သပိတ်ကျင်း ၂၉ နိုဝင်ဘာ
သပိတ်ကျင်းမြို့၏ အရှေ့မြောက်ဘက် (၂၃) မိုင်ခန့်အကွာ ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၅.၄) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားမှုကြောင့် သပိတ်ကျင်းမြို့နယ် ကြာညှပ်ကျေးရွာတွင် အုတ်တံတိုင်း ပြိုကျမှုများ၊ အိမ်/ကျောင်းနံရံ အက်ကွဲပြိုကျမှုများနှင့် ဘုရားစေတီ ဘုန်းကြီးကျောင်းအချို့တွင် နံရံ အက်ကွဲ ပြိုကျမှုများ ဖြစ်ပွါးခဲ့ကြောင်း သိရသည်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၁)နာရီ၊ (ဝ၉)မိနစ်၊ (၁၃) စက္ကန့်အချိန်တွင် ကန့်ဘလူ မြေငလျင်စခန်းမှ အရှေ့ဘက် (၃၈)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (သပိတ်ကျင်းမြို့၏ အရှေ့မြောက်ဘက် (၂၃)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၁၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၁)ဒီဂရီ၊ အနက် (၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၅.၄)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
တင်မောင်မန်းကိုယ်ပွား