နေပြည်တော် ဧပြီ ၂၀
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက် ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို တိုင်းစစ်ဌာနချုပ် အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံ များမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများ သည် စစ်ကိုင်းမြို့ စီတီးရပ်ကွက်ရှိ ရာဇာမဏိစူဠာကောင်းမှုတော်စေတီ၊ ကျောက်ဆစ်ရပ်ကွက်ရှိ နည်းပညာတက္ကသိုလ်၊ ရွာထောင်ရပ်ကွက်ရှိ အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်းနှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ ပန်းပဲတန်းရပ်ကွက်ရှိ လူနေအဆောက်အအုံ များနှင့် မင်းလမ်းရပ်ကွက်ရှိ ရတနာဗိမာန် ထူပါရုံရွှေကျောင်းတိုက်နှင့် စစ်ကိုင်းမြို့ စည်ပင်သာယာ ဈေးများသို့ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် သာသနိကအဆောက်အအုံများနှင့် ကျောင်းဆောင်အဆောက်အအုံများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်း၍ စုပေါင်းရှင်းလင်းဖယ်ရှားနေမှုများကို သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့ ပါရမီရပ်ကွက်တွင် မလေးရှားနိုင်ငံ ဆေးဘက်ဆိုင်ရာကုသရေးအဖွဲ့မှ ယာယီဆေးရုံဆောက်လုပ်နေမှုအားလည်းကောင်း၊ ထို့နောက် စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင် စေတီ၊ ဥမင်ကိုးဆယ်စေတီ၊ နန်းဦးမြို့သစ်ရှိ မရှိခဏစေတီ၊ မဟာလှစေတီများသို့ သွားရောက်၍ ငလျင်ဒဏ် ကြောင့် ပြိုကျပျက်စီးလျက်ရှိသော သာသနိက အဆောက်အအုံများနှင့် ကျောင်းဆောင် အဆောက်အအုံများကို ရှင်းလင်းဖယ်ရှားနေမှုများအားလည်းကောင်း၊ နန်းဦးမြို့သစ်ရှိ ငလျင်ဒဏ်သင့်ပြည်သူများ စောင့်ရှောက်ရေးစခန်းများသို့လည်းကောင်း၊ ငလျင် ဒဏ်သင့်ပြည်သူ များ ကျန်းမာရေးစောင့်ရှောက်မှုအတွက် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဆောင်ရွက်ပေး နေမှုများအားလည်းကောင်း ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တာဝန်ရှိသူ များသည် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံ မြို့နယ်ရှိ အင်ကြင်းကွန်ဒိုနေရာ၊ Irawaddy River View ဟိုတယ်နေရာ၊ အမရပူရမြို့နယ်ရှိ မဟာစန္ဒာ မုနိဘုရား၊ ဆင်ဖြူမယ်ဆုတောင်းပြည့် ဘုရားနှင့် အောင်မြေရွှေဘုံမြတ်စွာဘုရားတို့အား သွားရောက်၍ ငလျင်ဒဏ်သင့်၍ ပြိုကျပျက်စီး ခဲ့သော အပျက်အစီးများအား နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ဖယ်ရှားရှင်းလင်းနေမှုအား ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ကာ လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် ချမ်းမြသာစည်မြို့နယ်ရှိ ရွှေဘုံသာ ကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမြော်၍ အလှူငွေများ ဆက်ကပ်လှူဒါန်းပြီး ကျောင်းတိုက် တွင်းရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသည့်နေရာများအား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများ သည် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံ မြို့နယ်ရှိ စန္ဒာမုနိဘုရားသို့ သွားရောက်ဖူးမြော်၍ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ပြီး ဘုရား ပရိဝုဏ်အတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးသွား သော အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် တာဝန်ရှိသူများအားမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် အောင်မြေသာစံမြို့နယ်ရှိ မန္တလေးတောင် တော်ဆုတောင်းပြည့် စေတီ၊ ဘုရားနီဆုတောင်းပြည့်မြတ်စွာဘုရား၊ ချမ်းအေးသာစံမြို့နယ်ရှိ မဟာလောကရံသီ အိမ်တော်ယာစေတီ၊ မဟာအောင်မြေမြို့နယ်ရှိ သာသနာပိုင်တိုက် ရတနာစံ ကျောင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ မြေစွန်းဝင်ဘုရားနေရာတို့အား သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုများအား သွားရောက်ကြည့်ရှု အားပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ကာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်နှင့် တာဝန်ရှိသူများ သည် ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်မြို့ အထွေထွေရောဂါကုဆေးရုံကြီးနှင့် စဉ့်ကိုင်မြို့ ခုတင် ၅၀ ဆံ့ ပြည်သူ့ဆေးရုံများသို့သွားရောက်၍ ဆေးရုံ တက်လူနာများအား တွေ့ဆုံအားပေး စကားပြောကြားခဲ့ပြီး တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ ဆေးရုံအတွင်း/အပြင် သန့်ရှင်းရေးလုပ်အားပေးဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။ ထို့နောက် စဉ့်ကိုင်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်စစ်ဆေးခဲ့ပြီး ပြန်လည်တည်ဆောက်ရေးကာလတွင် မြို့သန့်ရှင်းသာယာလှပရေး၊ တစ်ခါသုံး ရေဘူး၊ တစ်ခါသုံး အမှိုက်အိတ်များ ကင်းစင်ရေးအတွက် ပညာပေးကာလ၌ တွန်းအားပေးဆောင်ရွက်ရန်၊ မြို့အင်္ဂါရပ်နှင့်ညီညွတ်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ သက်ဆိုင်ရာ စည်ပင်သာယာရေး ကော်မတီအနေဖြင့် အဆောက်အအုံများ ပြန်လည်တည်ဆောက်ခွင့်တင်ပြလာချိန်တွင် ငလျင်ဒဏ် 8 magnitude ခံနိုင်သည့် အဆောက်အအုံများ ဆောက်လုပ်ခွင့်ပြုရန်အတွက် နိုင်ငံတကာစံချိန် စံညွှန်းနှင့်အညီ SOP ကြိုတင်ရေးဆွဲထားရန် လိုအပ်ပြီး ရေးဆွဲထားသည့် SOP နှင့်အညီ စိစစ်၍ ဆောက်လုပ်ခွင့်ပြုသွားရန်နှင့် ပြန်လည်တည်ဆောက်မှုများအပေါ် အသေးစိတ်စစ်ဆေး ဆောင်ရွက်ရန် လိုကြောင်းမှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူးရုံး (စဉ့်ကိုင်)သို့ သွားရောက်ကြည့်ရှုခဲ့ပြီး ပျက်စီးသွားသော အဆောက်အအုံများ အမြန်ပြုပြင်နိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ အမြန်ဆုံးတင်ပြ၍ လမ်းညွှန်မှုခံယူသွားရန် မှာကြားခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ အခြေခံပညာ အထက်တန်းကျောင်း(စဉ့်ကိုင်)၊ အခြေခံပညာအထက်တန်းကျောင်း(ပုလိပ်)၊ စဉ့်ကိုင် မြို့နယ် တအုံကျေးရွာအုပ်စုရှိ ကွန်ပျူတာတက္ကသိုလ်(မန္တလေး)နှင့် အခြေခံပညာအထက်တန်း ကျောင်း (ဘဲလင်း) ကျောင်းများသို့ သွားရောက်စစ်ဆေးခဲ့ပြီး ယခုနှစ်ပညာသင်နှစ်အမီ ကျောင်းအပ်နှံလာမည့် ကျောင်းသား ကျောင်းသူများ ခန့်မှန်းအင်အားအတိုင်း စာသင်ဆောင်များ လုံလောက်မှုရှိစွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် ပျက်စီးသွားသော စာသင်ဆောင်များ အမြန်ပြုပြင်နိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ အမြန်ဆုံးတင်ပြ၍ လမ်းညွှန်မှုခံယူသွားရန်၊ ဝန်ထမ်းများ လုံခြုံစွာနေထိုင်နိုင်ရေး၊ စားသောက်မှု အဆင်ပြေချောမွေ့စေရေးအတွက် တာဝန်ရှိသူ များက အလေးထားဆောင်ရွက်ပေးသွားရန်မှာကြားပြီး ကျောင်းအုပ်ကြီးများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့အတူ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် သာလေးကျေးရွာအုပ်စု နမ့်ဟူးကျေးရွာရှိ ငလျင်ဒဏ် ကြောင့် ပျက်စီးခဲ့သော အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ပြန်လည်ပြုပြင်တည်ဆောက် ရာတွင် Sheet Pile ရိုက်ခြင်း၊ Cement Grouting ထိုးခြင်း၊ စကျင်ကျောက်ပြားကပ်ခြင်းနှင့် အင်းလေးဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြု မည့် စက်ယန္တရားများနှင့် ဆက်စပ်ပစ္စည်းများ နမ့်ပန်ကျေးရွာ မော်တော်ဇုန်လှေဆိပ်၌ ရောက်ရှိနေမှုအခြေ အနေများအား သွားရောက်ကြည့်ရှု၍ စက်ယန္တရားများ အင်းလေးဒေသသို့ အန္တရာယ်ကင်းရှင်းစွာ အချိန်မီ ရောက်ရှိအောင် သယ်ဆောင်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် အင်းလေး ဖောင်တော်ဦးဘုရားသို့ ရောက်ရှိကြပြီး အင်းလေးဖောင်တော်ဦးဘုရား ကိန်းဝပ်ရာ ရတနာစံ ကျောင်းတော်ကြီး အောက်ခြေ RC ကွန်ကရစ်တိုင်များ ခိုင်ခံ့မှုရှိ/မရှိ စစ်ဆေးနိုင်ရန် ပြန်လည်တူးဖော်နေသည့် လုပ်ငန်းအခြေအနေများနှင့် ရင်ပြင်တော်ရှိ စကျင်ကျောက်ပြားများ ပြန်လည်တူးဖော်နေသည့် လုပ်ငန်းအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် သာလေးကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း၌ ယာယီဖွင့်လှစ်ထားသည့် ငလျင်ကယ်ဆယ်ရေးစခန်း၌ ငလျင်ဒဏ်သင့်ပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး မီးဖိုချောင်သုံးပစ္စည်းများ၊ မိသားစုအသုံးအဆောင် ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများပေးအပ်ပြီး ငလျင်ဒဏ်သင့်ပြည်သူများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်