပြီး ငြိမ်းချမ်းသာယာဝပြောမှုအပေါင်းကို အလိုရှိကြ၊ တောင့်တကြပေသည်။ အလိုရှိတောင့်တ ကြသည့်အတိုင်း တစ်ဦးအပေါ်တစ်ဦး မေတ္တာစေတနာထား၍ ကောင်းသောအမှု တို့ကို ပြုလုပ်ကြရပေမည်။ တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီချစ်ခင်ခြင်းဖြင့် ငြိမ်းချမ်းသာယာဝပြောမှုအပေါင်းကို ဆောင်ကြဉ်းကြရပေမည်။ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအပြည့်အဝရရှိစေရန် အလေးထား လုပ်ဆောင်ပေးလျက်ရှိသည်။

 

တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကလည်း နိုင်ငံတော်အစိုးရနှင့်အတူလက်တွဲကာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို တက်ညီလက်ညီပါဝင်ဆောင်ရွက်ကြပါမှသာ ပြည်သူတစ်ရပ်လုံး အလိုရှိ အပ်၊ တောင့်တအပ်သောအရာများ ဖြည့်ဆည်းပေလိမ့်မည်။ မြန်မာနိုင်ငံသည် ရှေးပဝေသဏီကာလကတည်းက မတူကွဲပြားသော တိုင်းရင်းသားလူမျိုးများ၊ မတူကွဲပြားသော ထုံးတမ်းစဉ်လာများနှင့် ယှဉ်တွဲနေထိုင်ခဲ့ကြသည်။ မည်သည့် ဘာသာ၊ မည်သည့်လူမျိုးကိုမျှ ထိခိုက်နစ်နာစေခြင်း၊ ခွဲခြားဆက်ဆံခြင်းမရှိဘဲ လူမျိုးမရွေး၊ ဘာသာမရွေး အပြန်အလှန်လေးစား၊ ညီညွတ်၊ စည်းလုံးစွာဖြင့် နိုင်ငံတော်၏ကောင်းကျိုးများကို ညီအစ်ကိုမောင်နှမစိတ်ထားဖြင့် တည်ဆောက်ခဲ့ကြသည်။

 

သို့သော် ၁၉ ရာစုမှစတင်၍ ကိုလိုနီဝါဒ၊ လူမျိုးကြီးဝါဒ၊ မတော်လောဘ ကိုယ်ကျိုးစီးပွားဝါဒ လက်ကိုင်ထားကြသော နိုင်ငံကြီးများသည် နိုင်ငံငယ်၊ လူမျိုးငယ်များအပေါ်တွင် မေတ္တာတရားခေါင်းပါးစွာဖြင့် ဝင်ရောက်စွက်ဖက်ကျူးကျော် နယ်ချဲ့မှုများရှိခဲ့သည်။ တိုင်းတစ်ပါးအပေါ် အမြတ်ထုတ်သွေးစုပ်နိုင်ရေး ဘာသာရေး၊ လူမျိုးရေး၊ စီးပွားရေး၊ စစ်ရေး စသည့်နည်းလမ်းအသွယ်သွယ်ဖြင့် ကျွန်ပြုနိုင်အောင် ကြိုးပမ်းအားထုတ်ခဲ့ကြသည်။ ကျွန်သက်ရှည်စေရေးအတွက် သွေးခွဲအုပ်ချုပ်ရေးစနစ်၊ တိုင်းရင်းသားအချင်းချင်း သွေးခွဲသည့်စနစ်ကို ကျင့်သုံးခဲ့ကြရာ မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရရှိပြီးသော်လည်း အဆိုပါဆိုးမွေများနှင့် ကြုံနေရသည်ကို တွေ့ရမည်ဖြစ်သည်။

 

သွေးခွဲခြင်း၏ အကျိုးဆက်အဖြစ် တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲပြားကာ မေတ္တာမထားနိုင်သည့်အဖြစ်မှ ကိုယ်ကျိုးစီးပွားရှာဖွေမှု၊ အဓမ္မအနိုင်ကျင့်မှု၊ အာဏာထူထောင်မှု၊ လက်နက်ကိုင်သောင်းကျန်းမှု စသည့် လူ့ဘောင်ပျက်စီးစေ သောမကောင်းမှုများကို ပြုလုပ်လာကြသည်။ အဆိုပါဆိုးမွေများကို တိုင်းရင်းသားပြည်သူများ ခံစားနေကြရသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် အဓိကလိုအပ်နေသောအရာမှာ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေး အမြန်ဆုံးရရှိနိုင်ရေး ဖြစ်သည်။ မတူကွဲပြားသော တိုင်းရင်းသားပြည်သူများအားလုံး ငြိမ်းချမ်းစွာအတူ လက်တွဲနေထိုင်ရေးဟူသည့် ကောင်းမြတ်သောအခွင့်အရေးများကို အားလုံးရရှိ ခံစားနိုင်စေရန် မေတ္တာတရားရှေ့ထား၍ အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်သည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားပြည်သူအားလုံး၏ဆန္ဒဖြစ်သည့် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထားဆောင်ရွက်လျက်ရှိပြီး စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက် ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေသည်ကို မြင်တွေ့ရသည်။

 

ထိုသို့ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ဘာသာရေး၊ လူမျိုးရေးကို အလွဲသုံးစားပြုလုပ်ပြီး မြန်မာနိုင်ငံသား အချင်းချင်းကြားတွင် မေတ္တာစေတနာခေါင်းပါးစွာဖြင့် စည်းလုံးညီညွတ်မှု ပျက်ပြားစေရန်၊ လေးစားယုံကြည်မှု ပျက်ပြားပြီး အချင်းချင်း မသင့်မမြတ်ဖြစ်စေရန် လုပ်ဆောင်မှုများကိုလည်း အစဉ်သတိပြုကာကွယ်နေကြရန် လိုအပ်ပါသည်။ လူ့ဘောင်လောကတွင် အပြုနှင့်အဖျက်၊ ကောင်းကျိုးနှင့် မကောင်းကျိုးတို့သည် အစဉ်ဒွန်တွဲ ဖြစ်ပေါ်လေ့ရှိသော်လည်း တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစေရေးအတွက် စုစည်းညီညွတ်သောအင်အားဖြင့် တိုင်းပြည် နှင့်လူမျိုးကို ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ မေတ္တာသည်သာ အောင်မြင်ရေးလက်နက်ဖြစ်သဖြင့် မင်္ဂလာရှိသော နှစ်သစ်ကူးပြောင်းချိန်ကာလတွင် မည်သူတရားပျက်ပျက် ကိုယ်မပျက်စေဘဲ တိုင်းရင်းသားပြည်သူ ညီအစ်ကိုမောင်နှမအချင်းချင်း မေတ္တာရှေ့ထား၍ ညီညွတ်မှုဖြင့် ငြိမ်းချမ်းသာယာမှုအပေါင်းကို ဆောင်ကြဉ်းကြရမည်ဖြစ်ပါကြောင်း။

 

ကြေးမုံ