၁၀  စက်တင်ဘာ

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များသည် ခေတ်ကာလအလျောက်ပြောင်းလဲလျက်ရှိသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပထဝီဝင်အချက်အလက် ရေစီးကြောင်းအမျိုးမျိုးအကြားတွင် လူသားမျိုးနွယ်တို့၏ ယဉ်ကျေးမှုအမွေအနှစ်များ ပျောက်ပျက်သွားခြင်းမရှိစေရေး ထိန်းသိမ်းနိုင်ခဲ့ခြင်း၊ ထိန်းသိမ်းရမည်ကိုသိသည့် အတွေးအခေါ် အယူအဆ မြင့်မားခဲ့ခြင်းနှင့် အမှန်တကယ်ချစ်မြတ်နိုးစွာ ထိန်းသိမ်းခဲ့ခြင်းတို့ကြောင့် ယနေ့တိုင်ကိုယ်တိုင်မြင်တွေ့ခွင့်ရပြီး တည်မြဲနေကြခြင်းဖြစ်သည်။ ထိန်းသိမ်းစောင့်ရှောက်ထားသော ယဉ်ကျေးမှုအမွေအနှစ်များ၏ နှစ်ပရိစ္ဆေဒကြာမြင့်မှုနှင့် တွေးခေါ်ယူဆမှု၏ အနုလက်ရာများအလိုက် အမွေအနှစ်၏တန်ဖိုးများမှာလည်း မြင့်မားခဲ့ကြပါသည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားမျိုးနွယ်စုပေါင်းများစွာဖြင့် စုဖွဲ့၍ နှစ်ပေါင်းရှည်ကြာစွာ တည်တံ့လာခဲ့သော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ လူမျိုးဓလေ့စရိုက်များ စုံလင်လှသော်လည်း နိုင်ငံအနှံ့အပြားတည်ရှိနေသည့် ယဉ်ကျေးမှု အမွေအနှစ်များအပေါ်တွင် တညီတညွတ်တည်း အလေးထားဂရုပြုတန်ဖိုးထားကြလေ့ ရှိပါသည်။ မိမိတို့ အမွေအနှစ်တို့သည် ခိုင်မာသော အထောက်အထားများဖြင့် ပြည့်စုံသည့် ထည်ဝါဂုဏ်မြောက်သော ယဉ်ကျေးမှု အမွေအနှစ်များ ဖြစ်ခြင်းကြောင့်လည်း ကမ္ဘာ့အလယ်တွင်ဂုဏ်ယူဝင့်ကြွားစွာ မျက်နှာပန်းလှနေပါသည်။

အဆိုပြုဒေသများ

မြန်မာနိုင်ငံတွင် ကမ္ဘာ့အမွေအနှစ်စာရင်း သတ်မှတ်နိုင်ရေးအတွက် အခြေခံအားဖြင့် ကမ္ဘာ့အဆင့်မီ စံတန်ဖိုးများ (Outstanding Universal Value)ဖြစ်သည့် ခိုင်မာမှု(Integrity)၊ စစ်မှန်မှု(Authenticity)စသည့် အချက်များနှင့် ပြည့်စုံလုံလောက်မှုရှိသည့် ယဉ်ကျေးမှုအမွေအနှစ် ဒေသပေါင်းများစွာအနက်မှ အောက်ပါ အမျိုးသားအဆင့် အမွေအနှစ်နေရာများကို အဆိုပြုအမွေအနှစ်စာရင်း (Tantative List) အဖြစ် ၁၉၉၆ ခုနှစ်တွင် UNESCO သို့ တင်သွင်းခဲ့ကြပါသည် -

(က) မြန်မာနိုင်ငံအထက်ပိုင်းဒေသများမှ ရှေးဟောင်းမြို့များ၊ (အင်းဝ၊ အမရပူရ၊ စစ်ကိုင်း၊ မင်းကွန်း၊ မန္တလေး)

(ခ) ပြဒါးလင်းဂူ၊

(ဂ) ပုဂံရှေးဟောင်းအမွေအနှစ်ဒေသရှိ အဆောက်အုံများ၊

(ဃ) အင်းလေးကန်၊

(င) ပဲခူး၊ ဟံသာဝတီ စသည့် မွန်ရှေးဟောင်းမြို့တော်များ၊

(စ) မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသ၊

(ဆ) ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာ စသည့် ပျူရှေးဟောင်းမြို့များ၊

(ဇ) အုံတုံ၊ စလေ၊ ပုခန်းကြီး၊ ပုခန်းငယ်၊ လယ်ကိုင်း၊ စကု၊ ရွှေကျောင်း (မန္တလေး) တို့ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ အဆိုပြု ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ရွှေတိဂုံစေတီတော်နှင့် ပရိုင်းမိတ်ဒေသတွေကို အဆိုပြုဖြည့်စွက် ပေးပို့ထားပါသည်။

ကမ္ဘာ့အမွေအနှစ်

အဆိုပြုဒေသ ၁၀ ခုအနက်မှ ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာ စသည့် ပျူမြို့ဟောင်း သုံးမြို့ကို ၂၀၁၄ ခုနှစ်တွင်လည်းကောင်း၊ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ၂၀၁၉ ခုနှစ်တွင်လည်းကောင်း ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရန် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ ယခုအခါတွင် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် သတ်မှတ်ခံရရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

မြောက်ဦးဒေသအား မြန်မာနိုင်ငံအတွက် တတိယအကြိမ် ကမ္ဘာ့မှတ်တမ်းအမွေအနှစ်ရရှိရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့၏ ဦးဆောင်မှုဖြင့် ဆက်စပ်ဝန်ကြီးဌာနများ၊ ပြည်နယ်ဌာနဆိုင်ရာများ၊ အမွေအနှစ်ချစ်မြတ်နိုးကြသူ အဖွဲ့အစည်းများနှင့်ဒေသခံပြည်သူများ ပူးပေါင်းကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခုအခါ အဆိုပြုစာတွဲ(မူကြမ်း)ကို UNESCO သို့တင်ပြနိုင်ရေး အချက်အလက်များဖြည့်စွက်ခြင်း၊ ပြင်ဆင်ရေးသားခြင်း၊ မြေပုံအချက်အလက်များ မှန်ကန်ရေးဆောင်ရွက်ခြင်း၊ သမိုင်းအထောက်အထားများ မှန်ကန်စေရေးအတွက် ရက်ရှည်ညှိနှိုင်းဆောင်ရွက်ကြပြီးနောက် အဆိုပြုစာတွဲ(မူကြမ်း) ရေးသားမှုအပြီးသတ်လုနီးပါးဖြစ်ကြောင်း သိရှိရသည်။ ထို့အပြင် ဖော်ပြပါ သတ်မှတ်အချိန်ဇယားများအတိုင်းလည်း ဆက်လက်အကောင်အထည်ဖော်သွားကြမည် ဖြစ်ပါသည်။

mg zan 002

ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာစံတန်ဖိုးသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိရန် လိုအပ်ပြီး အောက်ပါသက်သေ အထောက်အထားတို့သည် အရေးပါသည့် အဓိကကျသော အကြောင်းအချက်များ ဖြစ်သည်

(က) ခိုင်မာမှုရှိခြင်း

(ခ) စစ်မှန်မှုရှိခြင်း

ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးသတ်မှတ်ချက်

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေးအတွက် အခြေခံလေ့လာဆန်းစစ်ချက်တစ်ခုမှာ ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုး (သို့မဟုတ်) ကမ္ဘာ့အဆင့်မီစံတန်ဖိုး ရှိ၊ မရှိ သုံးသပ်ဆုံးဖြတ်ခြင်းဖြစ်ပါသည်။ ကမ္ဘာ့အဆင့်မီစံတန်ဖိုး ဆန်းစစ်ချက်တွင် ခိုင်မာမှုရှိခြင်း၊ စစ်မှန်မှုရှိခြင်းနှင့် စံတန်ဖိုးများနှင့် ကိုက်ညီမှုရှိကြောင်း တို့ကို တိုက်ဆိုင်စိစစ် သတ်မှတ်ဆုံးဖြတ်ကြခြင်း ဖြစ်ပါသည်။

ခိုင်မာမှုရှိခြင်း

မြို့ပြစနစ်နှင့် ဖွဲ့တည်ပုံဖြစ်သော အခြေအနေ၊ မြို့ရိုး၊ ကျုံး၊ စပါးကျီ၊ ခံတပ် စသည့် ကြွင်းကျန်ရစ်သော အထောက်အထားများသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက တည်ဆောက်ခဲ့သော အနေအထားတို့ကို ကောင်းစွာဖော်ပြနိုင်ပါသည်။ ဗိသုကာလက်ရာနှင့် စာပေမှတ်တမ်းဆိုင်ရာ အထောက်အထားတို့သည်လည်း ခေတ်ကာလသက်တမ်းကို ကောင်းစွာအထောက်အပံ့ ပေးနိုင်သကဲ့သို့ နှစ်ပေါင်းများစွာ ရှင်သန်၊ ဖွံ့ဖြိုးတိုးတက်မှု ရှိခဲ့ကြောင်းတို့ကို သက်သေပြနိုင်ပါသည်။ သဘာဝပတ်ဝန်းကျင်ကို ကောင်းစွာပြုပြင်ဖန်တီးနိုင်ခဲ့သော လယ်ယာစိုက်ပျိုးမှု လုပ်ငန်းအတွက် အရေးပါသော တူးမြောင်းများ၊ ရေကန်များသည် ယင်းခေတ်ကာလမှသည် ယနေ့တိုင် အသုံးပြုလျက်ရှိသော အထောက်အထားများပင် ဖြစ်ပါသည်။ ကြွင်းကျန်တည်ရှိနေသော အဆောက်အအုံများ၊ ရှေးဟောင်းသုတေသန အထောက်အထားများ၊ တွေ့ရှိသည့် ဝတ္ထုပစ္စည်းများသည် ယဉ်ကျေးမှုတန်ဖိုးနှင့် ဖွံ့ဖြိုးတိုးတက်လာမှုကိုလည်း ကောင်းစွာသက်သေပြနိုင်သည့် ခိုင်မာမှုရှိခြင်း၏ သက်သေများ ဖြစ်ပါသည်။

စစ်မှန်မှုရှိခြင်း

ရှေးဟောင်းဘုရားပုထိုး၊ အဆောက်အအုံနှင့် နန်းတော်ရာ တို့သည်ရှေးမူလက်ရာမပျက် တည်ရှိနေခြင်း၊ ယနေ့တိုင် လက်ခံကျင့်သုံးလျက်ရှိသည့်ဗုဒ္ဓဘာသာဆိုင်ရာ ဓလေ့ထုံးတမ်းများ၊ လယ်ယာစိုက်ပျိုးမှုနှင့် ကုန်သွယ်မှုဆိုင်ရာ နည်းစနစ်များ၊ ရေအသုံးချမှုစနစ်တို့သည် မူလ၊ သဘာဝကိုအခြေခံ၍ ဆက်လက်အသုံးပြုနေသည့် အနေအထား တွေ့ရှိနေရသလို ယနေ့တိုင် ရှေးခေတ်ဟောင်းယဉ်ကျေးမှုဆိုင်ရာ အခင်းအကျင်း (Cultural Lanscape)များစွာတို့ ကြွင်းကျန်တည်ရှိခြင်း စသည့် စစ်မှန်သောအထောက်အထား လက္ခဏာများကိုပြသည့် အမွေအနှစ်တို့၏ စစ်မှန်မှုရှိသည့် သက်သေများပင်ဖြစ်ပါသည်။

စံတန်ဖိုး

အထက်ပါအချက်များမှာ မြောက်ဦးဒေသအား ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်နိုင်ရေးအတွက် ကိုက်ညီမှုရှိသည့်အပြင် ကိုက်ညီသည့် စံနှုန်းသတ်မှတ်ချက်များအနက် ပိုမိုထင်ရှားပေါ်လွင်နိုင်မည့် စံသတ်မှတ်ချက်များဖြစ်သည့် ၃ နှင့် ၄ တို့ကို ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၊ ဒေသအမွေအနှစ်ချစ်မြတ်နိုးသူများက ညှိနှိုင်းအစည်းအဝေးများပြုလုပ်ကာ စိစစ်တင်ပြထားခြင်းဖြစ်ပါသည်။

စံတန်ဖိုး(၃) (Testimony) မြောက်ဦးမြို့ဟောင်းသည် ဗုဒ္ဓအခြေပြု မြို့ပြယဉ်ကျေးမှုအဖြစ် သမိုင်းမှတ်တမ်း အထောက်အထားများဖြစ်ပြီး ဗုဒ္ဓဘာသာ၏ ဓမ္မနှင့်သံဃာအဖွဲ့ အစည်းကို ခိုင်မာစွာတည်ထောင်နိုင်ခဲ့သည့် အထောက်အထားများစွာရှိနေသကဲ့သို့ ရေအရင်းအမြစ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချပြီး လယ်ယာစိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခဲ့ခြင်း၊ သဘာဝတောင်တန်းများကိုအသုံးပြု၍ ကာကွယ်ရေးစနစ်များ အသုံးပြုခဲ့ခြင်းနှင့် ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်မှုနှင့်အတူ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ်လာရာအုတ်၊ ကျောက်အဆောက်အအုံ ဗိသုကာပညာရပ် ကောင်းစွာဖွံ့ဖြိုး တိုးတက်ခဲ့ခြင်း၊ နိုင်ငံတကာနှင့် ကုန်ကူးသန်းရောင်းဝယ်ခဲ့သည့် အထောက်အထားများ တွေ့ရှိရခြင်းသည်စံတန်ဖိုး(၃)ကို ထောက်ပံ့ပေးနိုင်မည့် အချက်အလက်များဖြစ်ပါမည်။

စံတန်ဖိုး(၄) (Typology) စနစ်ကျ၍ ဖွံ့ဖြိုးတိုးတက်ခဲ့သော မြို့ပြစနစ်နှင့်မြို့ပြအဆောက်အအုံများကို ဖန်တီးတည်ဆောက်နိုင်ခြင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ရေအရင်းအမြစ်များကို စီမံခန့်ခွဲနိုင်ခြင်း၊ လယ်ယာစိုက်ပျိုး ရေး၊ ကျောက်၊ ကြေး၊ သံ၊ အုတ်တို့ကိုအသုံးပြုခြင်း၊ မြို့ပြစနစ်၏အရေးပါသော လက္ခဏာများအဖြစ် မြို့ရိုးနှင့် ကျုံး၊ တူးမြောင်းများ၊ ဘာသာတရားကို အထွတ်အမြတ်ထားမှုနှင့်အတူ ဘာသာရေးဆိုင်ရာ အဆောက်အအုံများကို သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ တင့်တင့်တယ်တယ်ဖြစ်အောင် ဖန်တီးတည်ဆောက်နိုင်ခဲ့ခြင်း၊ ကိုးကွယ်ယုံကြည်မှုအပေါ် စေတနာထက်သန်မှုနှင့် စိတ်ကူးစိတ်သန်း အကြံဉာဏ်များကို ဖန်တီးဖော်ဆောင်နိုင်မှုရှိသည့် အမွေအနှစ်လက္ခဏာပေါင်းများစွာ တွေ့ရှိရခြင်းသည် စံတန်ဖိုး(၄) အထောက်အပံ့များ ပင်ဖြစ်သည်။

အထက်ပါအချက်များသည် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသနှင့် ကိုက်ညီမှုရှိနေသည့် အချက်များဖြစ်ပြီး ဒေသနေပြည်သူများ၏ ကမ္ဘာ့အမွေအနှစ်အဖြစ် ရရှိလိုမှုဆန္ဒတို့နှင့် ပေါင်းစပ်ပါက ကမ္ဘာ့အမွေအနှစ်ဖြစ်ရန် ထိုက်တန်မှုရှိကြောင်း ပြသသကဲ့သို့ပင်ဖြစ်ပါသည်။ အမွေအနှစ်အပေါ် တန်ဖိုးထားခြင်း၊ တန်ဖိုးသိခြင်းသည် မိမိတို့ဒေသအပါအဝင် မိမိတို့နိုင်ငံ၏ ဂုဏ်သိက္ခာကို မြှင့်တင်ခြင်းတစ်မျိုးဖြစ်ပေမည်။

ငြိမ်းချမ်းရေးနှင့် အမွေအနှစ်

လတ်တလော ပဋိပက္ခဖြစ်စဉ်ကြောင့် ကမ္ဘာ့အမွေအနှစ်ဖြစ်ရေး လုပ်ငန်းစဉ်အပေါ် သက်ရောက်မှုရှိသည့်အပြင် ရှေးဟောင်းအမွေအနှစ်များ ထိခိုက်နိုင်မှုကို စိုးရိမ်ကြသည်မှာ ဒေသခံများသာမကဘဲ တိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံးပင် ဖြစ်ပါသည်။ ယခင် ယဉ်ကျေးမှုအမွေအနှစ်များနှင့် သဘာဝကပေးသည့် သဘာဝအမွေအနှစ်များကြားတွင် ငြိမ်းချမ်းပျော်မွေ့ဖွယ် ရှင်သန်လာခဲ့ကြပြီး အမွေအနှစ်ကို ချစ်ခင်မြတ်နိုး၍ လာရောက်လည်ပတ်သူများဖြင့် စည်ကားသိုက်ဝန်းခဲ့သည့်ကာလ ပြန်လည်ရရှိနိုင်ရေးကို အားလုံးဝိုင်းဝန်းကြိုးပမ်းပေးရန် လိုအပ်နေပါသည်။

ကမ္ဘာ့အမွေအနှစ်ဖြစ်စေရေးလုပ်ငန်းစဉ်တွင် ငြိမ်းချမ်းရေးဖြစ်စဉ်သည်လည်း အရေးပါသည့်ကဏ္ဍတစ်ရပ်ဖြစ်ပြီး မိမိတို့ပြည်သူ၊ အစိုးရ အားလုံးသော မြန်မာနိုင်ငံသားများသည် ဒေသရှိအမွေအနှစ်များကို မည်မျှထိ အလေးအနက်ထားကြကြောင်း၊ ဂရုစိုက်မှုရှိကြောင်းကို သက်သေခိုင်လုံစွာ ပြသနိုင်မှသာ ကမ္ဘာ့အမွေအနှစ်အဖြစ် လက်ခံသတ်မှတ်ပေးနိုင်မည့် အခြေအနေ ဖြစ်ပါသည်။ အမွေအနှစ်ဒေသအတွင်း ပဋိပက္ခဖြစ်စဉ်သည် အမွေအနှစ်အတွက် ကောင်းမွန်ဖြောင့်ဖြူးစေမည့် ဖြစ်စဉ်မဟုတ်ကြောင်း နိုင်ငံသားတိုင်း နားလည်ကြပါသည်။ ထို့အတူ UNESCO သည်လည်း ဤအချက်ကို သေချာပေါက် ဂရုတစိုက်စောင့်ကြည့်နေမည်မှာ မလွဲပါ။ အထူးပြောချင်သည်မှာ သိမ်မွေ့နူးညံ့သည့် အမွေအနှစ်အတွက် တိုင်းရင်းသားအားလုံးသည် ညီရင်းအစ်ကိုဖြစ်ရန်လိုသကဲ့သို့ အမွေအနှစ်အတွက်သာမက နိုင်ငံအတွက်ပါ မည်မျှစည်းလုံးကြောင်း ပြသရန်လိုအပ်ပါသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ဆက်စပ်ဌာနများ၊ ဒေသခံများ၊ ပြည်တွင်း၊ ပြည်ပ ပညာရှင်များပူးပေါင်း၍ ၂၀၁၆ ခုနှစ်မှစ၍ မနားမနေကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ယခု အဆိုပြုစာတွဲ(မူကြမ်း) Nomina-tion Dossier (Draft) ပြုစုတင်ပြနိုင်တော့မည့် အခြေအနေရောက်ရှိနေပြီဖြစ်ပါသည်။ လေးနှစ်တာကာလ ရောက်ရှိခဲ့ပြီးဖြစ်သကဲ့သို့ ကမ္ဘာ့အမွေအနှစ်အတွက် တစ်ဝက်မကသောခရီးကို ရောက်ရှိခဲ့ပြီးဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ ကမ္ဘာ့အမွေအနှစ်ဖြစ်ရန် အရည်အသွေးပြည့်စုံမှုရှိသည့်အတွက် မိမိတို့အနေဖြင့် သတ်မှတ်အချိန်များအတိုင်း UNESCO သို့တင်ပြကြမည်ဖြစ်ပါသည်။ နေ့စဉ် ရွှေဥ ဥပေးမည့် ဆက်လက်ရှင်သန်နေသော သက်မဲ့အမွေအနှစ်ဒေသတစ်ခုကို ငြိမ်းချမ်းသော ဖြစ်စဉ်များဖြင့်အကောင်အထည်ဖော် ဖန်တီးကြရမည်ဖြစ်သည်။

ရှေးဘိုးဘေးအစဉ်အဆက်မှ မြတ်နိုးစွာ စောင့်ရှောက်ထိန်းသိမ်းလာခဲ့သော ယဉ်ကျေးမှုအမွေအနှစ်များကို အသက်တမျှ မြတ်နိုးတန်ဖိုးထား၍ လက်ဆင့်ကမ်း ကာကွယ်စောင့်ရှောက်ခဲ့ကြခြင်းကြောင့် ယဉ်ကျေးမှုအမွေအနှစ်တို့သည် ဤကာလအထိ ထင်ရှားစွာကျန်ရှိနေခြင်းဖြစ်ကြောင်း မိမိတို့အားလုံးသိရှိကြပါသည်။ ထိုသို့သော အဆက်ဆက်ဘိုးဘေးများ တာဝန်ကျေပွန်ခဲ့ကြသည့်အတွက်သာ မိမိတို့အနေဖြင့် ယဉ်ကျေးမှုအမွေအနှစ်များကို မျက်မြင်တွေ့နေရခြင်းဖြစ်သည်ဟု ဆိုရပါမည်။ နောင်ကာလများစွာအထိ တည်တံ့ရေးသည် မိမိတို့သာမက နောင်မျိုးဆက်တို့အတွက် ဆက်လက်ထမ်းဆောင်ရမည့် နိုင်ငံသားတိုင်း၏ မွေးရာပါတာဝန်ဖြစ်သည်။ ငွေကြေး ပြည့်စုံခြင်းကြောင့် ခေတ်မီဆန်းပြားသော လူမှုပတ်ဝန်းကျင်မျိုးစုံကို အလွယ်တကူဖန်တီးတည်ဆောက်၍ ရနိုင်သော်လည်း နှစ်ပရိစ္ဆေဒကြာမြင့်၍ သမိုင်းအထောက်အထားခိုင်မာသည့် ယဉ်ကျေးမှုအမွေအနှစ်များကိုကား ဖန်တီးယူ၍ ရနိုင်ကောင်းသည့် အရာမဟုတ်ပါကြောင်း၊ ငြိမ်းချမ်း၍ သာယာတင့်တယ်မည့် မြောက်ဦးကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် မြင်တွေ့လိုပါကြောင်းနှင့် ဌာနဆရာတစ်ဦးက ၎င်းစာမျက်နှာပေါ်တွင် ရေးသားထားသည့် Mrauk-U is the place for fl owers, not a space for fire ဟူသော စကားအား ကြိုက်နှစ်သက်၍ ကူးယူဖော်ပြနိဂုံးချုပ်အပ်ပါသည်။ ။

မောင်ဇေ

ကိုးကား-ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ကမ္ဘာ့အမွေအနှစ်ရရှိရေးဆောင်ရွက်မှု အစီရင်ခံစာများ