ငြိမ်းချမ်းသာယာဝပြောရေး ရေကဏ္ဍကို မြှင့်တင်ပေး

 

မဟာကြွယ်

 

ရေသည် ကျွန်ုပ်တို့အားလုံးရှင်သန်ရေးအတွက် အရေးကြီးသော အရာတစ်ခုဖြစ်သကဲ့သို့ သက်ရှိအားလုံးအတွက် အခြေခံအကျဆုံး သဘာဝအရင်းအမြစ်တစ်ခုလည်းဖြစ်သည်။ “ရေအသက် တစ်မနက်ဆိုသကဲ့သို့ပင် ကျွန်ုပ်တို့ အသက်ရှင်ရပ်တည်ရေးအတွက် ရေကိုမရှိမဖြစ် လိုအပ်ပါသည်။ ရေသည်စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့အတွက် ပဓာနကျသောအရာဖြစ်သည်နှင့်အညီ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း သွယ်ဝိုက်ကာ အထောက်အကူပြုလျက်ရှိသည်။ ရေကြောင့်ပင်ကမ္ဘာကြီးသာယာဝပြောကာ ငြိမ်းချမ်းစေနိုင်သကဲ့သို့ ရေကြောင့်ပင် အငြင်းပွားကာ ပဋိပက္ခများကိုလည်းဖြစ်စေနိုင်ပါသည်။ ကမ္ဘာတစ်ဝန်းတွင် ရေကောင်းရေသန့်ရရှိရေးနှင့် ရေဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂက ဦးဆောင်ကာ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ကြောင့်လည်း နိုင်ငံတကာနှင့်သက်ဆိုင်သော ကမ္ဘာ့ရေနေ့အဖြစ် သတ်မှတ်ကာ နိုင်ငံတိုင်းက ပူးပေါင်းလုပ်ဆောင်လျက်ရှိပါသည်။

 

ကမ္ဘာ့ရေနေ့သမိုင်း

 

ကုလသမဂ္ဂသည် ၁၉၇၇ခုနှစ်တွင် ကုလသမဂ္ဂ ရေညီလာခံ(Mar del Plata Water Confrence)ကိုကျင်းပခဲ့ပြီး ရေသည် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုး တိုးတက်မှု၏ သော့ချက်ဖြစ်သည်ဟု အသိအမှတ်ပြု ခဲ့ကြသည်ကို တွေ့ရပါသည်။ ကမ္ဘာ့ရေနေ့နှင့် ပတ်သက်၍ ၁၉၉၂ ခုနှစ် ရီယိုဒီဂျနေရိုး (Rio de Janeiro)မြို့၌ ကျင်းပခဲ့သော ကုလသမဂ္ဂပတ်ဝန်း ကျင်နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညီလာခံတွင် လုပ်ငန်းစဉ်အမှတ်(၂၁)အရ ပထမဆုံးအနေဖြင့် တရားဝင်အဆိုပြုခဲ့ကြပါသည်။ ၁၉၉၂ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့သော ကုလသမဂ္ဂ အထွေထွေညီလာခံ၌ A/RES/47/193 ဆုံးဖြတ်ချက် အရ မတ်လ ၂၂ ရက်နေ့ကို ကမ္ဘာ့ရေနေ့(World Water Day)အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ ကမ္ဘာ့ ရေနေ့ အခမ်းအနားကိုလည်း ၁၉၉၃ ခုနှစ် မတ်လ ၂၂ ရက် နေ့တွင် ပထမဆုံး စတင်ကျင်းပခဲ့ကြသည်။ ကမ္ဘာ့ နိုင်ငံအသီးသီးတွင်လည်း မတ်လ ၂၂ ရက်ရောက်တိုင်း ကမ္ဘာ့ရေနေ့အခမ်းအနားကို နှစ်စဉ် နှစ်တိုင်း ကျင်းပလျက်ရှိပါသည်။

ကမ္ဘာ့ရေနေ့ အခမ်းအနားကို နှစ်စဉ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များစွာရှိပါသည်။ ရေသယံ ဇာတထိန်းသိမ်းရေး၊ ရေအခက်အခဲ မကျရောက်စေရေး၊ ရေကိုစနစ်တကျ သုံးစွဲကြစေရေး၊ သန့်ရှင်း သည့် သောက်သုံးရေနှင့် မိလ္လာစနစ်တို့ကို မရရှိသူများအတွက် အလေးထားဖြေရှင်းပေးရေးနှင့် ရေ၏ အရေးပါမှုတို့ကို လူသားတို့ ဂရုပြုလာကြစေရေး စသည့်ရည်ရွယ်ချက်များ ထားရှိသည်ကိုတွေ့နိုင်ပါသည်။ ထို့အပြင် ကမ္ဘာ့ရေအကျပ်အတည်းနှင့် ပတ်သက်၍ အသိပညာပေးရန် နည်းလမ်းတစ်ခု အဖြစ် ကျင်းပခဲ့ကြပါသည်။  ရေသန့်ရှင်းရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် သက်ဆိုင်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျှော်မှန်းချက်ထားကာ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာကို ကမ္ဘာ့ရေနေ့တွင် နှစ်စဉ်ထုတ်ပြန် လေ့ရှိပါသည်။ ၂၀၃၀ ပြည့်နှစ်တွင် လူတိုင်းအတွက် ရေနှင့်မိလ္လာစနစ်ရရှိစေရန် ကုလသမဂ္ဂက ရည်မှန်း ချက်ထားသည်ကိုလည်း တွေ့ရပါသည်။

ကမ္ဘာ့ရေနေ့အထိမ်းအမှတ်ပွဲများက ရေနှင့်ဆက်စပ်သော အကြောင်းအရာများကို ဖော်ညွှန်းလျက်ရှိပြီး ရေနှင့်ပတ်သက်နေသည့် ပြဿနာ ပေါင်းစုံအပေါ် မတူညီသောနည်းလမ်းများဖြင့် ချဉ်းကပ်ဖြေရှင်းကြပုံတို့ကို လေ့လာသိရှိခွင့်ရနိုင် ပါသည်။ နှစ်စဉ်နှစ်တိုင်းတွင် လက်ရှိကမ္ဘာပေါ်မှာ ဖြစ်ပေါ်နေသော အခြေအနေများအား အခြေခံပြီး မတူညီသည့် ဆောင်ပုဒ်တစ်ခုစီကို ချမှတ်လျက် ယင်းဆောင်ပုဒ်နှင့်ပတ်သက်၍ ဆွေးနွေးအဖြေရှာ ကြခြင်းဖြင့် အကျိုးတရားများလည်း ဖြစ်ထွန်းနိုင်ပါသည်။

ကုလသမဂ္ဂ၏ ကမ္ဘာ့ရေဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာ(United Nations World Water Development Report) WWDRသည် UN-Water ၏ အထင်ကရ အစီရင်ခံစာဖြစ်ပါသည်။ ယင်းတွင်ရေနှင့် မိလ္လာဆိုင်ရာ ပြဿနာများကိုလည်း ထည့်သွင်းဖော်ပြလေ့ရှိသည်။ ယင်းအစီရင်ခံစာက နှစ်စဉ်မတူညီသော ဆောင်ပုဒ်တစ်ခု အပေါ်တွင် အလေးဂရုထားပြီး မူဝါဒချမှတ်ကာ ဆုံးဖြတ်လုပ်ဆောင်ကြမည့်သူတို့အတွက် အကောင်းဆုံး လုပ်ဆောင်သင့်သည်များ၊ ခွဲခြမ်းစိတ်ဖြာလေ့လာသုံးသပ်ချက်များ စသည့်အကြံပြုချက်များ ပါဝင်ပါသည်။

 

၂၀၂၄ ခုနှစ်၏ ဆောင်ပုဒ်

 

ရေရှည်တည်တံ့သော မူဝါဒများအား ချမှတ်အကောင်အထည်ဖော်ဆောင်ရာတွင် အထောက်အကူဖြစ်စေသော ကမ္ဘာ့ရေဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာကို နှစ်စဉ်ထုတ်ပြန်ပါသည်။ ရေရှည်တည်တံ့ခိုင်မြဲသော အစီရင်ခံစာကို UNESCO World Water Development Programme ကိုယ်စား UNESCOက ညှိနှိုင်းဆောင်ရွက်ပေးပြီး ယင်းအစီရင်ခံစာအရ ကမ္ဘာ့ရေနေ့၏ ဆောင်ပုဒ်ကို သတ်မှတ်ဆုံးဖြတ်မည်ဖြစ်သည်။ UN-Water သည် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်ပြီး ကမ္ဘာ့ရေနေ့အတွက် ဆောင်ပုဒ်ကို နှစ်စဉ်ရွေးချယ်ကာ ဆော်ဩပေးပါသည်။

ကုလသမဂ္ဂသည် ရေသယံဇာတနှင့်ပတ်သက်၍ အလေးဂရုပြုနိုင်ရန်အတွက် နှစ်စဉ်နှစ်တိုင်း ဆောင်ပုဒ်တစ်ခုစီ ချမှတ်ပေးပြီး နှိုးဆော်ပေးလျက်ရှိပါသည်။ ကမ္ဘာ့ရေနေ့ ၂၀၂၄ ခုနှစ်အတွက် ဆောင်ပုဒ်မှာ “ငြိမ်းချမ်းသာယာ ဝပြောရေး ရေကဏ္ဍကို မြှင့်တင်ပေး “Water for Peace” ဖြစ်ပါသည်။ လူသားတို့၏ဘဝ သာယာဝပြောရေး အတွက် ရေနှင့်ပတ်သက်၍ လုပ်ဆောင်သင့်သည့် အရာများကို အားလုံးက ညီညီညွတ်ညွတ်ကျင့်ကြံ လိုက်နာလုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။ ရေအရင်းအမြစ်ကို အလဟဿ မဆုံးရှုံးရလေအောင် ဝိုင်းဝန်းထိန်းသိမ်းကြရန်လည်း လိုပေသည်။ ရေသယံဇာတရှိပါမှ ရေကို လုံလုံလောက်လောက်သုံးစွဲနိုင်ပါမှ သာယာဝပြောသော ဘဝ ပန်းတိုင်ကို တည်ဆောက်နိုင်ကြမည်ဖြစ်ပါသည်။

ကမ္ဘာ့ရေနေ့ ၂၀၂၄ သည် ကျွန်ုပ်တို့အားလုံး၏ လိုအပ်ချက်များကို သဟဇာတဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်ရာတွင် မည်သူ့ကိုမျှ နောက်ကျမကျန် ရစ်စေရန် ခိုင်ခိုင်မာမာ ကတိကဝတ်ပြုထားပြီး ရေစွမ်းအားကို အသုံးချခြင်းဖြင့် ကမ္ဘာကြီးငြိမ်းချမ်း သာယာဝပြောရေးအတွက် အထောက်အကူပြု လျက်ရှိပါသည်။

 

ကမ္ဘာ့ရေထုပမာဏနှင့် ရေချို၏အခန်းကဏ္ဍ

 

ရေသည် ဒြပ်စင်နှစ်ခုဖြစ်သော ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်တို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော ဒြပ်ပေါင်းတစ်ခုဖြစ်ပါသည်။ ကမ္ဘာပေါ်တွင်အပေါများဆုံးအရာမှာလည်း ရေသယံဇာတပင်ဖြစ်ပါသည်။ ကမ္ဘာ့မျက်နှာပြင်၏ ၇၁ ရာခိုင်နှုန်းမှာ ရေထုဖြစ်ပြီး ကုဗမိုင် ၃၃၃ သန်းမျှ ရှိပါသည်။ ရေသည် ပင်လယ်သမုဒ္ဒရာများ၊ မြစ်ချောင်းများ၊ အင်းအိုင်ရေကန်များ၊ ဆည်မြောင်းတာတမံများနှင့် ရေခဲမြစ်များ၌ သာမက မိုးတိမ်များတွင်လည်း ရှိပါသည်။ ကမ္ဘာပေါ်ရှိ သတ္တဝါအားလုံး၏ ခန္ဓာကိုယ်နှင့် သစ်ပင်များတွင်လည်း ရေသည် အချိုးအစားအလိုက် ပါဝင်သည်။ ကျွန်ုပ်တို့ခန္ဓာကိုယ်၏ ၆၀ ရာခိုင်နှုန်းသည် ရေဖြင့်ပင် ဖွဲ့စည်းထားပါသည်။

ကမ္ဘာ့မြေမျက်နှာပြင်၏ ၇၁ ရာခိုင်နှုန်းသည် ရေများဖုံးလွှမ်းလျက်ရှိနေသော်လည်း ထိုပမာဏ၏ ၉၆ ဒသမ ၅ ရာခိုင်နှုန်းခန့်သည် ပင်လယ်သမုဒ္ဒရာ၊ မြစ်ချောင်းများဖြစ်ကြသည်။ ကျန်ရှိသည့် ၃ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ရေချိုဖြစ်သည်။ ဝင်ရိုးစွန်း ဒေသများတွင်ရှိသော ရေခဲတောင်၊ ရေခဲပြင်များမှာ ရေချိုပမာဏ၏ ၆၈ ရာခိုင်နှုန်းနှင့် မြေအောက်ရေမှာ သုည ဒသမ ၅ ရာခိုင်နှုန်းခန့်သာရှိသည်ကို လေ့လာ သိရှိရပါသည်။

ကမ္ဘာကြီးပေါ်တွင် ရေသည် အခြားအရာတို့ထက် ရာခိုင်နှုန်းများစွာရှိနေသည် မှန်သော်လည်း ကမ္ဘာ့လူသား အားလုံးအတွက် သန့်ရှင်းသောရေကို လုံလောက်စွာရရှိရန်မှာ လိုအပ်ချက်များ ရှိနေပါသေးသည်။ ကမ္ဘာ့လူဦးရေ၏ ၈၄၄ သန်းခန့်သည် သန့်ရှင်းသောရေကို မရရှိကြကြောင်း သုတေသန ပြုချက်များအရ သိရပါသည်။ အချို့နိုင်ငံများတွင် ရေချိုလုံလောက်မှုမရှိသဖြင့် ပင်လယ်ရေငန်များကို ပြုပြင်သုံး စွဲကြရသည်မျိုးရှိသကဲ့သို့ စွန့်ပစ်ရေဆိုးကိုပင် ပြန်လည်သန့်စင်ကာ သုံးစွဲကြရသည်မျိုးလည်း ရှိပါသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင်ရှိသော နိုင်ငံများအနက် ရေချိုပေါများသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး တစ်ကမ္ဘာလုံး ရေချိုပိုင်ဆိုင်မှု၏ ၁ ဒသမ ၇ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်ထားပါသည်။ မြန်မာနိုင်ငံရှိ မြစ်ချောင်း၊ အင်းအိုင်၊ ဆည်တာတမံနှင့် ရေတွင်းရေကန်များသည် မြန်မာ့ရေချိုအရင်းအမြစ်များပင် ဖြစ်ကြပါသည်။ မြန်မာတွင် ရေအရင်းအမြစ်ပေါများ သည်ဟုဆိုကြသော်လည်း အထက်အညာဒေသအပါအဝင် နေရာဒေသအချို့၌ နွေအခါတွင် ရေမလုံ လောက်သည့်ပြဿနာမျိုးလည်း ရှိနေသေးသည်ကို တွေ့နိုင်ပါသည်။

 

ရေအသုံးချပုံနှင့် ရေပြတ်လပ်မှု

 

လူတို့သည် သောက်သုံးရေသာမက ရေချိုးခြင်း၊ အဝတ်လျှော်ခြင်း၊ ချက်ပြုတ်ဆေးကြောခြင်း စသည်ဖြင့် လူမှုကိစ္စအဝဝတို့တွင် ရေကိုအချိန်တိုင်း အသုံးပြုနေကြရပါသည်။ လူသားများ၏ စားရေရိက္ခာနှင့် သောက်ရေသုံးရေအတွက်သာမက ဇီဝမျိုးစုံတို့၏ ဂေဟစနစ်အတွက်လည်း ရေက အထောက်အပံ့ ပြုလျက်ရှိပါသည်။ ကမ္ဘာ့ရေပေးဝေမှု၏ ထက်ဝက်ခန့်ကို မြေအောက်ရေဖြင့် ပံ့ပိုးပေး ထားပြီး ၄၀ ရာခိုင်နှုန်းကို ကမ္ဘာ့ဆည်ရေသောက် လယ်မြေများအတွက်လည်းကောင်း၊ ကျန်သည့်အရာကို စက်မှုလုပ်ငန်းများတွင် လည်းကောင်း မြေအောက်ရေကို အသုံးပြုလျက်ရှိသည်။

ကမ္ဘာကြီးတွင် သက်ရှိများအတွက် ရေထက်အရေးတကြီးလိုအပ်သောအရာ မရှိနိုင်ပေ။ လူတို့သည် လူမှုကိစ္စများကို နိစ္စဓူဝ ဖြေရှင်းနိုင်ရန်အတွက် လိုအပ်သော ရေပမာဏနှင့် အရည်အသွေးရှိသော ရေကိုမရရှိကြလျှင် ခက်ခဲနိုင်ပါသည်။ အာဖရိက ကျေးလက်ဒေသနှင့် အာရှတိုက်တို့တွင် ကမ္ဘာလုံး ဆိုင်ရာရေ အကျပ်အတည်းရှိနေကြောင်း တွေ့ရ သည်။ တစ်ကမ္ဘာလုံးလူဦးရေ၏ ၈၄၄ သန်းသည် သန့်ရှင်းသောရေကို လက်လှမ်းမမီနိုင်ပေ။ ရေအလုံအလောက် မရရှိကြသော မိသားစုများနှင့် လူ့အဖွဲ့အစည်းများသည် နှစ်ပေါင်းများစွာ ဆင်းရဲတွင်းနက်နေခဲ့ရသည်။ ကလေးများပညာ သင်ကြားခွင့်မရကြဘဲ မိဘများ၏ အသက်မွေး ဝမ်းကျောင်းအလုပ်တွင် လုပ်ကိုင်ကြရသည်။ ၎င်းတို့ဘဝတွင် သန့်ရှင်းသော ရေရရှိရေးသည် အရာအားလုံးကို ပြောင်းလဲစေနိုင်သည့်အပြင် ကြီးပွားတိုးတက်မှုအတွက် ခြေလှမ်းသစ်တစ်ခု ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

မြန်မာနိုင်ငံကဲ့သို့ စိုက်ပျိုးရေးကို အဓိကထားသော နိုင်ငံများတွင် ရေအရင်းအမြစ် လုံလောက်စွာ ရရှိရန် အထူးလိုအပ်ပေသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးတို့၏ အသက်မှာလည်း ရေပင်ဖြစ်ပါသည်။ ရေကို အလုံအလောက်မရရှိလျှင် လူမှုစီးပွားများမှာ အဆင်မပြေမှု ဖြစ်လာပြီး နောက်ဆက်တွဲဖြစ်လာနိုင်သည့် အစာငတ်ခြင်း၊ ရောဂါပျံ့နှံ့ခြင်းစသည့် ဆင်းရဲမွဲတေမှုဆိုင်ရာ ပြဿနာများကို မလွဲမသွေ ကြုံတွေ့ကြရပေမည် ဖြစ်ပါသည်။

ရေပြတ်လပ်မှု၏နောက်ကွယ်တွင် မမျှော်မှန်း နိုင်သော ဆိုးကျိုးများကို ကြုံတွေ့ရနိုင်ပါသည်။ စက်မှုဇုန်များမှ ရေဆိုးများကို စည်းမဲ့ကမ်းမဲ့စွန့်ပစ် မှုကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ခံစားကြရမည်ဖြစ်သကဲ့သို့ သစ်တောသစ်ပင်များ ခုတ်လှဲမှုစသည့် လူလုပ်ပြဿနာများကြောင့် ရာသီဥတုပြောင်းလဲလာမှု၊ ရေသယံဇာတ ရှားပါးလာမှုမျိုးကိုလည်း တွေ့ကြုံလာနိုင်ပါသည်။

ကမ္ဘာတစ်ခုလုံးကိုခြုံကြည့်ရလျှင် သန်းထောင်ပေါင်းများစွာသော ပြည်သူပြည်သားများနှင့်အတူ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ စက်ရုံအလုပ်ရုံအပါအဝင် စီးပွားရေးလုပ်ငန်းခွင်များ စသည့် နေရာမျိုးစုံတို့တွင် သန့်ရှင်းသော သောက်ရေသုံးရေများ လိုအပ်လျက်ရှိသကဲ့သို့ သန့်စင်ခန်းများ၊ မိလ္လာစနစ်များ မှာလည်း လိုအပ်မှုရှိနေကြမည်ဖြစ်ပါသည်။ အလားတူ စိုက်ပျိုးရေးဆိုင်ရာ လယ်ယာလုပ်ငန်းခွင်များနှင့် မွေးမြူရေး လုပ်ငန်းများတွင်လည်း ရေလိုချက်သည်ပဓာန ကျနေဦးမည်ဖြစ်ပါသည်။

အကန့်အသတ်ဖြင့်သာရှိနေသော ရေအရင်းအမြစ်ကို မျှဝေသုံးစွဲကြသည့် လူမျိုးစုများ၊ နိုင်ငံများကြားတွင် ရေလိုအပ်ချက်မှာ မြင့်မားလာသည်နှင့်အမျှ မျှမျှတတ စီမံခန့်ခွဲမှုမပေးနိုင်က အငြင်းပွားမှုများ ပေါ်ပေါက်နိုင်သည်။ ဤသည်ကို နိုင်ငံတော်အစိုးရသာမက နိုင်ငံတကာအဖွဲ့အစည်းများကပါ စောင့်ကြည့် လေ့လာပြီး ကြိုတင်ပြင်ဆင်ထား ရပေမည်။

 

ရာသီဥတုပြောင်းလဲမှုနှင့် ရေ

 

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုများကြောင့် ရေအပေါ်၌လည်း သက်ရောက်မှုရှိသည်ကို တွေ့နိုင်ပါသည်။ ကမ္ဘာကြီးပူနွေးလာခြင်း၊ သစ်ပင်သစ်တော များပြုန်းတီးကာ စိမ်းလန်းစိုပြည်မှုမရှိတော့ခြင်းစသည်ဖြင့် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းလာခြင်းတို့ကြောင့် ရေသယံဇာတများမှာလည်း ရှားပါးလာမှုရှိပါသည်။ ရေနှင့်သဘာဝပတ်ဝန်းကျင်သည် အပြန်အလှန် အကျိုးသက်ရောက်မှုရှိပါသည်။ ရေသယံဇာတသည် ရာသီဥတုပြောင်းလဲမှုကို ခုခံကာကွယ်ရန်အတွက် အကောင်းဆုံးအရာ တစ်ခုဟုလည်း ဆိုနိုင်ပါသည်။ သို့ဖြစ်၍ နိုင်ငံတော် တွင် ရေနှင့်ပတ်သက်၍ အရေးပါသောမူဝါဒများနှင့် အကောင်းဆုံး ပြင်ဆင်ဆောင်ရွက်ထားရှိမှုမျိုး လိုအပ်မည်ဖြစ်ပါသည်။

ရေဝေရေလဲဒေသများ (Watershed) နှင့် သစ်ပင်သစ်တောများကိုလည်း ထိန်းသိမ်းစောင့် ရှောက်ကြရန် လိုအပ်ပေသည်။ သစ်တောများကို ခုတ်ယူခြင်းကြောင့် သစ်တောများ ပြုန်းတီးပျောက်ကွယ်ခြင်း၊ ဂေဟစနစ်ပျက်စီးခြင်းများဖြစ်လာကာ ရာသီဥတုဆိုးရွားမှုများ ဖြစ်လာပြီးမိုးခေါင်ခြင်း၊ ရေရှားပါးခြင်း ပြဿနာများကို ကြုံတွေ့လာရနိုင်ပါသည်။

မြန်မာနိုင်ငံတွင် အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲရေး ဗဟိုကော်မတီ၊ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီနှင့် အမျိုးသားသဘာဝဘေးစီမံ ခန့်ခွဲမှုကော်မတီတို့က ဦးဆောင်ကာ ရာသီဥတုပြောင်းလဲ မှုဖြစ်စဉ်၏ သက်ရောက်မှုများနှင့် ရေဆိုင်ရာ အခက်အခဲပြဿနာများကို ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဖြေရှင်းပေး လျက်ရှိပါသည်။

 

ရေပဋိပက္ခနှင့် နိုင်ငံနယ်နိမိတ်ဖြတ်ကျော်ရေ

 

ရေအရင်းမြစ်များကို ရှာဖွေဖော်ထုတ်အသုံးပြုခြင်း၊ ရေရပိုင်ခွင့်များနှင့်ပတ်သက်၍ အငြင်းပွားမှု ဖြစ်ပွားခြင်းသည် ရေပဋိပက္ခပင်ဖြစ်ပါသည်။ ရေပဋိပက္ခသည် ရေချို၊ ရေငန် နှစ်မျိုးစလုံးအတွက် ဖြစ်နိုင်ပါသည်။ အထူးသဖြင့် မြစ်ချောင်းများ တည်ရှိရာနေရာများ၊ ရေရရှိမှုခက်ခဲနေသော ဒေသများနှင့် နိုင်ငံများအကြားတွင် ပို၍ဖြစ်နိုင်ပါသည်။

ရေချိုအရင်းအမြစ်များ ခွဲဝေသုံးစွဲမှုမမျှတခြင်း၊ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားခြင်း၊ မဟာဗျူဟာမြောက် အသာစီးရလိုခြင်းတို့ကြောင့် ရေပဋိပက္ခများ ဖြစ်ပေါ်လာနိုင်ပါသည်။ နိုင်ငံများအကြားတွင် ရေအရင်းအမြစ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ဆုံးဖြတ် ရာ၌ အခက်အခဲ များစွာရှိနိုင်သဖြင့် အငြင်းအခုံ ဖြစ်လာကာ ရေပဋိပက္ခမှာ ပိုမိုကြီးသွားနိုင်ပါသည်။

ကမ္ဘာတစ်ဝန်းရှိ လူဦးရေ ၃ ဘီလီယံကျော်သည် နိုင်ငံနယ်နိမိတ်များကို ဖြတ်ကျော်ကာ ရေကို မှီခိုနေကြရပါသည်။ နယ်နိမိတ်ဖြတ်ကျော်ရေသည် ကမ္ဘာ့ရေချို စီးဆင်းမှု၏ ၆၀ ရာခိုင်နှုန်းရှိပြီး နိုင်ငံ ပေါင်း ၁၅၃ နိုင်ငံသည် နယ်နိမိတ်ဖြတ်ကျော် ရေတိမ်ပိုင်း စနစ်ပေါင်း ၄၆၈ ခုတွင် နယ်နိမိတ် ဖြတ်ကျော်မြစ်နှင့် အင်းအိုင် ၃၁၀ အနက် အနည်းဆုံး တစ်ခုတည်ရှိကြောင်း ၂၀၂၃ ခုနှစ် UN-Water၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ သို့သော် လည်း နိုင်ငံပေါင်း ၂၄ နိုင်ငံကသာ ၎င်းတို့ကို ရေမျှဝေပေးပြီး ပူးပေါင်းဆောင်ရွက်ရေးအတွက် သဘောတူညီမှုများရှိကြကြောင်း တွေ့ရပါသည်။

ရေပဋိပက္ခသည် ဆင်းရဲသောနိုင်ငံများသာမက အင်အားကြီးနိုင်ငံများ၌ပင် ပါဝင်ပတ်သက်နိုင်ကြောင်းကို အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုမြစ်ပေါ်တွင် ဖြစ်ပွားခဲ့သည့် ရေပဋိပက္ခအရ သိနိုင်သည်။ ဂျာမနီ အခြေစိုက်အဒါလ်ဖီ (Adelphi) အဖွဲ့က ကမ္ဘာပေါ်တွင် ဖြစ်ပွားနေသော ရေအရင်းအမြစ်နှင့် သက်ဆိုင်သည့် ပြဿနာများကို လေ့လာဖော်ထုတ် ထားသည်ကိုတွေ့ရသည်။ ယင်းအဖွဲ့၏ လေ့လာချက်များအရ အာဖရိကအရှေ့မြောက်ပိုင်းတွင် စီးဆင်းနေသော နိုင်းမြစ်ဝှမ်း (Nile Basin) ရေအရင်းအမြစ်အငြင်းပွားမှု၊ ယီမင်နိုင်ငံရှိ ရေရှားပါးပြတ်လပ်မှုနှင့် ပြည်သူလူထုမကျေနပ်မှု၊ ယူဖရေးတီးမြစ် (Eurphrates)၊ တိုက်ဂရစ်မြစ် (Tigris)တို့နှင့် ပတ်သက်၍ တူကီယဲ၊ ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့ကြားက ပဋိပက္ခ၊ အာဖကန်နစ္စတန် နှင့် အီရန်နိုင်ငံတို့အကြား ရေနှင့်ပတ်သက်၍ နယ်နိမိတ်ဖြတ်ကျော်အငြင်းပွားမှု၊ မဲခေါင်မြစ်ဝှမ်း ရေကာတာ စီမံကိန်းများနှင့် အငြင်းပွားမှု၊ အိန္ဒိယနိုင်ငံ ကာဘယ်ရီမြစ်ဝှမ်း (Cavvery Basin)ရှိ ရေနှင့် ပတ်သက်၍ အငြင်းပွားမှု၊ ဆိုမာလီနိုင်ငံ၌ မိုးခေါင်ရေရှားမှုပြဿနာ အစရှိသည်ဖြင့် လေ့လာတင်ပြ ထားသည်ကို တွေ့ရသည်။

ဗုဒ္ဓခေတ်အခါက သာကီဝင်မင်းတို့၏ ကပိလဝတ်မြို့နှင့် ကောလိယမင်းတို့၏ ကောလိယ မြို့တို့သည် ရောဟဏီမြစ်ကမ်း ဘေးတစ်ဖက် တစ်ချက်စီတွင် တည်ရှိကြပြီး မြို့နှစ်မြို့လုံးက ရောဟဏီမြစ်ရေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြရပါသည်။ မိုးခေါင်ရေရှားသော နှစ်တစ်နှစ်တွင် မိုးရေအလုံအလောက် မရရှိကြ တော့ဘဲ မြစ်ရေကို နှစ်ဖက်လယ်သမားများ လုကြရာမှ စတင်ခဲ့သောပြဿနာသည် နှစ်နိုင်ငံစစ်ပွဲ ဖြစ်မည့် အခြေအနေအထိ ကြီးထွားလာခဲ့သည်။ ထိုအခါ ဗုဒ္ဓဘုရားက ရောဟဏီမြစ်သို့ ကြွလာကာ ငြိမ်းချမ်းရေးရေတရား ဟောကြားသောအခါမှ စစ်ပြေငြိမ်းခဲ့ကြကြောင်း ဗုဒ္ဓဝင်စာပေများတွင် တွေ့ရပါသည်။ ဤသို့ဖြင့် ရေပဋိပက္ခသည် ခေတ်အဆက်ဆက်တွင် ပုံသဏ္ဌာန်မျိုးစုံဖြင့် တည်ရှိနေနိုင်သကဲ့သို့ ဖြေရှင်းမှုပုံစံများမှာလည်း ကွဲပြားခြားနားနိုင်ပါသည်။

 

သယ်ယူပို့ဆောင်ရေးနှင့် ရေအားလျှပ်စစ်အတွက် အရေးပါပုံ

 

ရေအရင်းအမြစ်သည် သောက်သုံးရန်နှင့် စိုက်ပျိုးရန်အတွက်သာမက သယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက်လည်း အလွန်အရေးပါလျက်ရှိပါသည်။ မြစ်ချောင်းများမှသည် ပင်လယ်သမုဒ္ဒရာများအထိ ကုန်စည်ကူးသန်းရောင်းဝယ် ပို့ဆောင်ပေးသည့်လုပ်ငန်းတွင် များစွာအသုံးဝင်လျက်ရှိသည်။ ခရီးသည်နှင့်ကုန်ပစ္စည်းများကို ကုန်ကျ စရိတ်သက်သာရန်နှင့် လွယ်ကူလျင်မြန် ထိရောက်အောင် ရေကြောင်းခရီးဖြင့် ပို့ဆောင်ပေးနိုင်ပါသည်။ ယနေ့ခေတ် ကမ္ဘာကြီးတွင် ကုန်းလမ်း၊ လေလမ်းများ မည်မျှပင် ဖွံ့ဖြိုးတိုးတက်လာသည်ဆိုသော်လည်း ရေကြောင်း ပို့ဆောင်ရေးကဏ္ဍများမှာ လျော့ကျမသွားဘဲ လူသားတို့၏ အကျိုးစီးပွားအတွက် တစ်ဖက်တစ်လမ်းက အကျိုးပြုလျက်ရှိနေ ပါသေးသည်။

ထိုသို့ခရီးသည်နှင့် ကုန်စည်များကို အဆင်ပြေချောမွေ့စွာ ပို့ဆောင်ပေးနိုင်စေရန် မြစ်ချောင်းများသည် အရေးပါလျက်ရှိပါသည်။ မြစ်ချောင်များတွင် ကမ်းပါးပြိုကျခြင်း၊ ဒိုက်သရောများ စုပုံနေခြင်း၊ သောင်များဖြစ်ထွန်းလာခြင်း စသည်တို့ကြောင့် ရေကြောင်းသွားလာမှုကို အနှောင့်အယှက်ဖြစ်စေပါသည်။ သို့ဖြစ်၍ မြစ်ချောင်းများ တိမ်ကောမှု မရှိရအောင် ဂရုတစိုက် ဝိုင်းဝန်းထိန်းသိမ်းပေးကြရန် လိုအပ်မည် ဖြစ်ပါသည်။

ရေအားကို ရှေးယခင်ကတည်းကပင် ဆည်ရေသွင်းစိုက်ပျိုးရေးအတွက်သာမက ရေအားလျှပ်စစ် ထုတ်လုပ်ရေး အတွက်ပါ အသုံးချလာခဲ့ကြသည်။ ရွေ့လျားနေသောရေ၏ စွမ်းအင်မှ ရရှိလာသော စွမ်းအားသည် ရေအားလျှပ်စစ်ပင်ဖြစ်ပါသည်။ ရေအားလျှပ်စစ်စွမ်းအင်သည် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တစ်မျိုးဖြစ်ပြီး ရွေ့လျားစီးဆင်းနေသော ရေစွမ်းအင်ကို လူသားများအသုံးပြုနိုင်သည့် လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲ ထုတ်လုပ်မှုပင် ဖြစ်သည်။ ရေအားလျှပ်စစ်သည် ကုန်ကျမှုစရိတ် အသက်သာဆုံးဖြစ်သည့်အပြင် ကမ္ဘာကြီးရှိလူသား မျိုးနွယ်များ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုး ကျေးဇူးများစွာပြုလျက်ရှိပါသည်။

 

လူထုသာယာဝပြောရေးအတွက် နိုင်ငံတော်ကဆောင်ရွက်ပေးနေမှု

 

ရေသည် တိုင်းသူပြည်သားများ သာယာဝပြော ရေးအတွက်အရေးပါသော အရင်းအမြစ်တစ်ခု ဖြစ်သည်နှင့်အညီ “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံစေရေးအတွက် ပြည်သူလူထု ဗဟိုပြုဖွံ့ဖြိုးရေး လုပ်ငန်းများကို လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေ ရန်ဆောင်ရွက်သွားမည်ဟူသည့် ရှေ့လုပ်ငန်းစဉ် တစ်ရပ်ကိုလည်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ထည့်သွင်းချမှတ်ထားသည်ကို တွေ့ရပါသည်။ သို့ဖြစ်၍ နိုင်ငံအနှံ့တွင် ရေကိုဖူလုံစွာရရှိရေးနှင့် ရေအရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အလေးပေး ဆောင်ရွက်လျက်ရှိပါသည်။

ရေရှားပါးသည့် ဒေသများတွင်လည်း နေရာဒေသကိုလိုက်၍ ဆည်မြောင်းတာတမံများ ဆောက်လုပ်ပေးခြင်း၊ ရေတွင်းရေကန်ကြီးများ တူးဖော်ပေးခြင်း၊ အဝီစိတွင်းများတူးပေးခြင်း၊ စိမ့်စမ်းရေများ သွယ်တန်းပေးခြင်း စသည်ဖြင့် ဆောင်ရွက်ပေးခဲ့ပြီးလည်း ဖြစ်ပါသည်။ အချို့ဒေသများတွင် မြစ်ရေတင်စီမံကိန်းများ ဖော်ဆောင်ပေးလျက်ရှိပြီး မြေအောက်ရေထိန်းတမံများ ဆောက်လုပ်ပေးရသည့် နေရာများလည်းရှိပါသည်။ ပြည်သူများ ရေကိုလုံလုံလောက်လောက် အသုံးပြုနိုင်ရန်အတွက် နိုင်ငံတော်၏ နေရာမျိုးစုံမှာ နည်းလမ်းအမျိုးမျိုးဖြင့် စီမံဆောင်ရွက်ပေးလျက် ရှိပါသည်။

နိုင်ငံတော်အနေဖြင့် ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် ရေအရင်းအမြစ်လုံခြုံရေးအတွက် ရေဆိုင်ရာချဉ်းကပ်နည်းများကို ပြန်လည် ဆန်းစစ်သုံးသပ်ပြီး ရေအကျပ်အတည်းများကို စိုးရိမ်မှုမဖြစ်ရအောင် ဆောင်ရွက်ပေးရမည်ဖြစ်ပါ သည်။ ရေလိုအပ်ချက်များကို လျှော့ချရန်သာမက ရေအရည်အသွေး မြှင့်တင်ပေးရန်အတွက်လည်း စီမံဆောင်ရွက်ပေးရမည် ဖြစ်ပါသည်။

ရေလိုအပ်ချက်များကို အဆင်ပြေအောင် ဆောင်ရွက်ပေးခြင်းသည် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအရေးပါလျက်ရှိပါသည်။ လယ်ယာစိုက်ပျိုးရေးကို အဓိကထားသော မြန်မာနိုင်ငံအနေဖြင့် ရေကို အလုံအလောက်ရရှိမှသာ စိုက်ပျိုးရေး အောင်မြင်ဖြစ်ထွန်းနိုင်ပေမည်။ စိုက်ပျိုးရေးအောင်မြင်ဖြစ်ထွန်းမှသာ သီးနှံအထွက် တိုးပြီး စီးပွားရေးတိုးတက်ဖွံ့ဖြိုးနိုင်ပေမည်။ စီးပွား ရေးအဆင်ပြေမှုရှိမှသာ စားဝတ်နေရေးမှသည် ပညာရေး၊ ကျန်းမာရေးအထိ အဆင်ပြေချောမွေ့ကာ လူနေမှုဘဝများ မလွဲမသွေဖွံ့ဖြိုးတိုးတက်လာကြ မည်ဖြစ်ပါသည်။

ကမ္ဘာကြီး ငြိမ်းချမ်းသာယာဝပြောရေးအတွက် ရေ၏အခန်းကဏ္ဍသည် များစွာအကျိုးသက်ရောက်မှုရှိသည်ကို တွေ့ရပါသည်။ ရေချိုအရင်းအမြစ်များနှင့် နိုင်ငံဖြတ်ကျော်ရေများကို ခွဲဝေသုံးစွဲကြသူနိုင်ငံများအကြားတွင် စနစ်တကျ မျှမျှတတစီမံခန့်ခွဲနိုင် မည်ဆိုပါက ရေကြောင့်ပင် နှစ်နိုင်ငံအကြား၌ ငြိမ်းချမ်းမှု၊ သာယာဝပြောမှုတို့ကို ဖန်တီးနိုင်ပါသည်။ နိုင်ငံများအနေဖြင့် ရေကြောင်းကုန်သွယ်မှုကို အသုံးချလျက် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်ကြသကဲ့သို့ ရေမှတစ်ဆင့် ရေအားလျှပ်စစ်စွမ်းအင်သို့ ကူးပြောင်းရယူကာ လူမှုဘဝများ တိုးတက်ဖွံ့ဖြိုးအောင် စွမ်းဆောင်နိုင်ကြပါသည်။ ပြည်သူလူထုတစ်ရပ်လုံး အဘက်ဘက်မှ “ငြိမ်းချမ်းသာယာဝပြောရေးအတွက် ရေကဏ္ဍကို မြှင့်တင်ပေးကြပါစို့ဟုတိုက်တွန်းရင်း ကမ္ဘာ့ရေနေ့ ကို ဂုဏ်ပြုလိုက်ရပါတော့သည်။