စစ်ကိုင်း ၁ စက်တင်ဘာ


စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားသည့် လူနေအဆောက်အဦများအား စာရင်းကောက်ယူ၍ ကူညီမှုများပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန သိရသည်။


သြဂုတ်လ (၃၁) ရက်နေ့ ည (၉)နာရီ၊ (၃၉)မိနစ်၊ (၂၂) စက္ကန့် အချိန် က ကန့်ဘလူမြေငလျင်စခန်းမှ တောင်ဘက် (၃၃) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း၊ (ရွှေဘိုမြို့၏ အနောက်မြောက်ဘက် (၁၄)မိုင်ခန့်အကွာ) ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး(၆ ဒသမ ဝ)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့မှုကြောင့် ထိခိုက်ပျက်စီးသွားသည့် လူနေအဆောက်အဦများအား စာရင်းကောက်ယူ၍ ကူညီမှုများ ပေးသွားမည်ဖြစ်ကြောင်း ဟု စစ်ကိုင်းတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မှ တိုင်းဦးစီးမှူး ဦးစဝီလီဖရန့် က ပြောသည်။


''ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွေ သိရဖို့ ခုတော့ ကွင်းဆင်းစစ်ဆေးတာတွေ လုပ်နေတယ်။ ထိခိုက်ပျက်စီးမှုတွေကတော့ များတယ်။ ထိခိုက်ခဲ့တဲ့ လူနေအဆောက်အဦတွေနဲ့ ဘာသာရေးနဲ့ဆိုင်တဲ့ ဘုန်းကြီးကျောင်း စတဲ့ ဘာသာရေးကျောင်းတွေကို ကူညီထောက်ပံ့သွားမယ်။ ။´´ ဟု စစ်ကိုင်းတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးစဝီလီဖရန့် က ပြောသည်။


ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘို၊ ခင်ဦး၊ရေဦး စသည့် မြို့နယ်များတွင် ဘုရားစေတီများ အက်ကွဲ၍ စိန်ဖူးတော်ကြွကျေခြင်း၊ ဘုန်းကြီးကျောင်းများတွင် အုတ်နံရံ အက်ကွဲခြင်းနှင့် အဆောက်အဦ အမြောက်အများထိခိုက်ခြင်းတို့  ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။


သြဂုတ်လ (၃၁) ရက်နေ့ ည (၉)နာရီ၊ (၃၉)မိနစ်၊ (၂၂) စက္ကန့် အချိန် က လှုပ်ခတ်ခဲ့သည့် ငလျင်၏ အရှိန်ကြောင့် အခြားမြို့များတွင်လည်း ငလျင်လှုပ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီး အင်အားမပြင်းထန်သည့် နောက်ဆက်တွဲ ငလျင်များလည်း လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်အရ သိရသည်။


လူအောင်(ကသာ)