မန္တလေး ၆ အောက်တိုဘာ
မန္တလေးမြို့အနီး အမရပူရ အင်း၀ဒေသများတွင် ဖီးကြမ်းငှက်ပျောများကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိရာ ယခုနှစ် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေသည့်ကာလ နတ်ပွဲများ မကျင်းပနိုင်သဖြင့် ငှက်ပျောပွဲစားများ အခက်တွေ့လျက်ရှိကြောင်း သိရသည်။
ငှက်ပျောစိုက်တောင်သူများအနေဖြင့် ငှက်ပျောပွဲစားများနှင့် စာချုပ်ချုပ်ပြီး ယခုနှစ် ငှက်ပျောစာချုပ်တွင် ဒေသအခေါ် လှည်းတစ်စီး ( ငှက်ပျောအခိုင် ၄၀ ပါ ) လျှင် ငွေကျပ် နှစ်သိန်းနှုန်းဖြင့် စာချုပ်ကာ အရောင်းအဝယ် ပြုလုပ်ကြသည်။ လက်ရှိ ကိုဗစ် - ၁၉ ရောဂါကာကွယ်နေသည့် ကာလတွင် ငှက်ပျောဈေးကွက် အေးနေသည့်အတွက် ငှက်ပျောပွဲစားများ စာချုပ်သစ်ချုပ်ဆိုမှု မရှိတော့ကြောင်း သိရသည်။
ငှက်ပျောပွဲစားများက ငှက်ပျောများကို ဒိုင်ပြန်သွင်းရာတွင် ယခင်က ငှက်ပျောဆိုင်ကယ် သုံးစီးယူရာမှ ယခုအခါ ငှက်ပျောဆိုင်ကယ် တစ်စီးသာ ယူတော့ကြောင်းနှင့် လက်ရှိ ငှက်ပျောဒိုင် သွင်းဈေးမှာ ဖီးကြမ်းတစ်ဖီးလျှင် ငွေကျပ် ၇၅၀ နှုန်းဖြင့် ဒိုင်သွင်းရကြောင်း ငှက်ပျောပွဲစား ကိုပေါက်စီထံမှ သိရသည်။
ငှက်ပျောသည် အကြမ်းတမ်းခံသည်ဟုဆိုနိုင်ပြီး ဈေးကွက်ကောင်းပါက စီးပွားရေးအရ တွက်ခြေကိုက်လှသည်။ မြေတစ်ဧကလျှင် ငှက်ပျော ၇၀၀ ခန့် စိုက်နိုင်သည်။ ယခင်ပုံမှန်ပေါက်ဈေး အတိုင်း တွက်ချက်မည်ဆိုပါက ငှက်ပျောလှည်းတစ်စီး အခိုင် ၄၀ ကို ငွေကျပ် ၁၈၀၀၀၀ မှ ၂၁၀၀၀၀ ထိ ရောင်းချရသည်။ တစ်ဧက ငှက်ပျော ၁၅ စီး၊ ၁၆ စီးထွက်ပြီး ငွေကြေးတန်ဖိုး ကျပ်သိန်း ၃၀ ကျော် ရရှိသည်။ ငှက်ပျောတစ်ခိုင်လျှင် ပုံမှန်ခြောက်ဖီးတန်း သတ်မှတ်ပြီး အဖီးပိုပါက ဖီးပိုစားရသည်။ ယခုနှစ်တွင် ကိုဗစ် - ၁၉ ရောဂါကြောင့် နတ်ပွဲများ မကျင်းပနိုင်သဖြင့် ငှက်ပျောပွဲစားများ အခက်တွေ့နေကြောင်းသိရသည်။
တိမ်တမန်


