နေပြည်တော် ဇွန် ၁
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက် အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးသက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့နယ် မင်းကွန်း ဒေသရှိ ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော သမိုင်းဝင် မြသိန်းတန် စေတီတော်မြတ်ကြီးနှင့် သာသနိကအဆောက်အအုံများကို လည်းကောင်း၊ မင်းကွန်းခေါင်းလောင်းကြီး ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးမှု ရှိ/မရှိကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် မင်းကွန်းဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အသက်ကြီး ဘိုးဘွားများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပေးအပ်သည့် လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်း ၁၈ မျိုးအား ပေးအပ်ပြီး ချက်ပြုတ်ရေး အဆောင်နှင့် ဘိုးဘွား အိပ်ဆောင်များသို့ သွားရောက်၍ အသက်ကြီးဘိုးဘွားများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ကာ အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။ ယင်းနောက် ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော ပုထိုး တော်ကြီးနှင့်ခြင်္သေ့ကြီးအားလည်းကောင်း၊မင်းကွန်းသီတဂူရေအလှူတော် ပင်မရေတင်စက်ရုံကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ မင်းကွန်းနယ်မြေရဲစခန်းအား လူသုံးကုန်ပစ္စည်း များနှင့် စားသောက်ကုန်ပစ္စည်း ၁၀ မျိုးကို ပေးအပ်ခဲ့ပြီး ငလျင် ဘေးဒဏ်ကြောင့် ဝန်ထမ်းအိမ်ရာများ ပြိုကျပျက်စီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် မင်းကွန်းတောင်ရိုး၊ မိုးမိတ်ကုန်းမြေရှိ တိပိဋက နိကာယကျောင်းတိုက်ဆရာတော်ကြီး များအား စားသောက်ကုန်ပစ္စည်း များနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကာ ငလျင်ဘေးဒဏ် ကြောင့် ပြိုကျပျက်စီးခဲ့သော တိပိဋကနိကာယကျောင်းတိုက်အား စက်ယန္တရားကြီးဖြင့် ဖယ်ရှား ရှင်းလင်းနေမှုကိုလည်းကောင်း၊ ကြက်ထောင့်ကန် ချောင်းပေါက်ကျေးရွာရှိ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)နှင့် ပယ်ငါးဆယ်ကျေးရွာရှိ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)တို့၌ ငလျင်ဘေးဒဏ် ကြောင့် ပြိုကျပျက်စီးခဲ့သော အဆောက်အအုံများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့ အမရပူရမြို့နယ် သမိုင်းဝင်အောင်မြေ ရွှေကြက်ကျ ဆုတောင်းပြည့်မြတ်စွာဘုရားသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အပျက်အစီးများ ပြန်လည်ပြုပြင် မွန်းမံ တည်ဆောက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက်ရှိ ပဉ္စမ သင်္ဂါယနာတင်မဟာလောကမာရဇိန် စေတီကုသိုလ်တော်မြတ်စွာဘုရား၊ စန္ဒာမုနိဘုရားနှင့် ကျောက်တော်ကြီးမြတ်စွာဘုရားများသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အပျက်အစီးများအား ရှေးမူမပျက် ပြန်လည် ပြုပြင်မွန်းမံ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား အလှူငွေ များ ပေးအပ်လှူဒါန်းကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်သည် ကျောက်ဆည်မြို့ ရန်ကုန်-မန္တလေးလမ်းမကြီးဘေးရှိလမ်းဘေးဝဲ/ယာမှ ရေနုတ်မြောင်းများအား ရေစီးရေလာကောင်းမွန် စေရေးအတွက် စက်ယန္တရားများဖြင့် ဆည်ယူနေမှုအခြေအနေများကို လည်းကောင်း၊ ကျောက်ဆည်မြို့ ဖျောက်ဆိပ်ပင်ကျေးရွာရှိကျေးလက်ကျန်းမာရေးဌာနရုံးဝင်းအတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီး သွားသော အဆောက်အအုံများအားလည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ကာ ကျောက်ဆည်မြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီး သွားသော ဘုရားစေတီများ၊ သာသနိကအဆောက်အအုံများနှင့် လူနေ အဆောက်အအုံများ ပြန်လည် ပြုပြင်တည်ဆောက်ရေးအတွက် လိုအပ် လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများ အား စက်ရုံထုတ်အထူးဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ် ဆေးသည်။
ယင်းနောက် စဉ့်ကိုင်မြို့နယ် တရုတ်စုရပ်ကွက်ရှိ တိုက်ကျောင်း ပရိယတ္တိစာသင်တိုက်၌ သံဃာတော်များ ဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန် စာမေးပွဲဖြေဆိုရန်အတွက် ပြင်ဆင်ဆောင်ရွက် ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ စဉ့်ကိုင်မြို့နယ်ရှိ POWER GEN KYAUKSE COMPANY LIMITED သဘာဝခေတ်ငွေ့ အင်ဂျင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ငလျင်လှုပ်ခတ်မှု ကြောင့် ထိခိုက်ခဲ့သည့် လျှပ်စစ်ဓာတ်အားပေးစက် အင်ဂျင်ရှစ်လုံးရှိသည့်အနက် အင်ဂျင်ခုနစ်လုံးမှာ ရာနှုန်းပြည့်ပြုပြင်ပြီးစီး၍ လည်ပတ်လျက်ရှိပြီး အင်ဂျင်တစ်လုံးလျှင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အနေဖြင့် ၁၈ ဒသမ ၄၇၁ မဂ္ဂါဝပ်ရှိပြီး တစ်ရက်လျှင် မဟာခေတ်အားလိုင်းသို့ ၁၂၉ ဒသမ ၂၉၇ မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပေးသွင်းလျက်ရှိကြောင်း တာဝန်ရှိသူ များက ရှင်းလင်းတင်ပြမှုအပေါ် ကျန်ရှိသည့်စက်အား အမြန်ပြုပြင် ဆောင်ရွက်ပြီး လုပ်ငန်းလည်ပတ်နိုင်ရေး မှာကြားခဲ့ကာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်