ရိခေါ်ဒါရ် ၃၁ ဇူလိုင်
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ရိခေါ်ဒါရ်မြို့၊ အမှတ်(၂)ရပ်ကွက် ခန်းမဆောင်၌ ကျင်းပသည်။
အခမ်းအနားတွင် ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်က ရိခေါ်ဒါရ်မြို့၌ ပြီးခဲ့သည့် ဇွန် ၂၂ ရက်က လှုပ်ခတ်ခဲ့ သည့် မြေငလျင်ကြောင့် မိမိတို့ဒေသမှာလည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း၊ ဇွန်လမှ ယနေ့အထိ ပြင်းအား အနည်းငယ်ရှိသည့် မြေငလျင်လှုပ်ခတ်မှု မကြာခဏရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ ရပ်ကွက်ပြည်သူများအနေဖြင့် မြေငလျင်ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်သိရှိရန် လိုအပ်ကြောင်း၊ မြေငလျင် လှုပ်ခတ်မှုအကြောင်းရင်းများ၊ မြေငလျင်မလှုပ်ခတ်မီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် အချက်များ၊ ငလျင်မလှုပ်ခတ်မီနှင့် မြေငလျင်လှုပ်ခတ်နေစဉ် လိုက်နာကျင့်သုံးရမည့် အချက်များ၊ ရှောင်ရှားရမည့် အချက်များ၊ ငလျင်လှုပ်ခတ်မှုနှင့် ပတ်သက်၍ သတင်းပေးရေး၊ ကူညီကယ်ဆယ်ရေးနှင့် အသိပညာပေးရေး လုပ်ငန်းများတွင် ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများနှင့် ရပ်ကွက်ပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ရိခေါ်ဒါရ်နယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ် အောင်ဆန်းလင်းနှင့် မြို့စည်ပင် သာယာရေးကော်မတီ အဖွဲ့ဝင် ဦးဆလိုင်းသိန်းဌေးလွင်တို့က မြေငလျင်လှုပ်ခတ်မှုအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အတွေ့အကြုံများ ဖလှယ်ရှင်းလင်းခြင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် မြေငလျင်လှုပ်ခတ်မှုအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်ပါ သိရှိလိုက်နာရမည့် အချက်များကို ရှင်းလင်းဆွေးနွေးကြပြီး “ငလျင်ဘေးဒဏ် ရင်ဆိုင်တုံ့ပြန်နိုင်ဖို့ ကြိုတင်ပြင်ဆင်ကြပါစို့” အသိပညာပေး ဗီဒီယိုဇာတ်လမ်းတိုကို Projector ဖြင့် ပြသပေးသည်။
ထို့နောက် တက်ရောက်လာသူများက မြေငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆွေးနွေးမှုများအပေါ် သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြကာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
(ရိခေါ်ဒါရ် ပြန်/ဆက်)