နေပြည်တော် ဖေဖော်ဝါရီ ၂၈

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်အပိုင်း) ရှိ ငလျင် ကြောင့် ပျက်စီးသွားသော လမ်း၊ တံတားများ ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် (၁၆၅/၁ - ၁၆၅/၃) ကြားရှိ ဆွာချောင်းတံတား (အပြန်) တည်ဆောက်ရေးလုပ်ငန်းခွင် ရှင်းလင်းဆောင်သို့ရောက်ရှိရာ တံတားအထူးအဖွဲ့မှ တာဝန် ရှိသူက ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ် ရရှိရန်ပုံငွေဖြင့် လုပ်ငန်းများ ဆောင်ရွက်နေမှု၊ PileCap နှင့် Shaft, Top Beam သံတပ်ဆင်ခြင်း၊ ကွန်ကရစ်လောင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ Steel Plat Girde တပ်ဆင်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေ၊ တံတားတည်ဆောက်ရာတွင် မြေငလျင်ဒဏ် ခံနိုင်သည့် အုတ်မြစ်ဒီဇိုင်းရရှိရေးအတွက် ပုံမှန်မြေစမ်းသပ်ခြင်း လုပ်ငန်းများအပြင် ဘူမိရူပဗေဒ တိုင်းတာခြင်း (Geophysical Survey) အား ကျွမ်းကျင်ပညာရှင်များဖြင့် ခေါ်ယူ စမ်းသပ်ဆောင်ရွက်ခဲ့မှု အခြေအနေ၊ တံတား၏ငလျင်ဒဏ်ပြင်းအား အများဆုံးသက်ရောက်သည့် အစိတ်အပိုင်းများတွင် မူလအသုံးပြုသည့် HRB 500 သံချောင်းလုံးများထက် ပိုမိုအားကောင်းသည့် HRB 500 E အမျိုးအစား သံချောင်းလုံးများအား ထည့်သွင်းတည်ဆောက်သည့် အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များကို ရှင်းလင်းတင်ပြပြီး တံတားဦးစီးဌာန အင်ဂျင်နီယာ ချုပ်နှင့် လမ်းဦးစီးဌာန အင်ဂျင်နီယာချုပ်တို့က ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။

 

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးသည် အရေးပါသော ဆက်သွယ်မှု လမ်းကြောင်းဖြစ်သည့်အတွက် လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရန်နှင့် မော်တော်ယာဉ်များ သွားလာရာတွင် အချိန်ကြန့်ကြာမှု မရှိစေရေး တာဝန်ရှိသူများက စနစ်တကျ ကြပ်မတ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ အသွားလမ်း တံတား၏ကြံ့ခိုင်မှုအား စဉ်ဆက်မပြတ် စစ်ဆေးတိုင်းတာရန် လိုအပ်ကြောင်း၊ တံတားချဉ်းကပ်လမ်းနှင့် တံတားအတက်အဆင်း နေရာများ အဆင်ပြေချောမွေ့အောင် လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာနတို့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အထူးအလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားပြီး လုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့ကို အသေးစိတ်ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ငလျင်ကြောင့် ပျက်စီးသွားသော ရန်ကုန်- မန္တလေး အမြန်လမ်း မိုင်တိုင် ၁၈၆/၃ မှ ၁၈၇ /၀ အတွင်း ကတ္တရာကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ကတ္တရာကွန်ကရစ်မခင်းမီ အောက်ခံကတ္တရာကွန်ကရစ် မျက်နှာပြင်အဟောင်း၌ ရှိသော ဆက်ကြောင်းများ ကွဲအက်ကြောင်းများကို အသစ်ထပ်ပိုးကတ္တရာ ကွန်ကရစ်မျက်နှာပြင်လွှာ သို့ မရောက်ရှိစေရေးအတွက် စံချိန်စံညွှန်းပြည့်မီသော Geo-Grid အခင်းများနှင့် ကတ္တရာ ကွန်ကရစ်ခင်းရာတွင် အရည်အသွေးပြည့်မီစေရေးအတွက် အရေးကြီးသည့် သတ်မှတ် Temperature များအတိုင်း အတိအကျလိုက်နာ စစ်ဆေးဆောင်ရွက်ရန်၊ သတ်မှတ် Mixed Design အတိုင်း ဖျော်စပ်ဆောင်ရွက်သွားရန်မှာကြားသည်။

 

ယင်းနောက် ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင် ၁၄၅/၁ မှ ၁၄၅ /၄ ရှိ ခပေါင်းတံတား အသွားလမ်း ရန်ကုန်ဘက်ကမ်း ချဉ်းကပ်လမ်းတွင် Cement Grout မှုတ်သွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများမှာကြားသည်။

 

ဆက်လက်၍ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး ၁၁၅မိုင် (ဖြူး) တိုးလ်ဂိတ်သို့ ရောက်ရှိရာ တိုးလ်ဂိတ်တွင် လမ်းအသုံးပြုခကောက်ခံနေမှုနှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနေမှု အခြေအနေ၊ လမ်းအသုံးပြုခ ကောက်ခံရရှိမှုအခြေအနေ၊ တိုးလ်ဂိတ် အဆောက်အအုံ၊ CCTV အခန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ကောက်ခံရရှိမှုစာရင်းဇယားများကို မှန်ကန်မှု ရှိစေရန်၊ တိုးလ်ဂိတ်ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်ပြီး ဥပဓိရုပ်ကောင်းမွန်စေရေး တာဝန်ရှိသူ အဆင့်ဆင့်က ကြီးကြပ်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်