ဖိုးသာထူး(ကလေး)

 

ယနေ့ကာလတွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် သဘာဝဘေးအန္တရာယ်၏ ဆိုးကျိုးသက်ရောက်မှု များကို ခံစားရလျက်ရှိရာ မြန်မာနိုင်ငံသည်လည်း အပါအဝင်ဖြစ်သည်။

 

နိုင်ငံ၏ ပထဝီအနေအထားအရ အယ်လ်ပိုဒ် (Alpide) ငလျင်ရပ်ဝန်းအတွင်း တည်ရှိနေပြီးအဆိုပါ ငလျင်ရပ်ဝန်းသည် ကမ္ဘာပေါ်တွင် ငလျင်အများဆုံးဖြစ်ပေါ်စေသည့် ဇုန်တစ်ခုဖြစ်သည်။ ထို့အပြင် နိုင်ငံအတွင်း ပြတ်ရွေ့များစွာရှိပြီး အဆိုပါပြတ်ရွေ့များထဲတွင် စစ်ကိုင်းပြတ်ရွေ့သည် အရှည်လျားဆုံးဖြစ်သည်။ နိုင်ငံ၏အလယ်ကိုဖြတ်ကာ မြောက်မှတောင်သို့ သွယ်တန်းလျက် ရှိသည်။ ဘေးအန္တရာယ်အမျိုးမျိုးရှိသည့်အနက် မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးရေလျှံခြင်း၊ ငလျင် လှုပ်ခတ်ခြင်းများသည် အပျက်အစီးအများဆုံးဖြစ်စေနိုင်သော ဘေးအန္တရာယ်များဖြစ်သည်။ ငလျင်မှလွဲ၍ ကျန်ရှိသော ဘေးအန္တရာယ်များသည် ကြိုတင်ခန့်မှန်းနိုင်သည့်အတွက် ပြင်ဆင်ခြင်းများ ဆောင်ရွက်နိုင်သည်။ ငလျင်ဘေးအန္တရာယ်မှာမူ ခန့်မှန်းမှုများ ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် ပြင်းထန်သော ငလျင်လှုပ်မည်ဆိုပါက တုံ့ပြန်နိုင်မှုစွမ်းရည်နည်းပါးခြင်း၊ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ဆုံးရှုံး နိုင်ခြင်းနှင့် ငလျင်လှုပ်မည်ကို ကြိုတင်သတိပေးမည့်စနစ်များ မရှိသေးခြင်းကြောင့် ငလျင်ဘေးအန္တရာယ်မှာ အဖျက်စွမ်းအား အကြီးမားဆုံးသော ဘေးအန္တရာယ်အဖြစ် ဆက်လက် တည်ရှိနေသည်။

 

မြန်မာနိုင်ငံ၏ သမိုင်းတစ်လျှောက်တွင် အင်အားအလွန်ပြင်းထန်သည့် ငလျင်များ လှုပ်ခတ်ခဲ့သည်။ မှတ်တမ်းများအရ ၁၈၃၉ ခုနှစ် မတ်လ ၂၃ ရက်နေ့ အင်းဝဒေသ၌ လှုပ်ခဲ့သော ပြင်းအားပမာဏ အင်အားရစ် (ခ်) တာစကေး ၇ ဒသမ ၅ အထက်ရှိသည်ဟု မှတ်တမ်းများအရသိရသည်။ အချို့မှတ်တမ်းများအရ ပြင်းအားပမာဏ အင်အား ရစ်(ခ်)တာစကေး ၉ ရှိသည်ဟုလည်း ဆိုသည်။ ငလျင်ကြောင့် လူ ၅ဝဝ ကျော်ခန့် သေဆုံးခဲ့ပြီး စေတီပုထိုးများစွာ ထိခိုက်ပျက်စီးခဲ့သည်ဟု မှတ်တမ်းရှိကြောင်း တွေ့ရသည်။

 

၁၉၃ဝ ပြည့်နှစ် မေလ ၅ ရက်နေ့ ပဲခူးဒေသ၌ လှုပ်ခဲ့သော ပြင်းအားပမာဏ အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၃ အထက်ရှိသည့် ငလျင်ဖြစ်ပြီး စုစုပေါင်း လူဦးရေ ၅၅ဝ ခန့်သေဆုံးခဲ့ကာ နေအိမ်များနှင့် ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့သည်။ အဆိုပါငလျင်သည် ပြင်းထန်စွာ နှစ်ကြိမ်လှုပ်ခတ်ခဲ့ပြီး တစ်ကြိမ်နှင့် တစ်ကြိမ်အကြား အနည်းငယ်သာ ကွာခြားသည်ဟု သိရသည်။

 

ငလျင်လှုပ်ခတ်မှုမှတ်တမ်းများအရ ၂၀၁၅ ခုနှစ် တွင် ၂၄ ကြိမ်၊ ၂၀၁၆ ခုနှစ်တွင် ၃၉ ကြိမ်၊ ၂၀၁၇ ခုနှစ်တွင် ၆၆ ကြိမ်၊ ၂၀၁၈ ခုနှစ်တွင် ၁၄၇ ကြိမ်၊ ၂၀၁၉ ခုနှစ်တွင် ၁၆၉ ကြိမ်၊ ၂၀၂၀ ပြည့်နှစ်တွင် အကြိမ် ၂၁၀၊ ၂၀၂၁ ခုနှစ်တွင် ၁၀၈ ကြိမ်၊ ၂၀၂၂ ခုနှစ် တွင် ၁၁၉ ကြိမ်၊ ၂၀၂၃ ခုနှစ်တွင် အကြိမ် ၇၀၊ ၂၀၂၄ ခုနှစ်တွင် ၃၇ ကြိမ် စသည်ဖြင့် လှုပ်ခတ်ခဲ့ပြီး အကြမ်းအားဖြင့် အကြိမ်အရေအတွက်သည် တစ်နှစ်ထက်တစ်နှစ် ပိုမိုလှုပ်ခတ်လာသည်။

 

တစ်နှစ်ထက်တစ်နှစ်ပိုမိုလှုပ်ခတ်မှုများနှင့်အတူ ၁၉၃၀ ပြည့်နှစ် အင်အားပြင်းငလျင် လှုပ်ခဲ့ပြီးသည်မှာလည်း နှစ်ပေါင်းတစ်ရာခန့် ရှိပြီဖြစ်သည်။ အင်အားပြင်းထန်သည့် ငလျင်ကြီးများသည် နှစ်ပေါင်းတစ်ရာခန့်လျှင် တစ်ကြိမ် လှုပ်ခတ်ကြောင်း အရပ်စကားလည်းရှိသည်။ အထက်ပါအကြောင်းအရာများနှင့် ဘူမိဗေဒဆိုင်ရာ တွေ့ရှိချက်များအရ စစ်ကိုင်း ငလျင်ကြောကြီးသည် နောက်ထပ်တစ်ဖန် ပြန်လည်လှုပ်ခတ်ရန်အချိန်သို့ များစွာကျော်လွန်နေပြီ ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင်များက ထင်မြင်ယူဆခဲ့ကြဟန်ရှိသည်။ ဆိုလိုသည်မှာ ငလျင်ကြီးတစ်ခု အချိန်မရွေး လှုပ်ခတ်နိုင်သည့်သဘောဖြစ်သည်။

 

ငလျင်လှုပ်ခတ်မှုကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများအနေဖြင့် အဆောက်အအုံများ ပြိုကျပျက်စီးခြင်းကြောင့် သေကျေပျက်စီးမှု ကြီးမားနိုင်ခြင်း၊ မီးလောင်ကျွမ်းနိုင်ခြင်း၊ တာတမံများ ကျိုးပေါက်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ ကမ်းပြို ခြင်း၊ ရေတွင်းများပျက်စီးခြင်း၊ တယ်လီဖုန်းတိုင်များ၊ လမ်းတံတားများ၊ လျှပ်စစ်ဓာတ်အားလိုင်းများ၊ မြို့ရေပေးဝေရေးစနစ်များ၊ မြို့ပြစက်မှုလုပ်ငန်းများ စသည့် နိုင်ငံ၏အရေးပါသော အသက်သွေးကြော လုပ်ငန်းစနစ်များ ပြတ်တောက်ခြင်းများ ဖြစ်ပွား လာနိုင်သည်။

 

နိုင်ငံတော်၏ မူဝါဒ/လမ်းညွှန်ချက်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုနှင့်အညီ မီးသတ်ဦးစီးဌာနမှ ဌာနအကြီးအကဲနှင့် အရာရှိကြီးများသည် ငလျင်လှုပ်ခတ်မှုဖြစ်ပွားလာပါက များပြားလှသော အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် မျှော်မှန်း၍ ကြိုတင်လေ့ကျင့် ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ကြသည်။ လိုအပ်သည့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများကို နှစ်စဉ်ဘဏ္ဍာနှစ်အလိုက် ဝယ်ယူဖြည့်တင်းခဲ့သည်။

 

ပြည်သူလူထုအတွင်း ဘေးအန္တရာယ်ကျရောက်လာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရန်၊ လုပ်ငန်းသုံး ပစ္စည်းများအား ကျွမ်းကျင်ပိုင်နိုင်မှုရှိစေရန်အတွက် မီးသတ်စခန်းအလိုက် လေ့ကျင့်ခြင်းများကို နေ့စဉ်၊ အပတ်စဉ်၊ လစဉ် ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် မေလ ၅ ရက်နေ့တွင် နှစ်စဉ်ကျရောက်သည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားတွင်လည်း ရှာဖွေကယ်ဆယ်ရေး တပ်ခွဲအဆင့် အင်အား ၁၁၆ ဦးဖြင့် နိုင်ငံတကာအဆင့်မီ ငလျင်ဘေးအန္တရာယ် သရုပ်ပြလေ့ကျင့်ခန်း အစီအစဉ်ကို တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် နှစ်စဉ်နီးပါး အခါအားလျော်စွာ ထည့်သွင်းပြုလုပ်မှုများက သက်သေဖြစ်သည်။

 

mdn

 

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် အင်အားပြင်း မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး မြန်မာနိုင်ငံရှိ နေပြည်တော်၊ စစ်ကိုင်း၊ ပဲခူး၊ မန္တလေး၊ ရှမ်း ပြည်နယ်ရှိ နေရာဒေသများတွင် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ပါသည်။ ယင်းငလျင်သည် အနက်တိမ်သောကြောင့် (အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သောကြောင့်) သေဆုံးထိခိုက် ပျက်စီးမှုများပြားခဲ့သည်။ ငလျင်လှုပ်ခတ်ပြီးနောက် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည့်ဒေသများ ဖြစ်သော နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ဒေသခံရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာဒေသအလိုက် မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း၍ အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှုများ ကနဦးဆောင်ရွက်ခဲ့ကြသည်။ အဆိုပါနေ့တွင်ပင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုနည်းပါးသော ဒေသများမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ထပ်မံစုဖွဲ့၍ ငလျင်ဘေးဒဏ်သင့် ဒေသများသို့ အင်အားများ ဖြန့်ခွဲစေလွှတ်ကာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။

 

၂၀၂၅ ခုနှစ် မတ်လ ၂၉ ရက်နေ့ နံနက် ၉ နာရီ တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်၍ အရေးပေါ် အစည်းအဝေးကိုကျင်းပခဲ့ပြီး အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုဖြစ်စဉ် အရေးပေါ်တုံ့ပြန်ရေး ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။

 

 

နိုင်ငံတကာမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကို လည်း ဝင်ရောက်ခွင့်ပြုခဲ့သည်။

ထိုနေ့မှစတင်၍ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှား နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံ၊ တရုတ်နိုင်ငံတို့မှ China Search and Rescue Team၊ China Inter-national Search and Rescue Team၊ Yunnan Rescue and Medical Team နှင့် Hong Kong Search and Rescue Team၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၊ UAE နိုင်ငံ၊ ရုရှားနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံ၊ တူကီယဲနိုင်ငံ စသည့်နိုင်ငံများမှ ရှာဖွေကယ်ဆယ်ရေး နှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးဆိုင်ရာ အဖွဲ့ များ၊ ဆေးဘက်ဆိုင်ရာအဖွဲ့များသည် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြပြီး မီးသတ်ဦးစီးဌာနမှ ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းနှင့် အရေးပေါ်ဆေးဘက် ဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြပါသည်။

 

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်သည့် ဒေသများတွင် ယင်းဒေသရှိ ဒေသခံ မီးသတ်တပ်ဖွဲ့ဝင်များအပြင် အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ အသင့်လေ့ကျင့်စုဖွဲ့ထားသည့် ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်များကို  ဖြန့်ခွဲစေလွှတ်ခဲ့ရာ နေပြည်တော်သို့ ၃၆၈ ဦး၊ မန္တလေးမြို့သို့ ၂၁၇ ဦး၊ စစ်ကိုင်းမြို့သို့ ၃၈ ဦးအား ၂၈-၃-၂၀၂၅ ရက်နေ့ ၁၅၀၀ အချိန်တွင် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းသုံး ယာဉ်/စက်ပစ္စည်း ကိရိယာများနှင့်အတူ စေလွှတ်၍ လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့သည်။

 

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ မရောက်ရှိမီ ငလျင် လှုပ်ခတ်ပြီး ၁၂ နာရီအတွင်း အသက်ရှင်လျက် ၃၉၁ ဦး၊ သေဆုံးသူ ၁၄၅ ဦး၊ ၃၆ နာရီအတွင်း အသက် ရှင်လျက် ၆၀၄ ဦး၊ သေဆုံးသူ ၃၄၈ ဦးတို့၏ ရုပ်အလောင်းများအား ကယ်ဆယ်ထုတ်ယူပေးနိုင် ခဲ့သည်။ မော်ကွန်းတင်ထားထိုက်သော မှတ်တမ်းဖြစ်သည်။ မီးသတ်တပ်ဖွဲ့၏ စွမ်းဆောင်နိုင်မှုမှာလည်း ကျေနပ်အားရစရာဖြစ်သည်။ စုဖွဲ့လေ့ကျင့် ပြင်ဆင်မှုများ၏ ရလဒ်ဖြစ်သည်။ နိုင်ငံတကာ ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ အသက်ရှင်သူ ရှစ်ဦးနှင့် သေဆုံးသူ ၁၉၉ ဦးတို့အား ကယ်ဆယ် ထုတ်ယူပေးနိုင်ခဲ့ပြီး ဖြစ်စဉ်တစ်ခုလုံးတွင် အသက် ရှင်သူ ၆၅၃ ဦးနှင့် သေဆုံးသူ ၇၇၈ ဦးတို့အား ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

 

ယနေ့ မီးသတ်တပ်ဖွဲ့သည် တကယ်လုပ်လျှင် တကယ်ဖြစ်သည့်အနေအထားကို ရောက်ရှိနေပြီ ဖြစ်ကြောင်း မျက်ဝါးထင်ထင် တွေ့မြင်နေရပြီဖြစ်သည်။ မီးသတ်တပ်ဖွဲ့အဖြစ် ပေါ်ပေါက်လာသည့် အချိန်မှစ၍ ယနေ့အချိန်အထိ နိုင်ငံတော်၏အကျိုး၊ တိုင်းရင်းသားပြည်သူများ၏ အကျိုးကို အစဉ်ရှေးရှု ဆောင်ရွက်ပြီး မည်သို့သော အခြေအနေမျိုးတွင်မဆို နိုင်ငံရေးအရောင်အသွေးမရှိဘဲ သမိုင်း အစဉ်အလာကောင်းများနှင့် ပြည်သူ့အကျိုးပြု တပ်ဖွဲ့တစ်ခုအဖြစ် ရပ်တည်လာခဲ့သည်။

 

ထို့ကြောင့် ခေတ်အဆက်ဆက်တွင် ပြည်သူလူထုတစ်ရပ်လုံးက မီးသတ်တပ်ဖွဲ့ကို အလေးထား အားကိုးကြသည်မှာ လွဲမည်မထင်ပါကြောင်းနှင့် မြန်မာ့လူ့ဘောင်အတွက်လည်း မရှိမဖြစ်အရေးပါ သော တပ်ဖွဲ့ကြီးတစ်ခုဖြစ်သည်ဟု ယုံကြည်ပါကြောင်း (၇၉)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့နေ့အား ဂုဏ်ပြုလျက် ရေးသားတင်ပြလိုက်ရပါသည်။