နေပြည်တော် ဧပြီ ၂၂

 

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေး အသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက် ပေးလျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများ သည် စစ်ကိုင်းမြို့ သောတပန်ရပ်ကွက်ရှိ လေးကျွန်း မာရ်အောင်မြတ်စွာဘုရား၏ ဓမ္မာဒူတ ရောင်ခြည် ဓမ္မာရုံ၌ လေးကျွန်းမာရ်အောင် မြတ်စွာဘုရားကြီး ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ပါမောက္ခချုပ် ဆရာတော်အဂ္ဂမဟာ ပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒ အမှူးပြုသော ဆရာတော်များထံမှ ဆုံးမဩဝါဒစကား ခံယူကြ သည်။

 

ထို့နောက် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းမြို့ သောတပန်ရပ်ကွက်ရှိ ကျေးလက်ကျန်းမာရေးဆေးခန်း၊ နန်းစုရပ်ကွက်ရှိ လူနေအဆောက်အအုံများ၊ ပိုးတန်းရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်းနှင့် ဓာတ်ပေါင်းစေတီကျောင်းတိုက်၊ မင်းလမ်း ရပ်ကွက်ရှိ ရတနာဗိမာန် ထူပါရုံ ရွှေကျောင်းတိုက်၊ တကောင်းရပ်ကွက်ရှိ မဟာစေတီနှင့် နန်းဦး မြို့သစ်ရှိ မရှိခဏစေတီတို့၌ အပျက်အစီးများ ရှင်းလင်းဖယ်ရှားနေမှုများကို လည်းကောင်း၊ တကောင်းရပ်ကွက်ရှိ စကုမှော်ငလျင်ဒဏ်သင့်ပြည်သူများ စောင့်ရှောက်ရေးစခန်းသို့ သွားရောက်၍ ကျန်းမာရေးဆိုင်ရာများနှင့် စည်းကမ်းစနစ်တကျရှိစေရေးအတွက်လည်းကောင်း၊ စစ်ကိုင်းမြို့ စီတီးရပ်ကွက်ရှိ ရာဇာမဏိစူဠာ ကောင်းမှုတော်စေတီ၊ ကျောက်ဆစ်ရပ်ကွက်ရှိ နည်းပညာ တက္ကသိုလ်၊ ပန်းပဲတန်းရပ်ကွက်ရှိ လူနေအဆောက်အအုံနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး အဆောက်အအုံများ ငလျင်ဒဏ် ကြောင့် ပြိုကျပျက်စီးနေမှုများကို လည်းကောင်း၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင် စေတီတော်နှင့် ဥမင်သုံးဆယ်စေတီတို့၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသော သာသနိက အဆောက်အအုံ များနှင့်အရန်စေတီများ၏ အပျက်အစီးများအား ရှင်းလင်းနေမှုများကို လည်းကောင်း၊ စစ်ကိုင်းမြို့ သောတပန်ရပ်ကွက် သံပုဏ္ဏာ ရာမကျောင်းတိုက်ကျောင်း ပရိဝုဏ် အတွင်း၌ ငလျင်ဒဏ်သင့် ရဟန်း၊ သံဃာ၊ သီလရှင်၊ ပြည်သူများအား တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့က ဆေးကုသ ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှု အားပေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

အလားတူ ငလျင်ဒဏ်သင့် နေရာများရှိ ဆောင်ရွက်ရန်ကျန် အဆောက်အအုံ အပျက်အစီးများ စနစ်တကျစစ်ဆေးအဆင့် သတ်မှတ်ချက်အရောင်များ ခွဲခြားသတ်မှတ်၍ အမြန်ဆုံးဖယ်ရှား ရှင်းလင်းရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် တို့ တက်ရောက်ကြပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်တို့သည် မန္တလေးနန်းမြို့တွင်းရှိ နန်းမြို့ ဆုတောင်းပြည့်ဘုရားနှင့် နန်းမြို့ရိုးပတ်လည်တွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများ ရှင်းလင်း ဖယ်ရှားပြီး ရှေးမူမပျက်ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ အောင်မြေသာစံမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းတို့၌ အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်ဝင်စာမေးပွဲပြန်လည် ကျင်းပစစ်ဆေးရာတွင် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများနှင့် အခြားလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်သည် မဟာ အောင်မြေမြို့နယ်ရှိ အမှတ်(၁၃)အခြေခံပညာ အထက်တန်းကျောင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီး၊ အမရပူရ မြို့နယ်ရှိ တောင်မင်းကြီးမြတ်စွာ ဘုရားနှင့် ဦးပိန်တံတား နေရာတို့ ၌ အပျက်အစီးများ ဖယ်ရှားရှင်းလင်းပြီး ရှေးမူမပျက် ပြန်လည်ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်နေသည့် အဖွဲ့များအား စားသောက်ဖွယ်ရာများပေးအပ်ကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ထို့အတူ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်နှင့် တာဝန်ရှိသူ များသည် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စဉ့်ကိုင်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(စွန်ရဲ)နှင့် အခြေခံပညာအထက်တန်းကျောင်း (ဘဲလင်း)တို့သို့ သွားရောက်၍ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့များနှင့် မြို့မိမြို့ဖများ စုပေါင်း၍ ပြိုကျပျက်စီး သွားသော အပျက်အစီးများကို ဖယ်ရှား ရှင်းလင်းနေမှုများ၊ ကျောင်းအတွင်း/ အပြင်သန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်နေမှုများကို ကြည့်ရှုပြီး အချိုရည်နှင့် ရေသန့်ကတ်များ ပေးအပ်သည်။

 

ထို့နောက် မန္တလေးငလျင် ကြီးလှုပ်ခတ်မှုကြောင့် မြစ်သားမြို့နယ် တောင်တော်ကွင်းရှိ Green Power Energy မှ ဆိုလာပိုင်များထိခိုက်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ပြတ်တောက်သွားခဲ့ရာမှ ယခုအခါ ပြန်လည်ပြင်ဆင်ပြီး ဆိုလာလျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်