မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်အတွင်းရှိကျေးရွာများသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ငှက်ပျောသီးများကို စီးပွားဖြစ် အများအပြား စိုက်ပျိုးကြကြောင်း သိရသည်။

 

ငှက်ပျောမျိုးအနေဖြင့် ဖီးကြမ်းငှက်ပျော မျိုးနှင့် သီးမွှေးငှက်ပျောမျိုးများဖြစ်ပြီး ငှက်ပျော သားတက်များကို ဝယ်ယူစိုက်ပျိုး ရကြောင်း၊ ပင်ခြားတန်းခြား ငါးပေခန့် အကွာအဝေးဖြင့် စိုက်ပျိုးရပြီး တစ်ဧကလျှင် ငှက်ပျောသားတက် ၁၃၀၀ ခန့် ဝင်ဆံ့စိုက်ပျိုး ရကြောင်း၊ စိုက်ပျိုးပြီး တစ်နှစ်ကျော်ခန့်အကြာ တွင် ငှက်ပျောခိုင်များကို ခုတ်ယူရောင်းချရ ကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါ အဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၂၅ သိန်းခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် ဖီးကြမ်းငှက်ပျောအဖီး ၃၈၀၀-၄၀၀၀ ခန့် ထွက်ရှိကြောင်း ဈေးကွက်အနေဖြင့် ပွဲစားများမှ စိုက်ခင်းသို့ လာရောက်ဝယ်ယူကြပြီး ပွဲစားများမှတစ်ဆင့် ပခုက္ကူမြို့ မြို့မစည်ပင်သာယာဈေး၊ အမှတ်- ၂ ဈေးနှင့် မြစ်ခြေ၊ ကမ္မမြို့နယ်များသို့ တင်ပို့ရောင်းချကြပြီး ငှက်ပျောစိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိလျက်ရှိကြောင်း သိရသည်။

DOCA (မကွေး)