နေပြည်တော် ဇွန် ၂၆
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်းရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော ပတ္တမြားစေတီ နှင့် မဟာစေတီ လှစေတီတို့အား အဖွဲ့အစည်း အသီးသီးနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ အပြီးသတ် ဖယ်ရှား ရှင်းလင်းပြီးနောက် အသစ်တစ်ဖန် ပြန်လည် တည်ထားကိုးကွယ်မည့် မြေနေရာအား ပြင်ဆင် ဆောင်ရွက်နေသည့် အခြေအနေများနှင့် မူလမဟာစေတီမှရရှိသော ဌာပနာတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဌာပနာများအား စနစ်တကျ ထိန်းသိမ်းထားရှိရန် တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်ပြီး စစ်ကိုင်းမြို့အတွင်းရှိ တောင်ဖီလာလေးကျွန်း ဆီမီးစေတီတော်မြတ်ကြီး၊ ဇလိတာရာမ ကျောင်းတိုက်၊ နဝလောဟာကျောင်းတိုက်နှင့် တောလေးထပ်ကျောင်းတိုက်များ၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အဆောက်အအုံများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အပြီးသတ် ဖယ်ရှားရှင်းလင်းပြီး ပြန်လည်တည်ဆောက်နေမှု အခြေအနေများ၊ စစ်ကိုင်းမြို့အတွင်းရှိငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော လူနေအဆောက်အအုံများ၊ လမ်းဘေးဝဲ/ယာများရှိ ငလျင် ဒဏ်ကြောင့် ပျက်စီးခဲ့သည့် အပြို အပျက်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အပြီးသတ်ရှင်းလင်း နေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ လုပ်အားပေး ဆောင်ရွက် နေကြသူများကို အားဖြည့်အချိုရည်များ ပေးအပ်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် စစ်ကိုင်းမြို့အတွင်းရှိ ရဟန်း၊ သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ရေသန့်စက်ယာဉ်ဖြင့် ဧရာဝတီမြစ်ရေကို သန့်စင်ပြီး သန့်ရှင်းသော သောက်သုံးရေ ဖြန့်ဖြူးပေးဝေနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီး ချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ် ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူ များသည် မန္တလေးမြို့ အောင်မြေ သာစံမြို့နယ် အနှိပ်တော် ရပ်ကွက်ရှိ Sky Villa နေရာသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရှင်းလင်းရန် ကျန်ရှိနေသည့် “ A ” ဆောင် အား စက်ယန္တရား ကြီးများ အသုံးပြု၍ ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေများကို လည်းကောင်း၊ ဖယ်ရှားရှင်းလင်းရာမှ ရှာဖွေတွေ့ရှိသော ပစ္စည်းများအား ပစ္စည်းလက်ခံရှာဖွေ စုဆောင်းရေး နှင့် ပြန်လည်အပ်နှံရေးအဖွဲ့ထံသို့ စနစ်တကျအပ်နှံမှုနှင့် ထိန်းသိမ်းထားရှိမှု၊ သက်ဆိုင်ရာပိုင်ရှင်များ လက်ဝယ်သို့ ပြန်လည်လွှဲပြောင်းပေးနိုင်မှု အခြေအနေများကို လည်းကောင်း ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းခွင် အန္တရာယ်မရှိစေရေး စနစ်တကျ ပြုလုပ်ဆောင်ရွက် သွားရန်မှာကြားခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ချမ်းအေးသာစံမြို့နယ် အလယ်ရပ်ကွက်နှင့် အောက်နန်းရိပ်သာ အရှေ့ရပ်ကွက်များသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အန္တရာယ်ရှိအဆောက်အအုံ အပျက်အစီးများအား စက်ယန္တရားကြီးများ အသုံးပြု၍ အင်တိုက်အားတိုက် ရှင်းလင်းဖယ်ရှားနေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်