နေပြည်တော် ၁၉ ဒီဇင်ဘာ
ငှက်ဖျားရောဂါအပါအဝင် ရောဂါပိုးမျိုးသယ်ဆောင်သော ပိုးမွှားများမှတစ်ဆင့် ကူးစက်သော ရောဂါများ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ နှစ်ပတ်လည်ဆန်းစစ်သုံးသပ်မှု အစည်းအဝေး (၂၀၁၉)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေကြီးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ ရောဂါ ပိုးမျိုးသယ်ဆောင်သော ပိုးမွှားများမှတစ်ဆင့် ကူးစက်သောရောဂါများ ကာကွယ်နှိမ်နင်းရေး တာဝန်ရှိသူများက ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါနှင့် ဆင်ခြေထောက်ရောဂါများဖြစ်ပွားမှု၊ သေဆုံးမှုနှင့် ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ဆန်းစစ်သုံးသပ်မှုများကို တင်ပြသည်။
တင်ပြမှုများအပေါ်ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံတွင် (၂၀၀၉) ခုနှစ်က ငှက်ဖျားရောဂါဖြစ်ပွားသူပေါင်း (၆) သိန်းခန့်ရှိခဲ့ပြီး ရောဂါကြောင့်သေဆုံးသူ (၉၇၂) ဦးရှိခဲ့ပါကြောင်း၊ (၂၀၁၈) ခုနှစ်တွင် ငှက်ဖျားရောဂါဖြစ်ပွားသူ (၇၆,၅၁၈) ဦးနှင့် ရောဂါကြောင့် သေဆုံးသူ (၁၉) ဦးအထိ သိသာစွာ လျော့နည်းလာခဲ့ပြီး အဆိုပါ ငှက်ဖျားရောဂါဖြစ်ပွား သူများ ၏ (၆၄) ရာခိုင်နှုန်းသည် မြို့နယ်(၁၂)မြို့နယ်မှသာ ဖြစ်ပွားနေသည်ကို တွေ့ရှိရပါကြောင်း၊ ငှက်ဖျားရောဂါဖြစ်ပွားမှုများပြားသည့် အဆိုပါမြို့နယ် (၁၂) မြို့နယ်တွင် ရောဂါကာကွယ် နှိမ်နင်းရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးဆေးနှင့် ဆေးပစ္စည်း ကိရိယာများ၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များနှင့် ဘဏ္ဍာငွေများကို ကျိုးကြောင်း ဆီလျှော်စွာ ပိုမိုချထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
ရောဂါပိုးမျိုးသယ်ဆောင်သော ပိုးမွှားများမှတစ်ဆင့် ကူးစက်သောရောဂါများ အပါအဝင် မည်သည့် ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများတွင် မဆိုရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုမှုစနစ်နှင့် သတင်းအချက်အလက် ပေးပို့မှုစနစ်တို့ ကောင်းမွန်ရန်မှာ အရေးကြီးပါကြောင်း၊ ငှက်ဖျားရောဂါ ကာကွယ်နှိမ်နင်းရာတွင် ပုဂ္ဂလိက ဆေးရုံနှင့် အထွေထွေရောဂါကုဆေးခန်းများ၏ အခန်းကဏ္ဍသည် အရေးကြီးပြီး၎င်းတို့မှ ရောဂါဖြစ်ပွားမှုများအား သတင်းပေးပို့ အကြောင်းကြားမှု မှာလည်းအရေးကြီးပါကြောင်း၊ ငှက်ဖျားရောဂါဖြစ်ပွားမှုအား မဖြစ်မနေ သတင်းပေးပို့ တိုင်ကြားရမည့်ရောဂါ အဖြစ်သတ်မှတ်သွားရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
တိုင်းဒေသကြီး/ ပြည်နယ်အဆင့်နှင့် မြို့နယ်အဆင့် ရောဂါပိုးမျိုးသယ်ဆောင်သော ပိုးမွှား များမှတစ်ဆင့် ကူးစက်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနများအကြား (၂၄) နာရီ ဆက်သွယ် အကြောင်းကြားနိုင်မည့် ဖုန်းနံပါတ်များထားရှိပြီး ဆောင်ရွက်ကြစေလိုပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ဌာနတာဝန်ရှိသူများအနေဖြင့်လည်း ကွန်ယက်ချိတ်ဆက် ဆောင်ရွက်၍ ပုံမှန်သတင်းပေးပို့ခြင်းနှင့်အတွေ့ အကြုံဖလှယ်ခြင်းများကိုလည်း ဆောင်ရွက်ကြစေလိုပါကြောင်း။
သွေးလွန်တုပ်ကွေး ရောဂါကာကွယ်နှိမ်နင်းရေး ရောဂါများအပါအဝင်ပြည်သူ့ ကျန်းမာရေး လုပ်ငန်းများတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုသည် အလွန်အရေးကြီးပါကြောင်း။
လူနေထူထပ်များပြားသည့် နေရာဒေသများနှင့် ရွေ့ပြောင်းနေထိုင်သူများ များပြားသော နေရာ ဒေသများတွင် ငှက်ဖျားရောဂါပိုးသယ်ဆောင်သည့် ခြင်များ၏ အလေ့အထများ၊ ရောဂါပိုး သယ်ဆောင်ပြန့်ပွားစေမှု အခြေအနေများ စသည်တို့ကိုလည်း လေ့လာဆန်းစစ်မှုများ ပြုလုပ် ကြရ မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှပြည်သူများထံဖြန့်ဝေ ပေးထားသော ဆေးစိမ်ခြင်ထောင်များအား ပြည်သူများမှ အမှန်တကယ်အသုံးပြုမှု အခြေအနေများကိုလည်းကောင်း၊ ဆေးစိမ် ခြင်ထောင် အသုံးပြုမှုနှင့်ရောဂါဖြစ်ပွားမှု အခြေအနေတို့အကြား ဆက်စပ်မှုကိုလည်းကောင်း အသုံးချသုတေသနများ ပြုလုပ်ဆန်းစစ်စေလိုပါကြောင်း။
ဝန်ကြီးဌာနမှ ဖြန့်ဝေထားသော Mobile Tablet များကို အသုံးချ၍ ပြည်သူ့ကျန်းမာရေး ကြီးကြပ်-၂ များအား ရောဂါပိုး မျိုးသယ်ဆောင်သော ပိုးမွှားများမှ တစ်ဆင့်ကူးစက်သော ရောဂါများ ကာကွယ်နှိမ်နင်းရေး အသိပညာနှင့်စွမ်းဆောင်ရည်မြှင့်တင်မှုများ ပြုလုပ်ကြစေလိုပါကြောင်း၊ စေတနာ့ဝန်ထမ်း လူထုအခြေပြု ငှက်ဖျားလုပ်သားများ၏ စွမ်းအားကို အကျိုးရှိ ထိရောက်စွာ အသုံးပြု၍ အခြားပြည်သူ့ကျန်းမာရေးလုပ်ငန်းများတွင်လည်း ပူးတွဲဆောင်ရွက်စေနိုင်ရန် စွမ်းဆောင်ရည်မြှင့်တင်လေ့ကျင့်ပေးခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံအချို့တွင် စမ်းသပ်ဆောင်ရွက်နေသော ခေတ်မီခြင်နှိမ်နင်းရေး နည်းပညာသစ်နှင့် နည်းစနစ်များအား လေ့လာ၍ မိမိတို့နိုင်ငံနှင့် ကိုက်ညီမှုရှိ၊ မရှိကို ဆန်းစစ်သုံးသပ်ဆောင်ရွက်နိုင်ရန်အတွက် အသုံးချသုတေသနများကိုလည်း နှီးနွှယ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
အစည်းအဝေးတွင် (၂၀၃၀) ခုနှစ်တွင် ငှက်ဖျားရောဂါကင်းဝေးရေး ရည်မှန်းချက် အောင်မြင်ရရှိစေရေး ဆောင်ရွက်နေမှုများ၊ လက်ရှိမြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေး ရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါနှင့် ဆင်ခြေထောက်ရောဂါများ ဖြစ်ပွားမှုနှင့် သေဆုံးမှုအခြေအနေများ၊ ပုဂ္ဂလိကကဏ္ဍနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်နေမှုများ စသည်တို့ကို တင်ပြဆွေးနွေးမှုများ၊ တက်ရောက်လာကြသည့် ဒုတိယတိုင်း ဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ရောဂါပိုးမျိုး သယ်ဆောင်သော ပိုးမွှားများမှတစ်ဆင့် ကူးစက်သောရောဂါများ ကာကွယ်နှိမ်နင်းရေး လုပ်ငန်း တာဝန်ရှိသူများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ PMI၊ JICA၊ Access to Health Fund၊ Defeat Malaria၊ PSI၊ UNOPS၊ SCi၊ CHAI စသည့် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများက မေးမြန်းဆွေးနွေးမှုများနှင့် အကြံပြုမှုများကို ဆောင်ရွက်ခဲ့သည်။
(သတင်းစဉ်)