နေပြည်တော်၊ ဧပြီ ၂၃

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် သည် ယနေ့ နံနက်ပိုင်းတွင် ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန Farmer Channel Studio အစည်းအဝေးခန်းမ၌ စိုက်ပျိုးရေးသုတေသီများနှင့် တွေ့ဆုံ၍ မန္တလေးငလျင်ကြီးအပြီး တောင်သူများနှင့် တွဲဘက်ဆောင်ရွက်ရမည့်  သုတေသနလုပ်ငန်းများ ၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်သင့်သည့် လုပ်ငန်းများကို ဆွေးနွေးမှာကြားသည်။

 

ဆွေးနွေးပွဲ၌ ငလျင်ဒဏ်သင့်ဒေသများတွင် စိုက်ပျိုးသင့်သည့် သီးနှံအမျိုးအစားများနှင့် မျိုးနှင့်စပ်လျဉ်း၍ တောင်သူလယ်သမားများလက်ဝယ်အရောက် ပေးပို့နိုင်ရေးပြင်ဆင်ထားရမည့် အခြေအနေများ၊ အထူးသဖြင့် ငလျင်ကြောင့် မြေဆီလွှာအက်ကွဲခြင်း၊ မြေဆီလွှာပုံပျက်ခြင်း၊ မြေဆီလွှာရွေ့လျားခြင်း၊ မြေအောက်ရေ မြင့်တက်လာပြီး စိုက်ပျိုးမြေလွှာပေါ်သို့ သဲများမှုတ်ထုတ်ခြင်း၊ ရေများပန်းထွက်လာခြင်းများကြောင့် မြေဆီလွှာ၏ ရူပ ဓါတု ဇီဝ ဂုဏ်သတ္တိများ ပြောင်းလဲသွားနိုင်ကြောင်း၊ အထူးသဖြင့် ငလျင်ကြီးပြီးနောက် ငလျင်ငယ်များ ဆက်တိုက် လှုပ်ခတ်ရာ မြေဆီလွှာကြမ်းပြင် မတည်ငြိမ်ဘဲ အပေါက်များဖြစ်ပေါ်နေနိုင်သည့် သာဓကများအပြင် မြေမျက်နှာပြင် အနိမ့်အမြင့်များလည်း ပြောင်းလဲနိုင်ကြောင်း။  

 

သို့ဖြစ်၍ မိုးစပါးရာသီ နီးကပ်လာပြီဖြစ်၍ ငလျင်ကြီးနှင့် ငလျင်ငယ်များ ဗဟိုပြုသည့် နေရာဒေသ များတွင် ဆည်ရေသောက်နှင့် မိုးကောင်းသောက်စပါးများ စိုက်ပျိုးပါက မြေဆီလွှာအရည်ပျော်ခြင်း(သို့မဟုတ်) နွံပေါက်ခြင်းကို အထောက်အကူဖြစ်ကာထွန်စက်များ ရိတ်သိမ်းခြွေလှေ့စက်များ ကျွံခြင်းအပြင် အခန့်မသင့်ပါက မြေပြို၍ လယ်ယာမြေများဆုံးရှုံးနိုင်သည့် အန္တရာယ်ရှိနိုင်ခြင်းများကြောင့် အခြား ယာသီးနှံများ၊ ပဲစင်းငုံ၊ မိုးရေသောက်ဝါများကို ရေထုတ်ရလွယ်ကူစေရန် ဘောင်မြောင်းစနစ်ဖြင့် စိုက်ပျိုးရန် လိုကြောင်း၊ လိုအပ်ချက်အရ စပါးစိုက်ပျိုးမည်ဆိုပါကလည်း မြေဆီလွှာကို ထိခိုက်ပျက်စီးမှု အနည်းဆုံးနှင့် စိုက်ပျိုးရန်အတွက် တိုက်ရိုက်အစေ့ချခြင်း၊ ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးခြင်း၊ ရေအနည်းလိုစပါးမျိုး များကို ပြောင်းလဲစိုက်ပျိုးခြင်း၊ ရေလွှမ်းရေသွင်း စနစ်ကိုမသုံးခြင်း၊ စိုတစ်ခါ ခြောက်တစ်လှည့်စနစ် ကျင့်သုံးခြင်းတို့ကို လူထုအခြေပြုပုံစံဖြင့် ထုတ်လုပ်မှုနှင့် သုတေသန တစ်ပြိုင်နက်တည်း ကျယ်ပြန့်စွာ ဆောင်ရွက်ကြရန်နှင့် ငလျင်လွတ်ကင်းသည့်ဒေသများတွင် မိုးစပါးအထူးအထွက်တိုး လုပ်ငန်းများ၌ မျိုး၊မြေ၊ရေ၊နည်း အချိုးညီစွာကြိုးပမ်းသွားကြရန် လမ်းညွှန်ချက်နှင့်အညီ သုတေသီများပူးပေါင်းဆောင် ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)