မာန်အောင် ၁၂ ဒီဇင်ဘာ

 

မာန်အောင်မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍စီစဉ်သော "ငလျင်ဘေးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြော၊ ဆွေးနွေးပွဲ"ကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ် ပြန်/ဆက်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Commu-nity Centre) ခန်းမ၌ ကျင်းပခဲ့သည်။

 

ဟောပြောပွဲကို ကလေးသူငယ် ကျောင်းသား၊ ကျောင်းသူများသည် မမျှော်မှန်းနိုင်သော ငလျင်ဘေးအန္တရာယ် ကြုံတွေ့ခဲ့ရပါက ဆောင်ရန်နှင့် ရှောင်ရန်များ၊ လူကုန်ကူးမှုဆိုင်ရာများ၊ ကလေးသူငယ် အ­ခွင့်အရေးများဆိုင်ရာကို သိရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းထွန်းအောင်က "လူကုန်ကူးခေါင်းပုံဖြတ် မခံရစေရန် မိမိကိုယ်ကိုကာကွယ်ပါ" ခေါင်းစဉ်ဖြင့် ရှင်းလင်းပြောကြားသည်။

 

5

 

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ(ကိုယ်စား) အကြီးတန်းစာရေး ဒေါ်သော်တာခင်က ကျောင်းသား/ကျောင်းသူများအား ကလေးသူငယ် အခွင့်အရေးဆိုင်ရာနှင့်စပ်လျဉ်း၍ ကလေးသူငယ်များအနေဖြင့် အသက်ရှင်သန်ခွင့်၊ မွေးဖွားခွင့်၊ နေထိုင်ခွင့်၊ ပါဝင်ခွင့် စသော အခွင့်အရေး(၄)ချက်ကို ရပိုင်ခွင့်ရှိပါကြောင်း၊ လူကုန်ကူးမှုတွင်လည်း စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများ ထိခိုက်နစ်နာမှုမရှိစေရန် ဆောင်ရန်/ရှောင်ရန် အချက်များကို ရှင်းလင်းဟောပြောကာ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထိန်လင်းက ငလျင်ဘေးအန္တရာယ်ကြုံတွေ့လာရပါက ထိရှမှု၊ ဆုံးရှုံးမှု နည်းပါးစေဖို့ ဆောင်ရန်/ရှောင်ရန် အချက်များနှင့် ငလျင်ဖြစ်ပေါ်သည့် ရပ်ဝန်းများကို အသေးစိတ်ရှင်းလင်းခဲ့ပြီး ငလျင်လှုပ်နေစဉ်အတွင်း "ဝပ်၊ ကာ၊ ကိုင်"နည်းလမ်းဖြင့် လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့သည်။

 

အဆိုပါဟောပြောပွဲသို့ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ (၄၀)ဦး တက်ရောက်ခဲ့ပြီး သိလိုသည်များမေးမြန်း၍ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြပြီးနောက်  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ခင်းကျင်းပြသထားသည့် သုတ/ရသ စာအုပ်၊ ကလေးသူငယ်များနှင့် လူငယ်များအတွက် လုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ စာစောင်၊ ငလျင်ဘေးအသိပညာ စာစောင်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း၊ မသန်စွမ်းသူ အခွင့်အရေးများဆိုင်ရာ ပိုစတာ၊ နံရံကပ်စာစောင်များကို  စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့‌ကြောင်း သိရသည်။

 

သိန်းထွန်းအောင်(ပြန်/ဆက်)­