ဆော ၅ စက်တင်ဘာ
ဂန့်ဂေါခရိုင် ဆောမြို့နယ် မီးသတ်ဦးစီးဌာန ဒုမီးသတ်ဦးစီးမှူး ဦးထွန်းမြင့်ဦး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြိမ်းသတ်ခြင်း သရုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက သီးကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန ဒုမီးသတ်ဦးစီးမှူး ဦးထွန်းမြင့်ဦး က ငလျင်ဘေးနှင့်ပတ်သက်၍ ငလျင်ဘေးအန္တရာယ် ကြုံတွေ့လာပါက ဘေးကင်းစေရန် ပြုမှုနေထိုင်ရမည့် နည်းလမ်းများနှင့် ငလျင်လှုပ်ပြီးနောက် ဆောင်ရွက်ရမည့် အရာများအားလည်းကောင်း၊ လက်ထောက်ဦးစီးမှူး ဒေါ်ဟန်သီထွန်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် တားဆီးရေးနှင့် ပတ်သက်၍ လျှပ်စစ်မီးလောင်မှုဖြစ်ရခြင်း အကြောင်းအရင်းများ၊ လောင်စာမီးနှင့်မီးလောင်မှု အမျိုးမျိုးတို့တွင် အရေးပေါ်မီးငြိမ်းသတ်နည်းများ၊ မီးဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက မီးဘေးလုံခြုံရေး နှင့် ကယ်ဆယ်ရေးဆိုင်ရာများ၊ မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်နည်း အဆင့်ဆင့်တို့အားလည်းကောင်း အသေးစိတ် ရှင်းလင်း ပြောကြားခဲ့ကြပြီး ကျောင်းသား ကျောင်းသူများအား မီးသတ်ဆေးဘူး အသုံးပြုပုံနှင့် မီးငြိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြသခဲ့ကြသည်။
အဆိုပါ မီးဘေးလုံခြုံရေး အသိပညာပေး လက်တွေ့သရုပ်ပြပွဲတွင် မြို့နယ်မီးသတ် ဒုမီးသတ်ဦးစီး မှူးနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ၁၂၀ ကျော် တက်ရောက်ကြကြောင်း မရိုင်ပြန်/ဆက်မှ သိရသည်။
MDN


