မန္တလေး  ၄  စက်တင်ဘာ

သြဂုတ် ၃၁ ရက်က ရွှေဘိုမြို့နှင့် ၁၄ မိုင် အကွာတွင် ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားသည့် မန္တလေးမြို့ ကုသိုလ်တော်ဘုရား ပရိဝဏ်အတွင်းရှိ ဓမ္မစေတီ (ကျောက်စာရုံ) များ ပြန်လည်ပြုပြင် ထိန်းသိမ်းမှုလုပ်ငန်းများတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ နည်းပညာအကူအညီများ ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေး ဌာနခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဇံက ပြောကြားသည်။

အဆိုပါ ငလျင်ကြောင့် ဓမ္မစေတီ ရှစ်ဆူထိခိုက်ပျက်စီးခဲ့သည်ဟု ကုသိုလ်တော်ဘုရား ဂေါပကအဖွဲ့မှ သိရှိရသော်လည်း ရှေးဟောင်းသုတေသန (မန္တလေးဌာနခွဲ)မှ စက်တင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးမှုများအရ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများအပြင် အပင်များ ပေါက်ရောက်မှုကြောင့် စေတီပေါင်း ၁၂ ဆူ၊ ထိခိုက်ပျက်စီးနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

''ကုသိုလ်တော်ဂေါပကအဖွဲ့က ငလျင်ကြောင့် စေတီရှစ်ဆူ ထိခိုက်ပျက်စီးသွားတယ်လို့ ကျွန်တော်တို့ဌာနကို အကြောင်းကြားလာပါတယ်။ ကျွန်တော်တို့ ကွင်းဆင်းစစ်ဆေးချက်အရ စေတီ ၁၂ ဆူ ထိခိုက်ပျက်စီးနေတာကို တွေ့ရပါတယ်။ ငလျင်ဒဏ်ကြောင့်လည်း ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်သလို အချို့စေတီတွေမှာ ညောင်ပင်၊ မြက်ပင်တွေ ပေါက်ရောက်မှုကြောင့် ပျက်စီးနေတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။ ဒီစေတီ ၁၂ ဆူအနက် ငါးဆူကတော့ ထိခိုက်မှုများပြီး ကျန်အဆူတွေကတော့ သာမန်အဆင့်လောက်ပဲ အက်ကွဲနေတာပါ။ ဒီကုသိုလ်တော် ဘုရားကို ဂေါပကအဖွဲ့က တိုက်ရိုက်တာဝန်ယူထားတဲ့အတွက် ကျွန်တော်တို့ဌာနရဲ့ ဘတ်ဂျက်နဲ့ ပြုပြင်ဖို့ အခြေအနေမရှိပါဘူး။ ဂေါပကအဖွဲ့ရဲ့ ကုန်ကျစရိတ်နဲ့ပဲ ပြုပြင်ဖို့ အစီအစဉ်ရှိမှာပါ။ ကျွန်တော်တို့ဌာန အနေနဲ့ကတော့ ရှေးဟောင်းဘုရားစေတီတွေကို ပြုပြင်ပေးနိုင်တဲ့ ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပေးပြီး နည်းပညာပိုင်းတွေ ပံ့ပိုးကူညီပေးသွားမှာပါ'' ဟု ၄င်းက ပြောသည်။

အဆိုပါငလျင်ကြောင့် စေတီရှစ်ဆူ ထိခိုက်ပျက်စီးသွားသည့် အကြောင်းကို ကုသိုလ်တော်ဂေါပကအဖွဲ့မှ စက်တင်ဘာ ၁ ရက်နေ့တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ အစီရင်ခံ တင်ပြထားပြီး ရှေးဟောင်းသုတေသနဌာန (မန္တလေးရုံးခွဲ)သို့လည်း အသိပေး တင်ပြထားသည့်အပြင် ပြုပြင်မွမ်းမံမှုလုပ်ငန်းများ ဆောင်ရွက်ရန် ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ ဂေါပကအဖွဲ့က ထိခိုက်ပျက်စီးသွားတဲ့ ကျောက်စာရုံတွေအတွက် ရှေးဟောင်းက ပြုပြင်မှာလား။ ဂေါပကအဖွဲ့က ပြုပြင်မှာလားဆိုတာ ညှိနှိုင်းနေပါတယ်။ ဒါအပြင် နောင်တစ်ချိန်မှာ ဒီလိုငလျင်တွေ လှုပ်ခတ်လာ ရင် ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ စီမံချက်ကိုလည်း ရေးဆွဲနေပါတယ်။ ပြုပြင်မှုတွေ ဆောင်ရွက်ဖို့အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့က ရှေးဟောင်းဌာနနဲ့ ညှိနှိုင်းပြီး ကျွန်တော်တို့ ဂေါပကအဖွဲ့ကို လမ်းညွှန်းမှုတွေ ပေးလိုက်မယ်လို့ ထင်ပါတယ်'' ဟု ကုသိုလ်တော်ဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောသည်။

ကုသိုလ်တော်ဘုရား ပရိဝဏ်အတွင်း ငလျင်ကြောင့် ပျက်စီးသွားသည့် စေတီ ၁၂ ဆူမှာ စေတီအမှတ် ၂၁၂၊ ၂၁၃၊ ၂၂၁၊ ၃၅၅၊ ၄၄၄၊ ၄၉၄၊ ၄၉၆၊ ၄၉၇၊ ၄၉၉၊ ၆၂၂၊ ၆၂၄၊ ၆၂၅ တို့ဖြစ်ကြပြီး ၄င်းတို့အနက် စေတီအမှတ် ၂၂၁ တွင် ကျောက်ထီးအောက်ခြေရှိ ကြာဖက်ပန်းများ ကွာကျပျက်စီးပြီး သံထီးမဏ္ဍိုင် ယိမ်းယိုင်လျက်ရှိနေသည်ကို တွေ့ရှိရပြီး ကျန်စေတီများမှာ တိုက်မပေါင်းမိုးနှင့် အပြင်နံရံတို့တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)