နေပြည်တော် ဇွန် ၇
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးသက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော သောတပန်ရပ်ကွက် လေးကျွန်းမာရ် အောင်မြတ်စွာဘုရားကြီးရှိ သာသနိကအဆောက်အအုံများနှင့် စေတီတော်ကြီး ပြန်လည်ပြုပြင် မွမ်းမံတည်ဆောက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော်၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော စေတီတော်ကြီး၏ငှက်ပျောဖူးအား အပိုင်းလိုက်ဖျက်၍ ရထားပျံဖြင့် မြေသို့ပင့်ဆောင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ မြေသားညှိခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ သာသနိက အဆောက်အအုံများ၊ ဥမင်သုံးဆယ် စေတီတော်၌ သာသနိကအဆောက်အအုံများ၊ ပိတောက်ချောင် ကျောင်းတိုက်ရှိ သာသနိကအဆောက်အအုံများ၊ သောတပန်ရပ်ကွက် ရွှေဟင်္သာ ကျောင်းတိုက်ရှိ သာသနိက အဆောက်အအုံများနှင့် သကျဓီတာသီလရှင်စာသင်တိုက်ရှိ သာသနိက အဆောက်အအုံများကို လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မိုးမကျမီစက်ယန္တရားကြီးဖြင့် ဖယ်ရှားရှင်းလင်းပေးနေမှု အခြေအနေများကို ကြည့်ရှုအားပေးကာ အားဖြည့်အချိုရည်များပေးအပ်ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းပေးသည်။
ထို့နောက် နန်းဦးမြို့သစ် လေးကျွန်းမြေအုဌ် ကျောင်း ပရိယတ္တိစာသင်တိုက်တွင် သံဃာတော်များ သီတင်သုံးနေထိုင်ရန်အတွက် ယာယီကျောင်းဆောင် ဆောက်လုပ်ပြီးစီးမှုအခြေအနေများနှင့် ပါရမီ ရပ်ကွက် နှစ်(၇၀၀)ပြည့် အာကစားကွင်းအတွင်းရှိ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ စစ်ကိုင်းမြို့ ငလျင်ဘေးဒဏ်သင့် သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို ကျန်းမာရေးစောင့်ရှောက် ပေးနေမှုများအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ ပိုးတန်းရပ်ကွက် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းရှိ သုံးထပ်ဆောင်အား မိုးမကျမီ စက်ယန္တရားကြီးဖြင့် ဖယ်ရှားရှင်းလင်းနေမှုအခြေအနေများ၊ ယာယီစာသင်ဆောင်များ ဆောက်လုပ်နေမှု အခြေအနေများနှင့် စာသင်ကျောင်းအတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လုပ်အားပေးဆောင်ရွက်နေကြသည့် လုံခြုံးရေး တပ်ဖွဲ့ဝင်များအား ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံက အားဖြည့်အချိုရည်များ ပေးအပ်ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် မောရဂီဝါရပ်ကွက်ရှိ ၃၂ လမ်း၊ ၇၄ လမ်းနှင့် ၇၅ လမ်းကြား၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ကစ္စနမဟီရပ်ကွက်များရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အန္တရာယ်ရှိ လူနေအဆောက်အအုံများနှင့် နေ့စဉ်အများပြည်သူအသုံးပြုမှုများသည့် လမ်းမကြီးများဖြစ်သည့်အတွက် လမ်း ပိတ်ဆို့မှု မဖြစ်ပေါ်စေရေးနှင့် အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးတို့အတွက် ကူညီကယ်ဆယ်ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေး၍ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေး စနစ်တကျပြုလုပ်ဆောင်ရွက်သွားရန်၊ ကစ္စနမဟီရပ်ကွက်၊ ရွှေချည်ထိုးရပ်ရှိ အန္တရာယ်ရှိ အဆောက်အအုံသည် ၃၅ လမ်းခုံးကျော်တံတားနှင့် ကပ်လျက်ဖြစ်သည့်အတွက် ခုံးကျော်တံတားနှင့် အနီးရှိအဆောက်အအုံများအား ထိခိုက်မှုမရှိစေရေး အထူးဂရုပြုဆောင်ရွက်ရန် မှာကြားခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ အောင်မြေသာစံမြို့နယ် အနှိပ်တော်ရပ်ကွက်ရှိ Sky Villa နေရာသို့သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရှင်းလင်း ရန် ကျန်ရှိနေသည့် “ A ” ဆောင်အား စက်ယန္တရား ကြီးများအသုံးပြု၍ ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းအခြေအနေများ၊ ဖြိုဖျက်ပြီးသော အဆောက်အအုံ နေရာများတွင် အပျက်အစီးများ ဆက်လက်ဖယ်ရှား ရှင်းလင်းနေမှုအခြေအနေများ၊ လုပ်ငန်းခွင်အနီးရှိ ပစ္စည်း လက်ခံ/ လွှဲပြောင်းရေးအဖွဲ့ ယာယီရုံးတွင် Sky Villa အဆောက်အအုံ အပျက်အစီးများအား ရှာဖွေကယ်ဆယ်ရေး အဖွဲ့များက ဖယ်ရှားရှင်းလင်းရာမှ ဖော်ထုတ်ရှာဖွေတွေ့ရှိသော ပစ္စည်းများအား ပစ္စည်းလက်ခံ ရှာဖွေစုဆောင်းရေးနှင့် ပြန်လည်အပ်နှံရေးအဖွဲ့ထံသို့ စနစ်တကျအပ်နှံမှုနှင့် ထိန်းသိမ်းထားရှိမှု အခြေအနေများနှင့် သက်ဆိုင်ရာပိုင်ရှင်များလက်ဝယ်သို့ ပြန်လည်လွှဲပြောင်းပေးနိုင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းခွင်အန္တရာယ်မရှိစေရေး စနစ်တကျ ပြုလုပ်ဆောင်ရွက်သွားရန်၊ အနီးရှိ အဆောက်အအုံများအား ထိခိုက်မှုမရှိစေရေး အထူးဂရုပြု ဆောင်ရွက်သွားရန် မှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် နန်းမြို့အတွင်းရှိ အမှတ် (၁၈) အခြေခံပညာအထက်တန်း ကျောင်းသို့သွား ရောက်၍ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် နယ်မြေခံတပ်မတော်သားများမှ စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်းကောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီး သွားသော စာသင်ဆောင်အခန်းများအား ပြုပြင် ပြီးစီးမှု အခြေအနေများနှင့် အပျက်အစီးများအား တပ်မတော်သားစစ်သည်များမှ အင်တိုက်အားတိုက် ရှင်းလင်းနေမှု အခြေအနေများကိုလည်းကောင်း၊ ချမ်းအေးသာစံမြို့နယ် မောရဂီဝါရပ်ကွက် ၇၆လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ အန္တရာယ်ရှိ လူနေ အဆောက်အအုံအား စက်ယန္တရားကြီးများ အသုံးပြု ၍ အင်တိုက်အားတိုက် ဖြိုချရှင်းလင်းနေမှုအခြေအနေ ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေး စနစ်တကျပြုလုပ် ဆောင်ရွက်သွားရန်မှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်နှင့်တာဝန်ရှိသူများသည် ကျောက်ဆည်မြို့ ဆူးကုန်းရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းအိမ်ရာဝင်းအတွင်းရှိ ယာယီသုံးခန်းတွဲ လိုင်းခန်းများ ဆောက်လုပ်ပြီးစီးမှု အခြေအနေများ၊ အသစ်==ထပ်မံဆောက်လုပ်ပေးမည့် မြေနေရာများနှင့် ခရိုင်အသေးစား စက်မှုလက်မှု ရုံးဝင်းအတွင်း၌ Modular Container Houseများ ဖြင့် (ယာယီ)ရုံး ဆောက်လုပ်ပြီးစီးမှုအခြေအနေများ နှင့် ရုံးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်ပြီး ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံ အနောက်ဘက်၌ ဆည်မြောင်းဦးစီးဌာနမှ ဇော်ဂျီ မြစ်ရေထိန်း တာပေါင်လုပ်ငန်းများအား စက်ယန္တရားများဖြင့် မြေဖို့ခြင်းနှင့် တာတမံများ ပြုပြင်ထိန်းသိမ်းခြင်း ဆောင်ရွက်နေမှု အခြေအနေများ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (မြင်စိုင်း) ကျောင်းဝင်းအတွင်း၌ ကျောင်းဆောင်သစ်ဆောက်လုပ်ပြီးစီးမှု အခြေအနေများနှင့် စဉ့်ကိုင်မြို့နယ် ဘဲလင်းကျေးရွာအုပ်စု ဘဏ္ဍာကျေးရွာရှိ ရွှေမြင်တင်ဘုရားကြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများ အား သွားရောက်ကြည့်ရှု စစ်ဆေးပြီး ဘုရားကြီး ပြန်လည်ပြုပြင်မွမ်းမံမည့် အစီအမံများနှင့် ရှေးမူမပျက် ပြန်လည်ပြုပြင်နိုင်ရေးနှင့် အခြားလိုအပ် သည်များကို တာဝန်ရှိသူများအားမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်