နေပြည်တော် ဇွန် ၁၇

 

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံ ပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက် ပေးလျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်းရှိ ဆွမ်းဦးပုညရှင်စေတီ၊ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်နှင့် မဟာစေတီတော်တို့ရှိသာသနိက အဆောက်အအုံများ၌ အဖွဲ့အစည်း အသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ ဘက်စုံ ပြန်လည် ပြုပြင်တည်ဆောက်နေမှုများ၊ စစ်ကိုင်းမြို့အတွင်းရှိ စေတီပုထိုးများ၊ ကျောင်းတိုက်များနှင့် သီလရှင်စာသင်တိုက်တို့ရှိ ငလျင်ဒဏ် ကြောင့် ပြိုကျ ပျက်စီးခဲ့သော သာသနိကအဆောက်အအုံများကို စက်ယန္တရားကြီးများအသုံးပြု၍ အရှိန်အဟုန်မြှင့် အပြီးသတ်ဖယ်ရှားရှင်းလင်းပြီး ပြန်လည်တည်ဆောက် နေမှုများကိုကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပြီး လုပ်အားပေးဆောင်ရွက် နေကြသူများအား အားဖြည့်အချိုရည်များ ပေးအပ်သည်။

 

ယင်းနောက် စစ်ကိုင်းမြို့အတွင်းရှိ ငလျင်ဒဏ်သင့် နေအိမ်အဆောက်အအုံများကို လူအင်အားနှင့် စက်ယန္တရားကြီးများအသုံးပြု၍ အရှိန်အဟုန်မြှင့် အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှုတို့ကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးသည်။

 

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေးမြို့ အမရပူရမြို့နယ် တောင်သမန်း ကျေးရွာရှိ မဟာသကျရံသီကျောက်တော်ကြီးမြတ်စွာ ဘုရား၌ အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှု၊ ပြာသာဒ်စေတီတော် တတိယပစ္စယံအထက် ကွန်းတောင်လိုဏ်ဂူအတွင်းမှ ထပ်မံတွေ့ရှိရသော ငွေဆင်းတုတော် ၂၁၉ ဆူ၊ ရွှေဆင်းတုတော် ၁၄ ဆူ၊ ဓာတ်တော်ပုလင်းနှင့် ဓာတ်တော်များ၊ စေတီတော် အတွင်းရှိ ရုပ်ပွားတော်မြတ်ကြီးနှင့် စေတီတော်ကြီးအား ပြုပြင်ဆောင်ရွက်ထားရှိမှုနှင့် ပြုပြင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် အောင်မြေသာစံမြို့နယ် သီရိမာလာ အနောက်ရပ်ကွက်ရှိ ချမ်းသာကြီး မြတ်စွာဘုရားရှိ ငလျင်ဒဏ်သင့်၍ ထိခိုက်ပျက်စီးသွားသော သာသနိကအဆောက်အအုံများအား အဖွဲ့အစည်း အသီးသီးက ဖယ်ရှားရှင်းလင်းနေမှု၊ ရုပ်ပွားတော် မြတ်ကြီး၏ မျက်နှာတော်အား ရွှေသင်္ကန်းကပ်လှူ ပူဇော်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ပြတိုက်အတွင်းရှိ ရှေးဟောင်းဆင်းတုတော် ရုပ်ပွား တော်များအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ယင်းနောက် အောင်မြေသာစံမြို့နယ် သီရိမာလာ အနောက်ရပ်ကွက်နှင့် သီရိမာလာအရှေ့ရပ်ကွက် ရှိ အန္တရာယ်ရှိ နေအိမ်အဆောက်အအုံများကို စက်ယန္တရားကြီးများအသုံးပြု၍ ဖြိုချရှင်းလင်း နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်