နေပြည်တော် ဇွန် ၁၂

 

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ ငလျင်ဘေးဒဏ်သင့်ပြည်သူများ စောင့်ရှောက်ရေး စခန်းများဖြစ်သော နှစ်(၇၀၀)ပြည့်အားကစားကွင်း ငလျင်ဘေးဒဏ်သင့်ပြည်သူများ စောင့်ရှောက်ရေးစခန်း၊ ဝန်ထမ်းအိမ်ရာငလျင်ဘေးဒဏ်သင့်ပြည်သူများ စောင့်ရှောက်ရေးစခန်းနှင့် စကုမှော်ငလျင်ဘေး ဒဏ်သင့် ပြည်သူများ စောင့်ရှောက်ရေးစခန်းများရှိ အိမ်ထောင်စု စုစုပေါင်း ၇၉၇ စုတို့အား သွားရောက် တွေ့ဆုံပြီး ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော ၎င်းတို့နေအိမ်များကို ဖယ်ရှားရှင်းလင်းပြီး မူလနေရာများတွင် ပြန်လည် နေထိုင်နိုင်ရေးအတွက် လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ထို့နောက် စစ်ကိုင်းမြို့ သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ သော ကျောင်းဆောင်အဆောက်အအုံများ ပြန်လည် ပြုပြင်မွမ်းမံနေသည့် အခြေအနေများနှင့် တက္ကသိုလ် ပရဝဏ်အတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား ကျောင်းသူများ သောက်သုံးရန် ရေသန့်စက်ဆောက်လုပ်ပြီးစီးမှု အခြေအနေများ၊ ယာယီကျောင်းဆောင် ဆောက်လုပ် နေမှုအခြေအနေများ၊ ဧရာဝတီတံတား (ရတနာပုံ) စစ်ကိုင်းဘက် တံတားအောက်ရှိ ရေဝပ်သည့် နေရာများတွင် စက်ယန္တရားကြီးများဖြင့် မြေဖို့ခြင်းနှင့် မြေညှိခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ရန်အောင်မြင်ဆုတောင်း ပြည့်မြတ်စွာဘုရားနှင့် သကျမီတာသီလရှင် စာသင်တိုက်တို့တွင် ငလျင်ဒဏ် ကြောင့် ပြိုကျပျက်စီးခဲ့သော သာသနိကအဆောက်အအုံများကို လုံခြုံရေးသော တပ်ဖွဲ့ဝင်များနှင့် စက်ယန္တရားကြီးများကို အရှိန်အဟုန်မြှင့် အသုံးပြု၍ဖယ်ရှားရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တာဝန်ရှိသူများ သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ရပ်ကွက်များရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အန္တရာယ်ရှိလူနေ အဆောက်အအုံများတွင် ဖြိုချရှင်းလင်းရန် ကျန်အဆောက် အအုံများကို လုပ်ငန်းဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ဖြိုချပြီးအပျက် အစီးများအား အပြီးသတ်ရှင်းလင်းနေမှု အခြေအနေများကိုလည်းကောင်း၊ မဟာအောင်မြေမြို့နယ် ဒေးဝန်းအရှေ့ရပ်ကွက်ရှိ ကင်းဝန်မင်းကြီး ကျောင်းတိုက်သို့သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သော ပင်မကျောင်းဆောင်နှင့် သိမ်ကျောင်းနေရာများရှိ ဖြိုချပြီးအပျက်အစီးများအား စက်ယန္တရားကြီးများ အသုံးပြု၍ အပြီးသတ် ရှင်းလင်းနေမှုအခြေအနေများကိုကြည့်ရှု၍ တာဝန်ရှိသူ များ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့ အမရပူရမြို့နယ် တောင်သမန်းကျေးရွာရှိ မဟာသက်ကျရံသီကျောက်တော်ကြီး မြတ်စွာ ဘုရားများသို့သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော စိန်ဖူးတော်များနှင့် ဌာပနာပစ္စည်း များအား သိမ်းဆည်းထားရှိမှုအခြေ အနေများကို ကြည့်ရှုစစ်ဆေး၍ အပျက်အစီးများ စတင်ရှင်းလင်း ဆောင်ရွက်နေမှု အခြေအနေများ အားလည်းကောင်း၊ ဘုရားပရိဝုဏ်အတွင်း ပြန်လည် ပြုပြင်တည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ မှန်တန်းရပ်ရှိ မဏိဇောတ ဓမ္မရိပ်သာကျောင်းတိုက်သို့ ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သာသနိက အဆောက်အအုံ အပျက်အစီးများအား စက်ယန္တရားများအသုံးပြု၍ အင်တိုက်အားတိုက် ဖယ်ရှား ရှင်းလင်းနေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ကျောင်းထိုင်ဆရာတော်ကြီးအား သွားရောက် ဖူးမြော်ကြည်ညို၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ယင်းနောက် ချမ်းမြသာစည်မြို့နယ် ကျွန်းလုံး ဥသျှောင်ရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သောဒက္ခိဏာရာမ ဘုရားကြီးကျောင်းတိုက် သို့ရောက်ရှိပြီး ကျောင်းတိုက်အတွင်း ငလျင်ဒဏ် ကြောင့် ပြိုကျပျက်စီးခဲ့သော သာသနိကအဆောက် အအုံများအား စက်ယန္တရားကြီးများ အသုံးပြု၍ ဖယ်ရှားရှင်းလင်းနေမှုအခြေအနေများကို လည်းကောင်း၊ ဦးပွားစေတီတော်မြတ်ကြီးအား ပြန်လည် ပြုပြင်ရန် ဆောင်ရွက်ထားရှိမှုအခြေအနေများကို လည်းကောင်း၊ ကျောင်းတိုက်အတွင်းရှိ သာသနိက အဆောက်အအုံများနှင့် ဘုရားစေတီအပျက်အစီး များအား တပ်မတော်သားစစ်သည်များက အင်တိုက် အားတိုက် ရှင်းလင်းဖယ်ရှားနေမှုအခြေအနေများ ကိုလည်းကောင်း ကြည့်ရှုအားပေးပြီး လုပ်ငန်းခွင် အန္တရာယ်မရှိစေရေး စနစ်တကျပြုလုပ် ဆောင်ရွက် သွားရန်၊ လုပ်ငန်းများ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်နှင့် တာဝန်ရှိသူ များသည် ကျောက်ဆည်မြို့ ကုလားကျောင်းကျေးရွာ အုပ်စုရှိ အရှေ့ရွာနန်းပုဂံကျောင်းတွင် ငလျင်ဒဏ် ကြောင့် ဘုရားစေတီများ ထိခိုက်ပျက်စီးမှုအခြေ အနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

 

ဆက်လက်၍ ကျောက်ဆည်မြို့ မြင်စိုင်း မြို့ဟောင်း မြို့ကွက်(ဂ)အတွင်းရှိ နန်းဦးဘုရား ပြန်လည် ပြုပြင်မွမ်းမံရန်အတွက် ငြမ်းဆင်နေမှု အခြေအနေများ၊ ပတ္တာကျေးရွာအုပ်စုရှိ ရွာဦး ဘုန်းကြီးကျောင်း တွင် ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးမှုအခြေအနေများ၊ အမှတ်(၆)အခြေခံမူလ တန်းကျောင်း၌ G-1 နှင့် G-2 ကျောင်းသား ကျောင်း သူများအား ROTARY CLUB အဖွဲ့မှ စာရေးကိရိယာ များ ပေးအပ်နေမှုအခြေအနေကိုလည်းကောင်း၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ် ကြောင့် ပျက်စီးသွားသော ဘုရားစေတီများ၊ သာသနိကအဆောက်အအုံများနှင့် လူနေအဆောက် အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများကို စက်ရုံထုတ်အထူးဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအခြေအနေများကို သွားရောက် ကြည့်ရှုခဲ့ပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်