နေပြည်တော်  ၁၈  ဇွန်

အမေရိကန်နိုင်ငံ Duke Global Health Institute မှ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ငှက်ဖျားရောဂါ ကင်းစင်ရေး လုပ်ငန်းစီမံချက် ဆန်းစစ်သုံးသပ်မှုနှင့် အချက်အလက်များ အသိပေး ဖြန့်ဝေမှုဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။

 

0114

 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဝန်ကြီးဌာနအနေဖြင့် Duke Global Health Institute နှင့် ပူးပေါင်း၍ လုပ်ငန်းဆောင်ရွက်မှုများသည် အောင်မြင်မှု ရရှိလျက်ရှိသည့် မြန်မာနိုင်ငံ ငှက်ဖျားရောဂါ ကင်းစင်ရေး လုပ်ငန်းများအတွက် ဆပွားထိရောက်စေမည် ဖြစ်ပါကြောင်း၊ အထူးသဖြင့် ငှက်ဖျားရောဂါပိုး သယ်ဆောင်သည့် ခြင်များ ပေါက်ဖွားမှု၊ ပျံသန်းမှု၊ ခြင်ကိုက်သည့် အလေ့အထ၊ ငှက်ဖျားရောဂါပိုးဆိုင်ရာ မျိုးရိုးဗီဇ စသည့် အဆင့်အတန်း မြင့်မားသည့် သုတေသနများ ဆောင်ရွက်နိုင်ခြင်းဖြင့် ငှက်ဖျားရောဂါကင်းစင်ရေး လုပ်ငန်းလမ်းစဉ်များကို ပုံဖော်အကောင်အထည်ဖော်ရာတွင် များစွာအထောက်အကူပြုမည် ဖြစ်ပါကြောင်း။

 

7725

 

မြန်မာနိုင်ငံ ငှက်ဖျားရောဂါ ကင်းစင်ရေးစီမံကိန်း (၂၀၁၆-၂၀၃၀) ကိုရေးဆွဲ၍ (၂၀၃၀) ခုနှစ်တွင် ငှက်ဖျားရောဂါ ကင်းစင်ရေး ရည်မှန်းချက်ရရှိရေး လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် အောင်မြင်မှုတို့ကို ပုံမှန်ဆန်းစစ် သုံးသပ်မှုများ ပြုလုပ်လျက်ရှိပါကြောင်း၊ ထိုသို့ ဆန်းစစ်သုံးသပ်ချက်များအရ တွေ့ရှိရသော အားနည်းချက်၊ အားသာချက်၊ စိန်ခေါ်မှုများကို အခြေခံ၍ ကာလအလိုက် ပြောင်းလဲလျက်ရှိသော အခြေအနေများနှင့်အညီ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များမှ မွမ်းမံပြင်ဆင်သင့်သည်များကို ပြင်ဆင်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

လူ့စွမ်းအား၊ ဘဏ္ဍာငွေ၊ စက်ပစ္စည်းကိရိယာ စသည့် အရင်းအမြစ်များ ရရှိမှုအခြေအနေများကို ဆန်းစစ်၍ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ကျန်းမာရေးဌာန အကြီးအကဲများ၏ တက်ကြွစွာ ရှေ့ဆောင်လုပ်ငန်း အကောင်အထည်ဖော်ခြင်းဖြင့် အောင်မြင်မှုများ ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ Duke Global Health Institute အနေဖြင့် မြန်မာနိုင်ငံတွင် ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ သုတေသနလုပ်ငန်းများ၊ ငှက်ဖျားရောဂါဆိုင်ရာ သင်ကြား လေ့ကျင့်မှုများကို ပိုမိုဆောင်ရွက်စေလိုပြီး အခြားကူးစက်ရောဂါများနှင့် မကူးစက်တတ်သောရောဂါများ ကာကွယ် နှိမ်နင်းရေး လုပ်ငန်းများတွင်လည်း ပူးပေါင်းဆောင်ရွက်လိုပါကြောင်း ပြောကြားသည်။

ထို့နောက် Duke Global Health Institute မှ ပါမောက္ခ Christopher Plowe က ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဆောင်ရွက်နေသော သုတေသနနှင့် သင်တန်းအစီအစဉ်များ၊ မျိုးရိုးဗီဇနှင့် ပဋိပစ္စည်း စမ်းသပ်ပြီး ငှက်ဖျားရောဂါ စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းတို့ကိုလည်းကောင်း၊ တွဲဖက်ပါမောက္ခ မြိုင်မြိုင်ညွှန့်က ငှက်ဖျားရောဂါဆိုင်ရာ အသုံးချ အခြေခံသုတေသလုပ်ငန်း တွေ့ရှိချက်ရလဒ်များကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။

အဆိုပါ ဆွေးနွေးပွဲတွင် တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးခြင်းနှင့် အကြံပြု ခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ညနေပိုင်းတွင် ယခင် အီတလီဆီးနိတ် လွှတ်တော်အမတ်ဟောင်းဖြစ်သူ အီတလီ-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Ms. Albertina Soliani၊ မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီးMs. Alessandra Schiavo၊ Parma University မှ Professor LeopaldoSarli၊ Region of Emilia-Romagna မှ တာဝန်ရှိသူများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဆေးတက္ကသိုလ် (၁) ရန်ကုန်နှင့် Parma University တို့အကြား တက္ကသိုလ် အဆင့် ကျောင်းသား ဖလှယ်လေ့လာမှု အစီအစဉ် ဆောင်ရွက်နေမှု အခြေအနေ၊ သူနာပြုတက္ကသိုလ် (ရန်ကုန်)၊ ဆေးတက္ကသိုလ် (မန္တလေး)၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) တို့နှင့် ပူးပေါင်း၍ စွမ်းဆောင်ရည်မြှင့်တင်မှု လုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်၊ ကျောင်းနေအရွယ် လူငယ်များတွင် မူးယစ်ဆေးဝါး ကင်းစင်ရေး၊ အရက်ဘီယာ ကင်းစင်ရေး၊ ဆေးလိပ်ကင်းစင်ရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း လိုက်နာရေး၊ ကျန်းမာသော နေထိုင်မှုပုံစံ အသိပညာပေးရေး၊ မျိုးဆက်ပွားကျန်းမာရေး အသိပညာပေးရေးနှင့် ဂိမ်းအလွန်အကျွံ စွဲလန်းမှု လျော့ချရေး လုပ်ငန်းများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)