မတ် ၁၆

ငလျင်ဒဏ်ခံခဲ့ရသည့် တူကီယဲနိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် ရေကြီးရေလျှံမှုဖြစ်ပွားရာ လူ ၁၄ ဦးထက်မနည်းသေဆုံးခဲ့သည်။

အဆိုပါရေကြီးရေလျှံမှုသည် အေဒီရာမန်နှင့်ဆန်လီဖာပြည်နယ်များတွင် ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုရေလွှမ်းမိုးမှုကြောင့် သေဆုံးသူ ၁၄ ဦးရှိပြီးပျောက်ဆုံးနေသူငါးဦးကိုရှာဖွေနေဆဲဖြစ်ကြောင်း ဒေသတွင်း အာဏာပိုင်များက  အတည်ပြုပြောကြားသည်။

ရေကြီးမှုဖြစ်ပွားသဖြင့် ကားများမျောပါနေပုံကို ဒေသတွင်းရိုက်ကူးထားသော ဗွီဒီယိုဖိုင်တွင် တွေ့မြင်ရသည်။

တူကီယဲနိုင်ငံတွင် ဖေဖော်ဝါရီလ ၆ ရက်က ပြင်းအား ၇ ဒသမ ၈ ပမာဏနှင့် နောက်ဆက်တွဲငလျင်များလှုပ်ခတ်မှုကြောင့် လူပေါင်း ၄၈၀၀၀ ကျော် သေဆုံးခဲ့သည်။

တူကီယဲနိုင်ငံအစိုးရက နေအိမ်ဆုံးရှုံးခဲ့ရသူများအား တစ်နှစ်အတွင်း နေအိမ် ၃၂၀၀၀၀ ခန့်ထောက်ပံ့ပေးရန် စီစဉ်ထားသည်။

သို့ရာတွင် လူပေါင်း ၁ ဒသမ ၅ သန်းမှာ ရွက်ဖျင်တဲများတွင် နေထိုင်နေရဆဲဖြစ်သည်။ နိုင်ငံတောင်ပိုင်း၌ မတ်လ ၁၆ ရက်နေ့တွင်လည်း မိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟု မိုးလေဝသတာဝန်ရှိသူများက ဆိုသည်။

ရေကြီးရေလျှံမှုနှင့် အခြားသောသဘာဝဘေးများဖြစ်ပွားနိုင်သဖြင့်သတိထားနေထိုင်ကြရန်  သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ အာဏာပိုင်များက ဒေသခံများအား ပြောကြားထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို