နေပြည်တော် ဧပြီ ၃၀
မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက် ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေး အဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့် တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ ပဲကတိုရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသည့် စစ်ကိုင်း တက္ကသိုလ်အားလည်းကောင်း၊ ပတ္တမြားရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသည့် စစ်ကိုင်းပညာရေးတက္ကသိုလ်နှင့် Grade-12 ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုရန် စခန်းသွင်းသင်ကြား ပို့ချမည့် နေရာများအားလည်းကောင်း၊ ရွှေမင်းဝံရပ်ကွက်ရှိ ရွှေမင်းဝံဈေး အတွင်း ဈေးသည်များ စိတ်အေးချမ်းသာစွာ ဈေးရောင်းချနေမှုအားလည်းကောင်း၊ ပိုးတန်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၌ Grade-12 ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုရန် စာပေလေ့လာကျက်မှတ်နေမှုတို့ အားလည်းကောင်း၊ တကောင်းရပ်ကွက်ရှိ အိမ်တော်ရာကျောက်စေတီ၊ အောင်မြေလောကစေတီတော်၊ ပိုးတန်းရပ်ကွက်နှင့် ပန်းပဲတန်း ရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသည့် သာသနိက အဆောက်အအုံများနှင့် လူနေအဆောက်အအုံများ ကို ရှင်းလင်းဖယ်ရှားနေမှုများအားလည်းကောင်း၊ သစ်ဆိပ်မြစ်ကမ်းမှ မန္တလေးမြို့ ရွှေကြက်ကျ မြစ်ကမ်းသို့ ဇက်ကူး တို့ဖြင့် သယ်ယူပို့ဆောင်နေမှုများနှင့် ဇက်ကူးတို့ အတက်အဆင်းလမ်းများ ဆောင်ရွက်ပြီးစီးမှုများအားလည်းကောင်း၊ ရွာထောင် ရပ်ကွက်ရှိ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီး လျက်ရှိသော ကျောင်းဆောင်အဆောက်အအုံများအားလည်းကောင်း၊ သောတပန်ရပ်ကွက်ရှိ သုတေသက သီလရှင်ကျောင်းတိုက်၊ လေးကျွန်းမာရ်အောင် မြတ်စွာဘုရားနှင့် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)၊ စစ်ကိုင်း တောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီ၊ စီတီးရပ်ကွက်ရှိ ရာဇာမဏိစူဠာ ကောင်းမှုတော်စေတီများတွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသော သာသနိကအဆောက်အအုံများ၊ အရန်စေတီများနှင့် လူနေအဆောက်အအုံများကို ရှင်းလင်း ဖယ်ရှားနေမှုများအားလည်းကောင်း၊ ထုံးဘိုရပ်ကွက်ရှိ ငလျင်ဒဏ်သင့်ပြည်သူများ စောင့်ရှောက်ရေးစခန်းသို့ သွားရောက်ကာ စခန်းအတွင်း စည်းကမ်းစနစ်တကျရှိစေရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအား သွားရောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့ နန်းမြို့ရိုးသို့သွားရောက်၍ မြို့ရိုးပတ်လည်ရှိ ပြကလေးပြာသာဒ်များတွင် မှန်ကင်းတိုင်များ တည့်မတ်ခြင်း၊ ထီးတော် တည့်မတ်ခြင်းလုပ်ငန်းများအား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ရှေးမူမပျက် ပြန်လည်ထိန်းသိမ်းပြုပြင်နေမှုများအားလည်းကောင်း၊ ကျော်မိုးတံခါးရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်နေရာများအားလည်းကောင်း၊ မြို့ရိုးပေါ်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အပျက်အစီး များအား ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြင့် ဖယ်ရှားရှင်းလင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လည်းကောင်း သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် မဟာအောင်မြေမြို့နယ်ရှိ ဂရိတ်ဝေါ ဟိုတယ်နေရာသို့လည်းကောင်း၊ မန္တလေးမြို့၏ အဓိကလမ်းမကြီးများ ထဲတွင်ပါဝင်သည့် ၂၆ လမ်းမ ကြီးနှင့် ၇၃ လမ်းမကြီးများပေါ်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော အန္တရာယ်ရှိအဆောက်အအုံ အပျက်အစီးများဖယ်ရှားရှင်းလင်းနေမှုနှင့် ဖယ်ရှားရှင်းလင်းပြီး အဆောက်အအုံနေရာ များအား စနစ်တကျ ထိန်းသိမ်းထားရှိမှု အခြေအနေများအားလည်းကောင်း သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လုပ်ငန်းခွင်တွင် အန္တရာယ်မရှိစေရေး စနစ်တကျပြုလုပ်ဆောင်ရွက်သွားရန်၊ အများ ပြည်သူများ အသုံးပြုမှုများသော အဓိကလမ်းမကြီးများပေါ်ရှိ အန္တရာယ်ရှိအဆောက်အအုံ အပျက်အစီးများအား ဦးစားပေး၍ အမြန်ဆုံးဖယ်ရှားရှင်းလင်းနိုင်ရေး ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်သွားရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အင်းဝတံတားသို့သွားရောက်၍ မြန်မာစီးပွားရေးကော်ပိုရေးရှင်း (MEC)မှ တာဝန်ယူဆောင်ရွက်နေ သော ခုံးအမှတ် ၄/၅ တွင် အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းခွင်၌ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှု၍ လုပ်ငန်းများဆောင်ရွက်စဉ် လုံခြုံမှုရှိစေရေးနှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းစဉ်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တာဝန်ရှိ သူများအား တံတားအပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်း၊ လုပ်ငန်းပြီးစီးမှုများအား နေ့စဉ် မှတ်တမ်းတင်ထားရှိရန် ပြောကြားခဲ့ပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့ အမရပူရမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ငလျင်ဒဏ်သင့်၍ထိခိုက်ပျက်စီးခဲ့ သည့် အပျက်အစီးများအား ဖယ်ရှားရှင်းလင်းနေမှုအား လည်းကောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပ စစ်ဆေးရာ တွင် ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေး၍ တက္ကသိုလ်ဝင် စာမေးပွဲ ပြန်လည်ဖြေဆိုရန်အတွက် သင်ခန်းစာများ ပြန်လည်သင်ကြားလေ့ကျင့်နေသည့် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအား တွေ့ဆုံအားပေးစကားပြောကြားကာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးတို့အတွက် ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးပြီး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ အမရပူရမြို့နယ်ရှိ မဟာဂန္ဓာရုံ ကျောင်းတိုက်၊ ရွှေကြက်ကျ ဆုတောင်းပြည့်မြတ်စွာ ဘုရား၊ ရွှေကြက်ယက်ဆုတောင်းပြည့် မြတ်စွာဘုရား၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ မာနိတာရာမပရိယတ္တိ စာသင်တိုက် နေရာများသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သည့် အပျက်အစီးများအား အရှိန်အဟုန်မြှင့် ဖယ်ရှားရှင်းလင်း ဆောင်ရွက် ပြီးစီးမှုအခြေအနေများအားလည်းကောင်း၊ ဘုရားစေတီပုထိုးများတွင် ရှေးမူမပျက် ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း သွားရောက် ကြည့်ရှုအားပေးပြီး အလှူငွေများ ပေးအပ်လှူဒါန်းခြင်း၊ ကျောင်းထိုင်ဆရာတော်ကြီးများအား အလှူငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ သန့်ရှင်းရေးဆောင်ရွက်နေသည့်အဖွဲ့များကို စားသောက်ဖွယ်ရာများ ပေးအပ်ကာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် တာဝန်ရှိသူများအားမှာကြား၍ လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်သည် ကျောက်ဆည်မြို့ ကံဦးရပ်ကွက် မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် မန္တလေးငလျင်ကြီးကြောင့် ကျောက်ဆည်ခရိုင်အတွင်း အသက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုဝင် များအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ငလျင်ဘေး သင့်ပြည်သူများအား လတ်တလောစားသောက်ရေး အဆင်ပြေစေရန် တစ်လစာ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်ခြင်း၊ ငလျင်ဘေးကြောင့် အသက်ဆုံးရှုံးခဲ့ရသူ တစ်ဦးစီအတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ငွေကျပ် ၁၀ သိန်း၊ မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ ငွေကျပ် ငါးသိန်း၊ ခရိုင်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ငွေကျပ်သုံးသိန်း စုစုပေါင်း ငွေကျပ် ၁၈ သိန်းနှုန်းဖြင့် အသက်ဆုံးရှုံးခဲ့ရသူ ၃၆၃ ဦး အတွက် ငွေကျပ်သိန်းပေါင်း ၆၅၃၄ သိန်းနှင့် စားနပ်ရိက္ခာအနေဖြင့် လူတစ်ဦးလျှင် တစ်လစာ အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ ရိက္ခာ ငါးမျိုး လူဦးရေ ၇၂၆၀၀ အတွက် ငွေကျပ်သိန်းပေါင်း ၃၈၄၄၉ သိန်း ကျော်နှင့် စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၄၄၉၈၃ သိန်းကျော် ထောက်ပံ့ပေးခဲ့ပြီး ငလျင်ဘေးသင့်ပြည်သူ များအား နိုင်ငံတော်မှ အင်တိုက်အားတိုက်လိုအပ်သလို ကူညီစောင့်ရှောက်ပေးနေသည့်အတွက် အားမငယ်ဘဲ ခိုင်မာသောစိတ်ဓာတ်ဖြင့် မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် အားပေးစကားပြောကြား ခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ကျောက်ဆည်မြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် လက်ပန်ဇင်ကျေးရွာအုပ်စု အင်းကုန်း ကျေးရွာ အင်းကုန်း အမက ကျောင်းတို့၌ ဆေးကုသ ပေးလျက်ရှိသော မလေးရှားနိုင်ငံမှ Mrs. Masniza ခေါင်းဆောင်သော MERCY Malaysia ဆေးကုသရေးအဖွဲ့အား ကျေးဇူးတင်စကားပြောကြား၍ ဆေးကုသရေး ဆောင်ရွက်နေမှုနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့် ပညာပေးရေးလုပ်ဆောင်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး ဆေးကုသမှုခံယူနေသော ပြည်သူများအား အားပေးစကားပြောကြားခဲ့ကာ တာဝန်ရှိသူများအား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ကိုးပင်ကျေးရွာအုပ်စု ဇလဲကျေးရွာ ဇလဲဘုရားဝင်းအတွင်းရှိ ဓမ္မာရုံ၌ ကျောက်ဆည်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ငလျင်ဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်နေမှု အခြေအနေများအား သွားရောက် ကြည့်ရှုခဲ့ပြီး ငလျင်ဒဏ်သင့်ပြည်သူများအား အားပေးစကားပြောကြားခဲ့ကာ တာဝန်ရှိသူများအား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။
ဆက်လက်၍ ကျောက်ဆည်မြို့ရှိ UNITY HEART မှဦးစီး၍ ဖွင့်လှစ်ပေးထားသော ငလျင်ဘေးသင့် ပြည်သူများအတွက် ကြက်မင်းတွန်ရပ်ကွက်ရှိ မေတ္တာကွန်းခိုရာ(၁)နှင့် ဖောင်ရွာရပ်ကွက်ရှိ မေတ္တာကွန်းခိုရာ(၂) ကယ်ဆယ်ရေးစခန်းတို့အား သွားရောက်၍ ယခင်ကမှာကြားထားသည့်အတိုင်း လူနေတဲများအား မိုးလုံနေပူဒဏ်လုံအောင် ဆောင်ရွက်စေခြင်း၊ သောက်ရေသုံးရေကန်များ စနစ်တကျဆောင်ရွက်စေခြင်း၊ စည်းကမ်းတကျ နေထိုင်နိုင်ရေး၊ အမှိုက်များ စွန့်ပစ်ကန်ဖြင့် စနစ်တကျဆောင်ရွက်စေရေး၊ သန့်စင်ခန်းများအား ယင်လုံအောင် စနစ်တကျဆောင်ရွက်စေရေး၊ ယာယီ နေထိုင်သူ များကို စနစ်တကျမှတ်တမ်းပြုစုထားရှိစေရေးတို့အား ပြန်လည်စစ်ဆေးခဲ့ပြီး မကြာမီမိုးကျ တော့မည်ဖြစ်သဖြင့် ဝမ်းရောဂါနှင့် ကူးစက်ရောဂါများမဖြစ်ပွားစေရေးမှာကြားခဲ့ကာ ငလျင်ဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်း များ ပေးအပ်သည်။
ထို့နောက် ဆူးကုန်းရပ်ကွက်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံး၌ ငလျင်ဒဏ်သင့်ဝန်ထမ်းများ အတွက် မိုးမကျမီနေထိုင်နိုင် ရေး Modular House များ တပ်ဆင်နေသည့်အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အမြန်ဆုံးတပ်ဆင်နိုင်ရေး တွန်းအားပေးဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်