ဧပြီ ၂၅

 

လူ့ဘ၀ဖြစ်တည်လာကတည်းက ပျော်ရွှင်စရာ၊ နှစ်ခြိုက်သဘောကျစရာ စသည်တို့နှင့်အတူ စိတ်ပျက်စရာ၊ ဝမ်းနည်းတုန်လှုပ်စရာ စသည်တို့ကလည်း ရောယှက်ပြည့်နှက်နေသည်ပဲဖြစ်၏။ အကောင်း၊ အဆိုး ဒွန်တွဲ ရှိနေတတ်သည့် လောကဓမ္မတာ။

 

လာဘ်လာဘ ဥစ္စာပစ္စည်းပေါများရရှိ၍ ပျော်ရွှင်ရသည်။ ဥစ္စာပစ္စည်းမရရှိ နည်းပါး၍ စိတ်ညစ်ရသည်။ မိတ်ဆွေအခြွေအရံ အသင်းအပင်းတို့ တရုန်းရုန်းရှိနေရ၍ စိတ်ချမ်းသာရသည်။ မိတ်ဆွေ လျော့နည်း ရှားပါးရ၍ စိတ်ထိခိုက်ရသည်။ မိမိ၏ လုပ်ရပ်၊ မိမိ၏ အောင်မြင်မှုတို့အတွက် ချီးမွမ်းခံရ၍ ပီတိဖြစ်ရသည်။ မိမိကို ကဲ့ရဲ့ အတင်းဆိုပြောခြင်းခံရ၍ စိတ်ကုန်ခန်းရသည်။ ဘဝတွင်းသို့ ဝင်ရောက်လာသော ချမ်းသာမှုများအတွက် ချမ်းမြေ့ပြည့်စုံ လုံခြုံရ၏။ မဖိတ်ခေါ်ဘဲ ရောက်လာလေ့ရှိသည့် ဒုက္ခဆင်းရဲများနှင့် ကြုံရသည့်အခါ စိတ်ဆင်းရဲခြင်းဖြစ်ရ၏။

 

ဤသည်ပင် လောကဓံတရားဖြစ်ပေသည်။

 

ဤသည်ပင် လောကဓံတရားနှင့် ကြုံကြရသည့်အခါ လူသားတို့၏ ရုတ်ခြည်းတုံ့ပြန်တတ်မှုတို့ ဖြစ်ချေသည်။ အကောင်းနှင့် ကြုံသည့်အခါတွင် လှိုက်လှဲဝမ်းသာဖြစ်ရ၊ တက်ထောင်မာန်ကြွ ဖြစ်တတ်သကဲ့သို့ အဆိုးနှင့်ကြုံရသည့်အခါ စိတ်ကျပူပန်၊ ညှိုးနွမ်းရပြန်လေ့ရှိပါ၏။

 

ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါ ကမ္ဘာအနှံ့ ပြန့်ပွားကူးစက်သွားသည့်သတင်း ထွက်ပေါ်လာသည်နှင့် လူတို့၏ ရုတ်ခြည်း စိတ်တုံ့ပြန်မှုမှာ စိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ်တို့ ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။ ကမ္ဘာကြီးသည် မလုံခြုံ၊ လူသားတို့၏ အသက်အန္တရာယ်များကို ဘယ်ကဘယ်လို လာမည်မှန်းမသိသည့် မမြင်ရသော ဗိုင်းရပ်စ်ပိုးက ခြိမ်းခြောက်နေပြီဟူသည့် ပူပန်မှုက လွှမ်းခြုံလာ၏။

 

လူ့သဘာဝဓမ္မတာအရ စိုးရိမ်ပူပန်စိတ်၊ ကြောက်ရွံ့စိတ်တို့ မြင့်မားလာသည်ဆိုခြင်းမှာ ယေဘုယျ လူ့စရိုက်လက္ခဏာသာ။

 

ထို့အတူ လူ့ဘ၀၊ လူဖြစ်သည့်အချိန်မှစ၍ ဘေးဒုက္ခနှင့် ရန်အမျိုးမျိုးကို တွေ့ကြုံရင်ဆိုင် ကျော်လွှားနေရသည်မှာ ဖြစ်ရိုးဖြစ်စဉ်သာ။ လူဖြစ်လာပြီဆိုကတည်းက ရှောင်လွှဲ၍မရနိုင်သည့် အမှန်တရားပင် ဖြစ်ပါသည်။ ဤသည်ကပင် ဒုက္ခသစ္စာ။ ။

 

ထို့ကြောင့် ဘေးဒုက္ခအန္တရာယ် အခက်အခဲအကျပ်အတည်းများဖြင့် တွေ့ကြုံကြရသည်ကို လောကဓမ္မတာဟု သိမြင်ကာ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ကြဖို့လည်း လိုပါသည်။ ပုထုဇဉ် လူသားများအနေဖြင့် ကပ်ရောဂါဘေးနှင့် ကြုံရသည့်အခါ စိုးရိမ်ပူပန်ဖြစ်ခြင်းက ဖြစ်ရိုးဖြစ်စဉ် ဆိုသော်လည်း အစိုးရိမ်လွန်ခြင်း အကြောက်လွန်ခြင်းသည်ကား အခက်အခဲ အကျပ်အတည်းတွင်းသို့ ပိုမိုနက်ရှိုင်းစွာ တိုးဝင်ရာကျပေသည်။ စိုးရိမ်လွန်ခြင်းက ဘေးဒုက္ခအန္တရာယ်ကို ကျော်လွှားနိုင်လိမ့်မည်မဟုတ်။ အသိပညာရှိရှိ သတိကြီးကြီးဖြင့် တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ခြင်းကသာ အခက်အခဲများကို အမှန်တကယ်အောင်မြင်အောင် ကျော်လွှားနိုင်မည်ဖြစ်၏။

 

လူတို့ဘဝမှာ တွေ့ကြုံကြရလေ့ရှိသည့် ကောင်းမှု၊ ဆိုးမှု အထွေထွေကို မည်သို့ရင်ဆိုင်ကြ၊ မည်နှယ်ကျော်လွှားကြ၊ မည်ပုံသဘောထားကြလဲဆိုသည်က ဘဝနေနည်းထိုင်နည်း၊ ဘ၀ရင်ဆိုင်နည်း၊ လောကဓမ္မ ဘဝအမြင်ဟု ဆိုရချေမည်။ ဘဝကို ရဲရဲရင့်ရင့်ဖြင့် ရင်ဆိုင်ခြင်း၊ မှန်မှန်ကန်ကန် သဘောထားခြင်း၊ တည်တည်ငြိမ်ငြိမ် ဖြတ်သန်းခြင်းတို့သည် လောကဓံတရားကို ငြိမ်းချမ်းစွာ အောင်မြင်ခြင်း သို့မဟုတ် ဘဝကို မင်္ဂလာရှိစွာ ဖြတ်သန်းခြင်းပင် ဖြစ်ပေမည်။

 

သုံးဆယ့်ရှစ်ဖြာသော မင်္ဂလာတရား လာ

ဖုဋ္ဌဿ လောကဓမ္မေဟိ

စိတ္တံယဿ န ကမ္ပတိ

အသောကံ ဝိရဇံ ခေမံ ဟူသော

“ကောင်းဆိုးနှစ်တန်လောကဓံတို့ဖြင့် ရင်ဆိုင်ကြရသည့်အခါ မကြောက်မရွံ့ မတုန်လှုပ်နှင့် ကြောင့်ကြစိုးရိမ် မလွန်လေနှင့်၊ တပ်မက်မှုရာဂအပြစ်ဟူ၍ မြူမှုန်မျှမရှိ ကင်းစင်လင့်၊ လောဘ ဒေါသ မောဟ မာန ဒိဋ္ဌိအစရှိသည့် ကိလေသာရန်တို့မှ ဝေးကာ ငြိမ်းချမ်းသောစိတ်ထားကို မွေးမြူကျင့်” ခြင်းဖြင့် လောကဓံ တရားရှစ်ပါးကို အောင်မြင်ကျော်လွှားနိုင်ကြပါစေ။ ယနေ့ ရင်ဆိုင်နေရသော ကပ်ရောဂါဘေးမှ ဝေးကွာလွန်မြောက်နိုင်ကြပါစေ သတည်း။ ။

 

မြန်မာ့အလင်း