၁ အောက်တိုဘာ

 

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပ သော (၇၃)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေ မူဝါဒရေးရာဆွေးနွေးပွဲ စတုတ္ထနေ့ စက်တင်ဘာလ ၂၈ ရက်တွင် မြန်မာ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက်ပြီး အထွေထွေမူဝါဒရေးရာ မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့သည်။ 

 

 

ပြည်ထောင်စုဝန်ကြီးက ကုလသမဂ္ဂအနေဖြင့် နိုင်ငံအားလုံးအတွက် ဆီလျော်မှုရှိသည့် ပိုမိုကောင်းမွန်သော အဖွဲ့အစည်းတစ်ရပ်ဖြစ်လာစေရေးအတွက် အပြုသဘောဆောင်ပြီး ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် ချဉ်းကပ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ဦးစွာပြောကြားခဲ့သည်။ ဆက်လက်၍ အချုပ်အခြာအာဏာ တန်းတူညီတူရှိမှုဆိုသည့် မူအပါအဝင် ကုလသမဂ္ဂ ဋိညာဉ်စာတမ်းကြီး၏ အခြေခံမူများအား မေ့လျော့ ထားရန် မဖြစ်နိုင်ကြောင်း၊ အပြုသဘောဆောင်ပြီး ငြိမ်းချမ်းသည့် နည်းလမ်းများဖြင့်ဆောင်ရွက်မှသာ နိုင်ငံအားလုံးနှင့် ဆီလျော်သည့် ပိုမိုကောင်းမွန်သော ကုလသမဂ္ဂကြီးကို ဖန်တီးနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

 

 

ဆိုလိုသည်မှာ မျက်မှောက်ကာလ ရင်ဆိုင်နေရသော ရှုပ်ထွေးသည့် စိန်ခေါ်မှုများကို ကျော်လွှားဖြေရှင်းနိုင်ရန် အတွက် အရေးပါသည့် ကုလသမဂ္ဂအဖွဲ့အစည်းကြီး၏ ကဏ္ဍကို မြှင့်တင်နိုင်ရန် လိုအပ်ချက်ကို အသိပေးသည့် သဘောနှင့် နိုင်ငံများအပေါ် လူ့အခွင့်အရေးနှင့်ပတ်သက်၍ ချဉ်းကပ်ဖြေရှင်းဆောင်ရွက်ရာတွင် တန်းတူညီမျှ ရှိရေးမူကို အလေးထားရေး၊ မှန်ကန်မှု၊ တရားမျှတမှုရှိပြီး အပြုသဘောဆောင်သည့် နည်းလမ်းများဖြင့် ဆောင်ရွက်ရေးတို့ကို ဦးစားပေးရန် အကြံပြုလိုရင်းဖြစ်သည်။

 

 

  ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ၂၀၁၇ ခုနှစ်တွင် အာဆာ အကြမ်းဖက်အဖွဲ့သည် မြန်မာနိုင်ငံ လုံခြုံရေးတပ်ဖွဲ့များကိုသာမက ရခိုင်ပြည်နယ်တွင်နေထိုင်ကြသည့် မတူညီသော လူမှုအသိုက်အဝန်း များကိုပါ ဦးတည်တိုက်ခိုက်ခဲ့ရာ ထိုတိုက်ခိုက်မှုများကြောင့် စိုးရိမ်ကြောက်ရွံ့မှု၊ မတည်ငြိမ်မှုတို့ ဖြစ်ပေါ်ခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ဒုက္ခသည်အမြောက်အမြား ထွက်ပြေးခဲ့ကြသည်။ လက်ရှိအခြေအနေတွင် ယင်းထွက်ပြေးမှုကိုသာ နိုင်ငံတကာအနေဖြင့် တွင်တွင်စွပ်စွဲပြောဆိုနေကြ ပြီး ယင်းပြဿနာကိုအကြောင်းပြု၍ အပြစ်ပေးအရေးယူနိုင်ရန် ကြံစည်အားထုတ်မှုမှာ ကုလသမဂ္ဂ၏အခြေခံမူနှင့် မကိုက်ညီသောလုပ်ရပ်များ ပင်ဖြစ်သည်။ 

 

 

နိုင်ငံတကာအနေဖြင့် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ လတ်တလောအခြေအနေနှင့် ယခင်ကတည်းက ဖြစ်တည်နေသည့် ပိုမိုကျယ်ပြန့်နက်နဲရှုပ်ထွေးသော အကြောင်းကိစ္စများကိုမူ မျက်ကွယ်ပြုကာ မြန်မာနိုင်ငံအပေါ် မမှန်ကန်သည့် ဆောင်ရွက်မှုများသာ ပြုလုပ်လာသည်ကို တွေ့ရသည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံအစိုးရအနေဖြင့် ရခိုင်ပြည်နယ်တွင်ရှိသော အသိုက်အဝန်းအားလုံးအတွက် လိုအပ်သော တည်ငြိမ်မှု၊ ပြန်လည်သင့်မြတ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို စေတနာမှန်ကန်စွာဖြင့် တပေါင်းတစည်းတည်း ဆက်လက်ဖြေရှင်း ဆောင်ရွက်သွားမည်ဖြစ်သည်။ 

 

 

အစိုးရအနေဖြင့် ကုလသမဂ္ဂ၏အခန်းကဏ္ဍကို အလေးထားပြီး ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့နှင့် နားလည်မှုစာချွန် လွှာ လက်မှတ်ရေးထိုးပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ သို့သော်လည်း လူမှုအသိုက်အဝန်းများအကြား သဟဇာတဖြစ်ရန် မြန်မာနိုင်ငံအစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေချိန်တွင် ခိုင်မာသည့် သက်သေမပြနိုင်သော ဇာတ်ကြောင်းများကိုအခြေခံသည့် အစီရင်ခံစာကို ထုတ်ပြန်ခြင်းသည် တင်းမာမှုကိုသာ ဆက်လက်ဖြစ်ပေါ်စေပြီး ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းများအကြား ပေါင်းစည်းရေးကို အဟန့်အတား ဖြစ်စေနိုင်သည်။ 

 

 

မည်သို့ပင်ဖြစ်စေ မြန်မာပြည်သူများ၏ စိတ်ဓာတ်သည် ကြံ့ကြံ့ခံ နိုင်စွမ်းရှိသည်။ မြန်မာနိုင်ငံ၏ အရေးအတွက် မိမိတို့စွမ်းအားဖြင့် ရင်ဆိုင်ဖြေရှင်းကြမည်ဖြစ်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး နှင့် တစ်မျိုးသားလုံး သဟဇာတဖြစ်ရေး ဆောင်ကြဉ်းပေးရန် အားထုတ်ကြရာတွင် ကြုံတွေ့လာမည့် စိန်ခေါ်မှုများအား ရင်ဆိုင်ဖြေရှင်းရန် အားလုံးစည်းလုံးညီညွတ်စွာ ရပ်တည်လျက်ရှိနေပါကြောင်း။ ။(ကြေးမုံ)