နေပြည်တော် ဇွန် ၁၁
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်း အသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ် ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ ပတ္တမြားရပ်ကွက် စစ်ကိုင်းပညာရေးတက္ကသိုလ် အတွင်းရှိ Grade-12 စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ အနီးကပ်စခန်းသွင်း လေ့ကျင့်နေမှုများနှင့် လေ့ကျင့်သင်ကြားပေးနေမှု ကြည့်ရှုအားပေးပြီး ပျက်စီးခဲ့သော စာသင်ဆောင်များကို ကျောင်းဖွင့် ရာသီအမီ ပြင်ဆင်ထားရှိမှု များအား လိုက်လံကြည့်ရှု၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။
ထို့နောက် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီး ခဲ့သော စစ်ကိုင်းမြို့ရှိ ဘုရားစေတီပုထိုးများ၊ သာသနိကအဆောက်အအုံများနှင့် ဘုန်းတော်ကြီး ကျောင်းများ၊ သီလရှင်ကျောင်းများနှင့် နေအိမ် အဆောက်အအုံများ၌ အပျက်အစီးများအား စက် ယန္တရားကြီးများဖြင့် မိုးမကျမီ အရှိန်အဟုန်မြှင့် ဖယ်ရှားရှင်းလင်းနေမှုများ၊ စစ်ကိုင်းမြို့ရှိ ပြည်သူ များအတွက် တပ်မတော်ရေသန့်စက်ဖြင့် ရေပေးဝေ နေမှုနှင့် တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆောင်ရွက်ပေးသည်။ အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့ ချမ်းအေးသာစံမြို့ နယ် မောရဂီဝါ ရပ်ကွက်၊ ထင်းဝန်းရပ်ကွက်၊ ချမ်းအေးသာစံ အလယ် ရပ်ကွက်များရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အန္တရာယ်ရှိအဆောက်အအုံများ၌ ဖြိုချရှင်းလင်းရန် ကျန်အဆောက်အအုံများ အား လုပ်ငန်း ဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှု၊ ဖြိုချပြီးအပျက်အစီးများ အပြီးသတ်ရှင်းလင်းနေမှု၊ ဖြိုချဖျက်ဆီးဆဲ အန္တရာယ်ရှိ အဆောက်အအုံများ၌ စက်ယန္တရားကြီးများ အသုံးပြု၍ အင်တိုက် အားတိုက် ရှင်းလင်းရေး ဆောင်ရွက်နေမှု၊ အများပြည်သူ အသုံးပြုမှုများသည့် လမ်းမကြီးများ၌ လမ်းပိတ်ဆို့မှု မဖြစ်ပေါ်စေရေးနှင့် အန္တရာယ်ကင်းစွာ သွားလာနိုင်ရေး ဆောင်ရွက်ထားရှိမှုများနှင့် အောင်မြေသာစံမြို့နယ် အမရဌာနီအရှေ့ရပ်နှင့် အောင်မြေသာစံရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သော သာသနိကအဆောက်အအုံများကို ကြည့်ရှုစစ်ဆေး၍ ကျောင်းထိုင်ဆရာတော်ကြီး များအား အလှူငွေများဆက်ကပ်လှူဒါန်းပြီး ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများ သည် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကျွန်းလုံး ဥသျှောင်ရပ်ကွက် အမရပူရမြို့နယ် ငယ်တိုးကျေးရွာ အုပ်စု ရွှေလွန်းကျေးရွာနှင့် ဈေးချိုရပ်ကွက်တို့ရှိငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ဘုရားစေတီ များနှင့် သာသနိကအဆောက်အအုံများ၌ အပျက် အစီးများအား တပ်မတော်သားများက အင်တိုက် အားတိုက် ရှင်းလင်းဖယ်ရှားနေမှု၊ စက်ယန္တရားကြီး များအသုံးပြု၍ ဖယ်ရှားရှင်းလင်းနေမှုနှင့် ပြန်လည် တူးဖော်ရရှိသော ရှေးဟောင်းဌာပနာပစ္စည်းများအား စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားပြီး ကျောင်းထိုင်ဆရာတော်ကြီးများအား အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ချမ်းမြသာစည်မြို့နယ် သမ္မဝတီ ရပ်ကွက်ရှိ အမှတ်(၇) အခြေခံပညာအထက်တန်း ကျောင်း၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အပျက်အစီးများအား ဖယ်ရှားရှင်းလင်းပေးနေမှု များကို ကြည့်ရှုစစ်ဆေး၍ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ပင်းယဆောင်တွင် ပညာသင်ကြား နေကြသော ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေး စကားများ ပြောကြားသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်နှင့် တာဝန်ရှိသူများ သည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျောက်ဆည်မြို့ ဆူးကုန်းရပ်ကွက်နှင့် ကြက်မင်း တွန်ရပ်ကွက်များရှိ ခရိုင်/မြို့နယ် စိုက်ပျိုးရေး ဝန်ထမ်းအိမ်ရာ အဆောက်အအုံများ၊ ဆူးကုန်း ရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံးတို့အား သွားရောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ဆူးကုန်းရပ်ကွက်ရှိ ပြည်သူ့ဆေးရုံကြီး၌ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်း များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး နေမှုများ၊ ကျောက်ဆည်မြို့ စုကြီးရပ်ကွက်ရှိ ကျောက်သေတ္တာစေတီ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း များအတွက် လိုအပ်သောပစ္စည်းများ သယ်ယူရန် စတီးကြိုး တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ကျောက်ဆည်မြို့နယ်အတွင်းရှိ ငလျင် ဒဏ်ကြောင့် ပျက်စီးသွားသော ဘုရားစေတီများ၊ သာသနိကအဆောက်အအုံများနှင့် နေအိမ်အဆောက် အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများကို စက်ရုံထုတ် အထူးဈေးနှုန်းဖြင့် ရောင်းချပေးနေမှုများအား သွားရောက်ကြည့်ရှု ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်