ငလျင်ဒဏ်ကြောင့် သပိတ်ကျင်းမြို့နယ်တွင် အပျက်အစီးများရှိ

မန္တလေး ၂၉ နိုဝင်ဘာ

 

မန္တလေးနှင့် အခြားမြို့နယ်များတွင် မနေ့ညပိုင်းက လှုပ်ခတ် ခဲ့သည့် ငလျင်ဒဏ်ကြောင့် သပိတ်ကျင်း မြို့နယ်တွင် အပျက်အစီးများရှိကြောင်း သိရသည်။

 

နိုဝင်ဘာလ ၂၈ ရက်နေ့ ၉ နာရီ ၁၀ မိနစ်အချိန်က ကန့်ဘလူးမြေငလျင် စခန်းမှ အရှေ့ဘက် ၂၃ မိုင်ခန့် အကွာကို ဗဟိုပြုကာ အင်အားရစ်ခ်တာစကေး ၅.၄ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင် တစ်ခု လှုပ်ခတ်ခဲ့သည် ။

 

" နည်းနည်းတော့ပြင်းတယ် ။အပျက်အစီး အနည်းငယ်ရှိတယ် ။  သပိတ်ကျင်းက ရွှေစည်းဂုဏ်တံတိုင်း အနည်းငယ် ပျက်စီးတယ် ။ မြင်သာဘုန်းကြီးကျောင်း မုဒ်ဦးနှစ်ခု၊ ကြာညှပ်စာသင်ကျောင်း တံတိုင်း ၊ မြင်သာ စာသင်ကျောင်းရေစဉ် နဲ့ စာသင်ခန်း လေးခန်းနံရံကျွံခဲ့တယ် ။ နောက်ပြီး တမောဝဘုရား ကွဲအက်ကာ စိန်ဖူး တော်မြေခခဲ့တယ်။ အိမ်ငါးလုံးခန့် ပျက်စီးထိခိုက်ခဲ့တယ်" ဟု သပိတ်ကျင်းဒေသခံ ကိုညီညီထွန်းက ပြောသည် ။

 

မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း မြေငလျင် အကြိမ် ၁၆၀ ကျော်ထိ လှုပ်ခတ်ခဲ့ပြီး မြေငလျင် အများစုမှာ အင်အားအနည်းငယ် နှင့်အသင့်အတင့်ရှိ ငလျင်များသာဖြစ်ပြီး အင်အားရစ်ချ်တာစကေးအဆင့် ငါးကျော် သည့်မြေငလျင် အကြိမ်၂၀ ထိပါဝင်ခဲ့သည်။

 

"အထက်ပိုင်းတွေမှာ ဒီဆယ်စုနှစ်ပိုင်းမှာ ငလျင်ကြီးတွေ ပြန်လှုပ်နိုင်တဲ့ အလားအလာရှိတယ် ပြောရမှာပဲ " ဟု မြန်မာနိုင်ငံ မြေငလျင်အတွင်းရေးမှုး ဦးသူရအောင်က ပြောသည် ။

 

 

ထို့ပြင် မန္တလေးမြို့သည် စစ်ကိုင်းပြတ်ရွေ့တစ်လျှောက် အင်အားပြင်း ငလျင်များ နှင့်နီးကပ်စွာ တည်ရှိနေပြီး ယင်းငလျင်လှုပ်ခတ်လျှင် အပျက်အစီးများစေသည့် စောက်တိမ်ငလျင် အမျိုးအစား လှုပ်ခတ်ခြင်းကြောင့် ငလျင်အန္တရာယ် အတွက်ပိုမိုစိုးရိမ်ရသည့် အခြေအနေတွင်ရှိနေကြောင်း သိရသည် ။

 

'' မန္တလေးမြို့က စစ်ကိုင်းပြတ်ရွေ့နဲ့နီးတဲ့အတွက်ပိုပြီးကြိုတင်ပြင်ဆင်ထားသင့်တယ် ။ လှုပ်မယ်ဆိုရင် လှုပ်နိုင်တဲ့ ပြင်းအားကလည်း ရစ်တာစကေး (၇) နဲ့ အထက်လှုပ်နိုင်တယ် ဘာပဲဖြစ်ဖြစ် မန္တလေးမြို့ ကလျင်အန္တရာယ်များတာ သေချာတယ် "ဟု အဆိုပါ ကော်မတီဒုဥက္ကဌ ဒေါက်တာမျိုးသန့်က ပြောသည် ။

 

စစ်ကိုင်းပြန်ရွေ့ပေါ်၌ ၁၈၃၉ခုနှစ်တွင်(လွန်ခဲ့သည့် နှစ်ပေါင်း ၁၇၇နှစ်ခန့်)အင်အားရစ်တာစကေး ၉ ဒသမ ဝ အဆင့်ရှိအင်းဝ ငလျင်နှင့် ၁၉၅၆ ခုနှစ်တွင်(လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ခန့်) အင်အား ရစ်တာစကေး ၇ ဒသမ ဝ အဆင့်ရှိ စစ်ကိုင်းငလျင်တို့ လှုပ်ခတ်ခဲ့ကြောင်း သိရသည် ။

 

လက်ရှိတွင် သပိတ်ကျင်းမြို့အနီးရှိ စစ်ကိုင်းပြတ်ရွေ့ပေါ်တွင် အတိတ်က လှုပ်ခဲ့သည့်မြေငလျင်များ အား သိရှိနိုင်ရန် သုတေသနပြုလုပ်လျက်ရှိပြီး သုတေသနမှ ရရှိသည့်မြေသားနမူနာများအား စစ်ဆေးရန် ထိုင်ဝမ် အမျိုးသားတက္ကသိုလ် နှင့်ချိတ်ဆက်ထားကြောင်း သိရသည် ။

 

သူရိန်လင်း

ဓါတ်ပုံ - ညီညီထွန်း