စစ်ကိုင်း ၂၀ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် သြဂုတ်လ(၁၉)ရက်နေ့ မွန်းလွဲပိုင်းက မီးဘေးအန္တ္တရာယ်၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း၊ ရှေးဦးမီးသတ် ပစ္စည်းများ အသုံးပြု မီးငြိမ်းသတ်ခြင်းနှင့် ငလျင်ဘေးကျရောက်ပါက လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ဇာတ်တိုက်လေ့ကျင့်ခြင်းကို ကျင်းပခဲ့ကြောင်း သိရသည်။
ငလျင်ဘေးကျရောက်စဉ် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ၊ ကျရောက်ပြီးပါက ဆက်လက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ကျောင်းသားသူများသိရှိပြီး လိုက်ပါလုပ်ဆောင်နိုင်ရန်အတွက် လည်းကောင်း၊ စက်သုံးဆီဆိုင်များ၊ ဆီဘောက်ဆာကားများ မီးလောင်မှု ဖြစ်ပေါ်ပါက မီးငြိမ်းသတ်ရေး လုပ်ငန်းစဉ်များကို သိရှိစေရန်အတွက် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
မီးငြိမ်းသတ်ခြင်းနှင့် ငလျင်ဘေးဇာတ်တိုက်လေ့ကျင့်ခြင်းကို စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေး၏ လမ်းညွှန်မှုဖြင့် စစ်ကိုင်းခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်နိုင်နှင့် မြို့နယ် မီးသတ်ဦးစီးမှူး ဦးမျိုးသူအောင် နှင့် မီးသက်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်များ ၊ ဆရာမများနှင့် ကျောင်းသားသူများဖြင့်ဇာတ်တိုက်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


