ငြိမ်းချမ်းသာယာဝပြောရေး ရေကဏ္ဍကိုမြှင့်တင်ပေး

 

မင်းခန့်ကျော်

 

ဤကမ္ဘာမြေပေါ်တွင် သက်ရှိသတ္တဝါအားလုံး ရှင်သန်နေထိုင်နေသမျှ ကာလတွင် လေ၊ ရေနှင့် အစာအာဟာရသည် မရှိမဖြစ်လိုအပ်လှသည်။ အထူးသဖြင့် ထမင်းအသက် ခုနစ်ရက် ရေအသက် တစ်မနက်ဟု ဆိုရလောက် အောင်ပင် ရေသည် ကျွန်တော်တို့၏ဘဝတွင် လွန်စွာအရေးကြီးခဲ့သည်။ ရေမရှိဘဲနှင့် လောကကြီးတွင် မည်သို့မျှ ရပ်တည်၍ မရနိုင်ခဲ့ပါ။

ရေသည် ကျွန်တော်တို့ဖြစ်တည်မှု၏ အခြေခံအုတ်မြစ်ဖြစ်သည်။ လူ့ခန္ဓာကိုယ် သည် နေ့စဉ် အသက်ရှင်ရန် ရေလိုအပ်သည်။ အစာမရှိဘဲ တစ်ပတ်လုံး အသက်ရှင်နိုင်သော်လည်း ရေမရှိလျှင် တစ်ရက်ပင် အသက်မရှင်နိုင်ခြင်းသည်ပင် ရေ၏အရေးပါမှုကို မြင်နိုင်သည်။ အထူးသဖြင့် ရေသည်ကျွန်တော်တို့၏ အစာကွင်းဆက်အတွက်လည်း မရှိမဖြစ် လိုအပ်နေပြန်သည်။

 

သက်ရှိများကို ထောက်ပံ့ပေးနိုင်သောအရာ

 

ရေသည် ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါ အားလုံး၏ လုပ်ငန်းဆောင်တာအတွက် အခြေခံလိုအပ်ချက်ဖြစ်သည်။ ရေသည် သက်ရှိများကို ထောက်ပံ့ပေးနိုင်သော အရာတစ်ခုဖြစ်သည်။ ရေသည် သတ္တဝါတိုင်း၏  အသက် ဖြစ်သည်ဟုဆိုလျှင် ထိုအဆိုသည် မှန်ကန်သော သဘောတရားသာ ဖြစ်ပါလိမ့်မည်။ သက်ရှိသတ္တဝါတိုင်း၏ အသက်သည် ရေမှအစပြုရိုးအမှန်ပင် ဖြစ်ပါသည်။ ရေမရှိဘဲ အသက်မရှိနိုင်။ ရေမရှိပါက သစ်ပင်ပန်းမန်တို့သည်လည်း ရှင်သန်ကြီးထွားခွင့်မရနိုင်ပါ။ သက်ရှိသတ္တဝါတို့အတွက် မရှိမဖြစ် အရေးကြီးသည့် သစ်ပင်မျိုးစေ့များကို မြေတွင် စိုက်ပျိုးစေပြီး ရေလောင်းပေါင်းသင်ပြီးမှသာ ကြီးထွားလာစေနိုင်သည်။ ထိုအခါမှသာ ကျွန်တော်တို့ နေ့စဉ်စားသုံးသောအရာများဖြစ်သည့် သစ်သီးများ၊ ဟင်းသီး ဟင်းရွက်များကို ရရှိမည်ဖြစ်ပါသည်။ အကယ်၍ ရေသာမရှိတော့လျှင် သက်ရှိသတ္တဝါအားလုံးအတွက် အရေးကြီးသော လေကိုလည်း သစ်ပင်ပန်းမန်တို့မှ ရရှိတော့မည်မဟုတ်ပါ။ ကောက်ပဲ သီးနှံ၊ သစ်ဥသစ်ဖုတို့ကိုလည်း စားခွင့်ရ တော့မည်မဟုတ်ပါ။ ထိုအခါ သက်ရှိ သတ္တဝါအားလုံးတို့သည် ဤကမ္ဘာ မြေကြီးတွင် ရှင်သန်ရပ်တည်၍ရနိုင် တော့မည်မဟုတ်ပေ။ ထို့ကြောင့် ရေသည် သက်ရှိသတ္တဝါတိုင်းအတွက် လွန်စွာအရေးကြီးနေပါသည်။

ယခုခေတ်နောက်ပိုင်းတွင် လူဦးရေ အဆမတန် တိုးတက်လာခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်နိုင်မှုမရှိခြင်းတို့ကြောင့် ရေအရင်းအမြစ် တို့သည် တစ်နေ့ထက်တစ်နေ့ ပို၍ ရှားပါးလာနေသည်။ ရေသည် အကန့်အသတ်ရှိသည်။ ၎င်းသည် ပြန်လည်ပြည့်ဖြိုးမြဲမဟုတ်သော အရင်းအမြစ် တစ်ခုဖြစ်သည်။ ထို့အပြင် ရေအမြောက် အမြားရှိသော်လည်း အသုံးပြု၍မရနိုင်သော ရေများရှိသည်ကိုလည်း သတိချပ် သင့်သည်။

ထို့ကြောင့် လုံလောက်သောရေမရှိခြင်း သို့မဟုတ် ညစ်ညမ်းသောရေကို သောက်သုံးခြင်းသည် လူသားများအတွက် ဆိုးရွားသောကျန်းမာရေးပြဿနာများ ဖြစ်စေနိုင်သည်။ ကျွန်တော်တို့ သောက်သုံးသော ရေပမာဏနှင့် အရည်အသွေးသည် ခန္ဓာကိုယ်ကျန်းမာရေးနှင့် ကျန်းမာကြံ့ခိုင်မှုအတွက် မရှိမဖြစ် လိုအပ်ပါသည်။ ကျွန်တော်တို့သည် ကိုယ့်ဆီတွင်ရှိနေသော ရေအရင်းအမြစ်များကို ထိန်းသိမ်း စောင့်ရှောက်ရမည့်အစား သဘာဝရေအရင်းအမြစ်များကို အလွန်အကျွံ သုံးစွဲနေခြင်းတို့ကြောင့် ရာစုနှစ် တစ်လျှောက်တွင် ပြင်းထန်သည့် ရေရှားပါးခြင်းတို့ကို ကြုံလာနေရသည်။

 

စိန်ခေါ်မှုတစ်ရပ်ကဲ့သို့ ဖြစ်လာ

 

ရေသည် ကမ္ဘာပေါ်ရှိ သက်ရှိများ အတွက် မရှိမဖြစ် လိုအပ်သောအခြေခံ အရင်းအမြစ်ဖြစ်သည့်အားလျော်စွာ ရေသောက်သုံးခြင်း၊ စိုက်ပျိုးခြင်း၊ စက်မှုလုပ်ငန်း၊ စွမ်းအင်ထုတ်လုပ်ခြင်းနှင့် အခြားရည်ရွယ်ချက်များစွာအတွက် အသုံးပြုနေကြရသည်။ မျက်မှောက်ခေတ်ကာလတွင် သက်ရှိ၊ သတ္တဝါများအတွက် သန့်ရှင်းသော ရေရရှိရေးသည် ကမ္ဘာတစ်ဝန်းရှိ လူများစွာအတွက် စိန်ခေါ်မှုတစ်ရပ်ကဲ့သို့ ဖြစ်လာနေသည်။ ကုလသမဂ္ဂ၏ အဆိုအရ လူပေါင်း နှစ်ဘီလီယံကျော်သည် ဘေးကင်းသော သောက်သုံးရေရရှိနိုင်မှုချို့တဲ့နေပြီး လူ လေးဘီလီယံခန့်သည် တစ်နှစ်လျှင် အနည်းဆုံး ရေရှားပါးမှုကို ခံစားနေကြ ရသည်။

စစ်တမ်းများအရ ယနေ့တွင် လူပေါင်း ၆၆၃ သန်းကျော်သည် သောက်သုံးရေ ရှားပါးမှုကြောင့် ၎င်းတို့နှင့် လွန်စွာ ဝေးကွာသော ရေအရင်းအမြစ်များ ရရှိရာနေရာသို့ ခြေကျင်ခရီးထွက်ရခြင်း၊ နာရီပေါင်းများစွာကြာအောင် တန်းစီ စောင့်ဆိုင်းရခြင်း၊ မသန့်ရှင်းသည့် သို့မဟုတ် ညစ်ညမ်းရေအသုံးပြုနေရခြင်း စသည့် ဆိုးကျိုးများဖြင့် ရင်ဆိုင်ကြုံတွေ့ နေရသည်။

ကမ္ဘာ့နိုင်ငံအချို့တွင်လည်း ရေပြတ်လပ်မှုကြုံတွေ့နေရပြီး လွန်စွာဆိုးရွားသည့် အခိုက်အတန့်ကို ကြုံနေရသည်။ ဥပမာအားဖြင့် ရေရှားပါးမှုသည် အရှေ့အလယ်ပိုင်းနှင့် အိန္ဒိယနိုင်ငံ၏ အချို့နေရာများတွင်ပင် အဆိုးရွားဆုံး ပြဿနာများထဲမှ တစ်ခုဖြစ်လာခဲ့သည်။ ပါကစ္စတန်တွင်လည်း ပြင်းထန်သော မိုးခေါင်မှုကြောင့် ရေရှားပါးမှုဒဏ်ကို နှစ်စဉ်ခံနေရသည်။ ဘရာဇီး၊ တရုတ်၊ အမေရိကန်၊ ဂျော်ဒန်၊ တောင်အာဖရိက၊ လစ်ဗျား၊ ကိုဆိုဗို စသည့်နိုင်ငံများတွင် လည်း ရေပြဿနာနှင့် ရင်ဆိုင်နေရသည်။ အထူးသဖြင့် ကမ္ဘာ့လူဦးရေ၏ ထက်ဝက် ခန့်သည် တစ်နှစ်တာအတွင်း ဆိုးရွား သော ရေရှားပါးမှုကို ကြုံတွေ့နေရသည်။

ရေထုညစ်ညမ်းမှုသည် ကမ္ဘာမြေ မျက်နှာပြင်ပေါ်ရှိ သောက်သုံးရေပမာဏ ကို ကျဆင်းစေသည့်အပြင် ရေ၏ အရည်အသွေးကိုလည်း ထိခိုက်စေပါသည်။ ၎င်းသည် လူသားများသာမက တိရစ္ဆာန်များ၊ ငှက်များနှင့် အပင်များကိုပါ ထိခိုက်စေပါသည်။ထို့ကြောင့် ရေ၏ အရေးပါမှုကို တန်ဖိုးထားတတ်ရန် လိုအပ်ပါသည်။

 

အဖိုးတန်ရေသယံဇာတများကို ကာကွယ်ထိန်းသိမ်း

 

ယခုအခါ ကမ္ဘာကြီးပူနွေးလာမှု၊ လူဦးရေတိုးတက်လာမှုနှင့် သစ်တော ပြုန်းတီးမှုတိုးလာခြင်းကြောင့် ရေချိုများ ညစ်ညမ်းလာပြီး အသုံးပြုရရှိနိုင်သည့် ရေပမာဏမှာ လျော့နည်းလာခဲ့ရပါသည်။ ရာသီဥတုဖောက်ပြန်မှုများ၊ တိုးတက်လာသော လူဦးရေများနှင့်အတူ ရေချိုအရင်းအမြစ်များသည် ဆုံးရှုံးလျက်ရှိနေသည်။ ရေချို အရင်းအမြစ်အတွက် လွန်စွာအရေးကြီးသော ရေခဲတောင်များ ပို၍အရည်ပျော်နေမှုက ရေချိုအရင်း အမြစ်ကို ဆုံးရှုံးရန်ပို၍ဖိအားပေးလာနေခဲ့သည်။ ကျွန်တော်တို့၏ အဖိုးတန် ရေသယံဇာတများကို ကာကွယ်ထိန်းသိမ်း ရာတွင် နိုင်ငံတွင်းနှင့် နိုင်ငံ အချင်းချင်းအကြား စည်းလုံးညီညွတ်မှု အရေးတကြီး လိုအပ်နေပါသည်။ ပြည်သူ့ ကျန်းမာရေးနှင့် သာယာဝပြောရေး၊ စားရေရိက္ခာနှင့် စွမ်းအင်စနစ်များ တိုးတက်ရေး၊ စီးပွားရေးကုန်ထုတ် စွမ်းအားနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခိုင်မာအားကောင်းမှုရှိလာရေးတို့သည် ရေအရင်းအမြစ်ကို စနစ်တကျ စီမံခန့်ခွဲနိုင်မှုတို့အပေါ်တွင် အရေးကြီးနေပါသည်။

ကမ္ဘာတစ်ဝန်းရှိ လူဦးရေ သုံးဘီလီယံကျော်သည် နိုင်ငံနယ်နိမိတ်များကို ဖြတ်ကျော်ကာ စီးဆင်းလာသည့် မြစ်ချောင်းရေများကို မှီခိုနေကြရသည်။ သို့ရာတွင် နိုင်ငံပေါင်း ၂၄ နိုင်ငံကသာ ရေမရှိသည့် အရပ်ဒေသဆီသို့ ရေမျှဝေရေးအတွက် ပူးပေါင်းဆောင်ရွက် သဘောတူညီမှုပေးထားသည်။ ဤပမာဏ ကိန်းဂဏန်းသည် မျှခြေနှင့် တွက်ချက်လျှင် လွန်စွာနည်းပါးလှပါသည်။

ရေသည် ငြိမ်းချမ်းရေးအတွက် လွန်စွာအရေးပါသည်ဟု ဆိုရလိမ့်မည်။ ကမ္ဘာ့ကုလသမဂ္ဂက ချပေးသော ယခုနှစ် အတွက် World Water Day ဆောင်ပုဒ် သည်ပင် ‘water for peace’ ဟု ဆိုထား ပါသည်။ ရေသည် ငြိမ်းချမ်းရေးကိုလည်း ဖန်တီးနိုင်သကဲ့သို့ ပဋိပက္ခကိုလည်း ဖန်တီးနိုင်သည်။ မှန်ကန်သော အဆိုတစ်ရပ်ပင်။ သမိုင်းတစ်လျှောက် ခေတ်အဆက်ဆက်တွင် ရေကြောင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်မက် ဖြစ်ပွားခဲ့ရသည်များကိုလည်း မှတ်သားခဲ့ဖူးပါသည်။

 

ရေကို မလိုအပ်ဘဲ မဖြုန်းတီးမိရန်လိုအပ်

 

ရေရှားပါးသည့်အချိန်ကို ကြုံနေရ သည့်အချိန်၌ မမျှတသော ရေသုံးစွဲခွင့် နှင့် ရေသုံးစွဲခွင့်မပေးသည့်ဖြစ်ရပ်များ ကြောင့် ရပ်ရွာများနှင့် နိုင်ငံများကြား တင်းမာမှုများ မြင့်တက်လာခဲ့သည် ကိုလည်း ကြုံခဲ့ဖူးပါသည်။ ယနေ့ခေတ် တွင် ရေသည် ရွှေကဲ့သို့ အဖိုးတန်လာ ကြောင်း သိရှိလာခဲ့ရပါသည်။ ရေကို မလိုအပ်ဘဲ မဖြုန်းတီးမိရန် လိုအပ်လာ ပြီး ရေအရင်းအမြစ်ကိုလည်း ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်လာခဲ့သည်။

ထို့ကြောင့် ရေရှားပါးလာမှု၊ ရေထု ညစ်ညမ်းမှု၊ သောက်သုံးရေချို လျော့နည်းလာရမှု ပြဿနာအားလုံးကို ဖြေရှင်းနိုင်ရန် ကမ္ဘာ့ကုလသမဂ္ဂ၏ အစီ အစဉ်အရ နှစ်စဉ် မတ်လ ၂၂ ရက်နေ့တွင် ကမ္ဘာ့ရေနေ့ကိုကျင်းပရန် အဆိုပြုခဲ့သည်။

ယင်းအဆိုကို ၁၉၉၂ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ၏ သဘာဝပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညီလာခံတွင် ပထမဆုံး အဆိုပြုခဲ့ခြင်းဖြစ်သည်။ ပထမဆုံးသော ကမ္ဘာ့ရေနေ့ကို ၁၉၉၃ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ကျင်းပခဲ့သည်။

World Water Day (ကမ္ဘာ့ရေနေ့)ကို နှစ်စဉ် မတ်လ ၂၂ ရက်နေ့တွင် ကျင်းပလေ့ရှိပြီး ရေချို၏ အရေးပါမှုကို အသိပညာပေးကာ ရေအရင်းအမြစ်များ ရေရှည်တည်တံ့အောင် စီမံခန့်ခွဲနိုင် စေရန် ကြိုးစားဆောင်ရွက်လျက် ရှိသည်။ နှစ်စဉ် မတ်လ ၂၂ ရက်နေ့တွင် ရေနှင့်သက်ဆိုင်သည့် ဆောင်ပုဒ်အမျိုးမျိုးကို ပြသခဲ့ပါသည်။ ကမ္ဘာ့ရေနေ့ ကို ယခုအခါတွင် အရေးကြီးသော နိုင်ငံတကာ အထိမ်းအမှတ်နေ့အဖြစ် အသိအမှတ်ပြုထားပြီး ရေအရင်းအမြစ် ၏ အရေးပါသော အခန်းကဏ္ဍကို အာရုံစိုက်ရန် အခွင့်အလမ်းတစ်ခုအဖြစ် ပါဝင်နေခဲ့ပါသည်။

 

အကြောင်းရင်းများစွာရှိ

 

ကျွန်တော် တင်ပြခဲ့သည့်အတိုင်းပင် ကမ္ဘာ့ရေအကျပ်အတည်းတွင် ရာသီဥတု ပြောင်းလဲမှု၊ လူဦးရေတိုးပွားမှု၊ မြို့ပြနှင့် လေထုညစ်ညမ်းမှုတို့ အပါအဝင် အကြောင်းရင်းများစွာရှိသည်။ ရာသီဥတုပြောင်းလဲမှုသည် မိုးရွာသွန်းမှုပုံစံများကို ပြောင်းလဲစေပြီး မကြာခဏဆိုသလိုပင် ပိုမိုပြင်းထန်သော ရေကြီးမှုနှင့် မိုးခေါင်မှု တို့ကို ဖြစ်စေသည်။ လူဦးရေတိုးပွားမှုနှင့် မြို့ပြလူနေမှုဖြစ်ထွန်းမှုသည် ရေလိုအပ်ချက် တိုးလာကာ ရေအရင်းအမြစ်များ အပေါ် လိုအပ်လာမှုများလာစေသည်။

ထို့ပြင် စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများကြောင့် ရေညစ်ညမ်းမှုသည် ရေအရင်းအမြစ်များကို ဆုံးရှုံးစေပြီး လူတို့အသုံးပြုရန် မသင့်လျော်တော့ပေ။ ကမ္ဘာ့ရေအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ရေစီမံခန့်ခွဲမှုကို ကျယ်ကျယ်ပြန့်ပြန့်နှင့် ပေါင်းစပ်ချဉ်းကပ်ရန် လိုအပ်ပါသည်။ ယင်းတွင် ဘေးကင်းပြီး သန့်ရှင်းသောရေရရှိမှု တိုးတက်စေရေး၊ ရေထိန်းသိမ်းမှုမြှင့်တင်ရေး၊ ရေအသုံးပြုမှုကို စနစ်တကျအသုံးပြု ရေး၊ လေထုညစ်ညမ်းမှုလျှော့ချရေးနှင့် ရေစီမံခန့်ခွဲမှုတိုးမြှင့်ရေးတို့ ပါဝင်သည်။

World Water Day သည် ကမ္ဘာလုံး ဆိုင်ရာ ရေအကျပ်အတည်းနှင့်ပတ်သက်၍ အသိပညာများမြှင့်တင်ရန်၊ ကိုင်တွယ် ဖြေရှင်းရန်နှင့် လုပ်ဆောင်ချက်များကို ပိုမိုမြှင့်တင်လာနိုင်စေရန် အခွင့်အရေးတစ်ရပ်ဖြစ်ပါသည်။ ဘေးအန္တရာယ်ကင်းရှင်းပြီး သန့်ရှင်းသောရေရရှိရေးသည် လူသားတို့၏ ကျန်းမာရေးနှင့် သာယာဝပြောရေး အတွက် ပဓာနကျသော လိုအပ်မှုဖြစ်သည်။ သို့သော်လည်း ကမ္ဘာတစ်ဝန်းရှိ သန်းနှင့်ချီသောလူများသည် ဘေးကင်းသော သောက်သုံးရေကို လက်လှမ်းမမီနိုင်သေးပါ။ထို့ပြင် ရေရှားပါးမှုသည် ပိုမိုအဖြစ် များလာနေပါသေးသည်။

 

အရေးပါသော အသိပညာပေးမှုများ ပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာပွဲ

 

World Water Day သည် ကမ္ဘာ တစ်ဝန်းမှ လူများစုပေါင်းကာ ကျင်းပသည့်အခမ်းအနားဖြစ်ပြီး ရေရှည် တည်တံ့သော ရေစီမံခန့်ခွဲမှုကို အရေးပါ သော အသိပညာပေးမှုများ ပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာပွဲဖြစ်သည်။ ရေနှင့် ပတ်သက်သော ကိစ္စရပ်များအပေါ် လုပ်ဆောင်ချက်မြှင့်တင်ရန် အကောင်အထည်ဖော် ဆောင်ရွက်နေကြသည်။ ရေ၏အရေးကြီးမှုနှင့် ရေရှည်တည်တံ့သော ရေစီမံခန့်ခွဲမှုအတွက် လိုအပ် ကြောင်း အသိပညာပေးရန်အတွက် ကမ္ဘာ့ရေနေ့ (World water day) ကို အသုံးပြုနေကြပါသည်။ အလုပ်ရုံ ဆွေးနွေးပွဲများ၊ လူထုဟောပြောပွဲများ ကဲ့သို့သော ပညာရေးဆိုင်ရာ လှုပ်ရှားမှု များကိုပြုလုပ်ပြီး ပြည်သူများကို အသိပညာပေးလျက်ရှိသည်။

World Water Day တွင် တချို့ အဖွဲ့အစည်းများသည် မြစ်များ၊ ကန်များ နှင့် အခြားရေတွင်းများမှ အမှိုက်များနှင့် အပျက်အစီးများကို ဖယ်ရှားရှင်းလင်းရေး လှုပ်ရှားမှုများ ပြုလုပ်ကြသည်။ ဤလှုပ်ရှားမှုများသည် ရေ၏အရည် အသွေးကိုမြှင့်တင်ရန်နှင့် ရေအရင်းအမြစ်များ သန့်ရှင်းနေရန် အရေးကြီး ကြောင်း အသိပညာများပေးကာ မြှင့်တင် နေခြင်းပင်ဖြစ်ပါသည်။ ထို့ပြင် ရေနှင့် ပတ်သက်သော ပြိုင်ပွဲများဖြစ် သည့် World Water Day Quiz ၊ World Water Day လှုပ်ရှားမှုများ၊ World Water Day ပိုစတာပြုလုပ်ခြင်း၊ World Water Day ပုံဆွဲပြိုင်ပွဲ၊ World Water Day မိန့်ခွန်း၊ World Water Day ဆောင်းပါးပြိုင်ပွဲများကို ပြုလုပ်ပြီး ပြည်သူများအား ရေနှင့် ပတ်သက်သော အမြင်များကို မျှဝေရန် ကြိုးပမ်းနေကြပါသည်။

World Water Day သည် ရေထိန်းသိမ်းခြင်း အလေ့အကျင့်များ၊ ဆန်းသစ်သော နည်းပညာများနှင့် ရပ်ရွာ ဦးဆောင်သည့် စီမံချက်များကဲ့သို့သော ရေရှည်တည်တံ့သည့် ရေစီမံခန့်ခွဲမှု၏ အောင်မြင်သောနမူနာများကို ပြသရန် အခွင့်အရေးလည်းပေးပါသည်။ ၎င်းသည် အခြားသူများကို အရေးယူရန်နှင့် ၎င်းတို့၏ ကိုယ်ပိုင် အခြေအနေများတွင် အကောင်းဆုံးအလေ့အကျင့်များ ချမှတ်ရန် လှုံ့ဆော်ပေးနိုင်သည်။

အချုပ်ဆိုရသော် ကမ္ဘာ့ရေနေ့သည် ကမ္ဘာ့ရေအကျပ်အတည်းနှင့် ပတ်သက်၍ အသိပညာများ မြှင့်တင်ရန်နှင့် ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်မှုများကို မြှင့်တင်ရန် အရေးကြီးသော အခါသမယဖြစ်သည်။ လူတိုင်းဘေးကင်းပြီး သန့်ရှင်း သောရေကို သောက်သုံး၍ သုံးစွဲခွင့်ရနိုင်ရန်အတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော ရည်မှန်းချက်များကိုချမှတ်ပြီး အကောင်ထည်ဖော်နိုင်ရန်ကြိုးစားနေရမည်။ ရေသယံဇာတများကို ယုတ်လျော့ မရှားပါးလာစေရန်ကိုလည်း ရေတို၊ ရေရှည် စီမံကိန်းများချမှတ်ပြီး ထိန်းသိမ်းစောင့်ရှောက်ရန် ကြိုးစားနေရမည် ဖြစ်ပါသည်။