နေပြည်တော် ဧပြီ ၂၃

 

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက် ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာန ချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ် ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ နန်းဦးမြို့သစ်နှင့် ပါရမီရပ်ကွက်ရှိ ငလျင်ဒဏ်သင့်ပြည်သူများ စောင့်ရှောက် ရေးစခန်းသို့သွားရောက်၍ ထောက်ပံ့ပစ္စည်းများ ပေးဝေနေမှုအားလည်းကောင်း၊ သောတပန် ရပ်ကွက်ရှိ သုတေသကသီလရှင်ကျောင်းတိုက်၊ ဇနကရာမကိုးကန့်ကျောင်းတိုက်၊ ပန်းဘဲတန်း ရပ်ကွက်နှင့် ရွာထောင်ရပ်ကွက်တို့ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသော သာသနိက အဆောက်အအုံများ၊ လူနေအဆောက်အအုံများကို စုပေါင်းရှင်းလင်း ဖယ်ရှားနေမှုများအား လည်းကောင်း၊ ပါရမီရပ်ကွက်နှင့် ရန်နိုင်ရပ်ကွက်တို့ရှိ ငလျင်ဒဏ်သင့်ပြည်သူများ စောင့်ရှောက်ရေး စခန်းများ၌ ကျန်းမာရေးဆိုင်ရာများအားလည်းကောင်း၊ စီတီးရပ်ကွက်ရှိ ရာဇာမဏိစူဠာ ကောင်းမှုတော်စေတီနှင့် ကျောက်ဆစ်ရပ်ကွက်ရှိ နည်းပညာတက္ကသိုလ် (စစ်ကိုင်း)တို့၌ ပြိုကျပျက်စီးနေသော သာသနိကအဆောက်အအုံများနှင့် လူနေအဆောက်အအုံများအား လည်းကောင်း၊ စစ်ကိုင်းတောင်ရိုးရှိ၊ ဆွမ်းဦး ပုညရှင်စေတီတော်နှင့် ရှင်ဖြူရှင်လှစေတီများသို့ သွားရောက်ကာ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသော သာသနိကအဆောက်အအုံများ၊ အရန် စေတီများကို ဖယ်ရှားရှင်းလင်းနေမှုတို့ကိုလည်းကောင်း၊ စစ်ကိုင်းမြို့အတွင်းရှိ သာသနိက အဆောက်အအုံများကို ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ရန်အတွက် တပ်မတော် (ကြည်း/ရေ/လေ) မိသားစုများမှလှူဒါန်းသည့် ဘိလပ်မြေအိတ် ၁၈၀ တန် ရောက်ရှိနေမှုကို လည်းကောင်း၊ သောတပန်ရပ်ကွက်ရှိ လေးကျွန်းမာရ်အောင်စေတီတော်၌ ပြိုကျပျက်စီး နေသော သာသနိကအဆောက်အအုံများ ဖယ်ရှားရှင်းလင်းနေမှုကိုလည်းကောင်း၊ ပိုးတန်ရပ်ကွက်ရှိ လူနေ အဆောက်အအုံနှင့် မြို့မရဲစခန်းတို့တွင် ပြိုကျပျက်စီးနေသော အဆောက်အအုံများ ရှင်းလင်း ဖယ်ရှားနေမှုတို့ကိုလည်းကောင်း၊ ပါရမီရပ်ကွက်ရှိ ပြိုကျပျက်စီးနေသော စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန စစ်ကိုင်းခရိုင်စီမံကိန်းဦးစီးရုံး၏ ဝန်းထမ်းအိမ်ရာ ကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

 

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တာဝန်ရှိသူ များသည် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် မန္တလေးတောင်တော် ဆုတောင်းပြည့်စေတီတော်၊ စန္ဒာမုနိ ဘုရားများသို့ သွားရောက်ဖူးမြော်ကြည်ညို၍ ပြိုကျပျက်စီးခဲ့သည့် အပျက်အစီးများအား ဖယ်ရှား ရှင်းလင်းနေမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီး၌ အပျက်အစီးများအား ဖယ်ရှားရှင်းလင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ လည်းကောင်း၊ မဟာမုနိဘုရားကြီး ကျောင်းတော်ကြီး၏ ထီးတော်ပြန်လည်ပြုပြင် ဆောင်ရွက် နိုင်ရေး စီမံထားရှိမှုအခြေအနေများအား ထီးတော်အနီးထိ ကရိန်း၊ ဒရုန်းတို့ဖြင့်လည်းကောင်း အနီးကပ် ပတ်လည်ကြည့်ရှုစစ်ဆေး၍ ရှေးမူမပျက် မူလအတိုင်း ပြန်လည်ပြုပြင်တည်ဆောက်ရေး၊ အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးတို့ကို တာဝန်ရှိသူများအားမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများ သည် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ ရွှေကျီးမြင်ဘုရား၊ ချမ်းအေးသာဇံမြို့နယ်ရှိ မဟာ သကျသီဟဘုရား၊ မဟာအောင်မြေမြို့နယ်ရှိ သာသနာပိုင်ကျောင်းတိုက် ရတနာစံကျောင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ချမ်းအေး သာဇံမြို့နယ်ရှိ Golden City Hotel နေရာများသို့ သွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည်များကိုလည်း ကောင်း၊ ဖယ်ရှားရှင်းလင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ ဘုရားစေတီ ပုထိုးများတွင် ရှေးမူမပျက် ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်နှင့် တာဝန်ရှိသူများ သည် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း (ကျောက်ဆည်)၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များနှင့် မြို့မိမြို့ဖ များစုပေါင်း၍ ပြိုကျပျက်စီးသွားသော အပျက်အစီးများကို ဖယ်ရှားရှင်းလင်းနေမှုများ၊ ကျောင်း အတွင်း/အပြင်သန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်နေမှုများကို ကြည့်ရှုပြီး အချိုရည်နှင့် ရေသန့်ကတ်များ ပေးအပ်သည်။

 

ထို့နောက် ကျောက်ဆည်မြို့ မြင်စိုင်းမြို့ဟောင်း မြို့ကွက်(ဂ)အတွင်းရှိ ငလျင်ဒဏ်ကြောင့် ကွဲအက် ပျက်စီးသွားသော ရှေးဟောင်းသမိုင်းဝင် နန်းဦး ဘုရားအား သွားရောက်ကြည့်ရှု၍ နန်းဦးဘုရားအား ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းရန် ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ သောကြာကြယ် ပရဟိတပညာရေးအကူအညီ ဘုန်းတော်ကြီး ကျောင်း ကျောင်းထိုင်ဆရာတော်အား ဖူးမြော်၍ ဆန်နှင့် ဝတ္ထုငွေများပေးအပ်လှူဒါန်းပြီး ကျောင်း သား ကျောင်းသူ ၈၀၀ ခန့် နေထိုင်စားသောက်ရေး အဆင်ပြေစေရေးအတွက် တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ကျောက်ဆည်မြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် Modular House များ လှူဒါန်း ပေးအပ်ပွဲနှင့် ကျောက်သေတ္တာစေတီ ပြုပြင် ထိန်းသိမ်းရေး အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်၍ အလှူငွေအားလက်ခံပြီး လှူဒါန်းပေးမှုအပေါ် ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

 

ယင်းနောက် ကျောက်ဆည်မြို့ စုကြီးရပ်ကွက် (၁၅) လမ်းပေါ်ရှိ အန္တရာယ်ရှိ အဆောက်အအုံများ ရှင်းလင်းနေမှုနှင့် စဉ့်ကိုင်မြို့ ရန်နိုင်ရပ်ကွက် ဗိုလ်တေဇလမ်းပေါ်ရှိ အန္တရာယ်ရှိ အဆောက်အအုံ များ ရှင်းလင်းနေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်