ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ကြိုတင်ခန့်မှန်းထားလို့မရတဲ့ သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်တဲ့ ငလျင်လှုပ်ခတ်တဲ့အခါ ထိခိုက်မှုတွေရှိနိုင်တယ်ဆိုပေမယ့် ကိုယ်တိုင်နဲ့ ချစ်ရတဲ့မိသားစုဝင်တွေ ဘေးအန္တရာယ်ကင်းစေဖို့ ဒီအချက်တွေလေးတွေကို သိထားဖို့လိုပါမယ်။ ဒီတစ်ခေါက်တော့ Hello ဆရာဝန်ပရိသတ်ကြီးကို ငလျင်လှုပ်ခတ်တဲ့အခါ ထိခိုက်မှုနည်းစေဖို့ လိုက်နာရမယ့် အချက်လေးတွေကို ဒီဆောင်းပါးလေးကနေတစ်ဆင့် ဖော်ပြပေးလိုက်ပါတယ်။

ငလျင်မလှုပ်ခင်

ငလျင်မလှုပ်ခင်မှာ ဒီအချက်လေးတွေကို ပြင်ဆင်ထားဖို့လိုပါမယ်။

-    နေအိမ်ရဲ့ အနေအထားကို သေချာလေ့လာထားပါ။
-    ဝင်ပေါက်ထွက်ပေါက်နေရာတွေကို သေချာလေးရှင်းလင်းထားပါ။ ချော်လဲနိုင်မယ့်အရာတွေကို ဖယ်ထားပါ။
-    မိသားစုဝင်တွေကို ငလျင်လှုပ်တဲ့အခါ ဘယ်လိုဘေးကင်းအောင် နေရမလဲဆိုတာကို သင်ပေးထားပါ။
-    အိမ်ထဲမှာလုံခြုံတဲ့အခန်းတစ်ခန်း ထားရှိပေးပါ။
-    ကွဲနိုင်တဲ့အရာတွေကို သိမ်းထားပါ။
-    နံရံမှာချိတ်ဆွဲထားတဲ့အရာတွေကို ဖြုတ်သိမ်းထားပါ။
-    မီးဖိုနဲ့အနီးနားမှာ မီးလောင်လွယ်မယ့်အရာတွေကို မထားပါနဲ့။
-    အရေးကြီးစာရွက်စာတမ်းတွေကို သေချာသိမ်းဆည်းထားပါ။
-    လက်နှိပ်ဓာတ်မီး ဆောင်ထားပါ။ ဘက်ထရီအပိုဆောင်ထားပေးပါ။
-    သောက်သုံးရေကို အသင့်ဆောင်ထားပေးပါ။
-    စားစရာအခြောက်တွေကို အရန်သင့်ဆောင်ထားပေးပါ။
ငလျင်လှုပ်နေစဉ်အတွင်းမှာ
ငလျင်လှုပ်နေစဉ်မှာ
-    နေအိမ်ထဲမှာရှိနေမယ်ဆိုရင် အိမ်ထဲမှာပဲနေပါ။ ခိုင်ခိုင်ခန့်ခန့်စားပွဲခုံအောက်မှာနေပါ။
-    ပြတင်းပေါက်နားမှာမနေပါနဲ့။
-    မှန်ချပ်တွေနဲ့ ခပ်ကင်းကင်းနေပါ။
-    လေးလံတဲ့ပရိဘောဂတွေနဲ့ဝေးဝေးမှာနေပါ။
-    မီးလောင်လွယ်တဲ့ပစ္စည်းတွေနဲ့ အနီးနားမှာ မနေပါနဲ့။
-    တကယ်လို့ ငလျင်လှုပ်စဉ်မှာ အပြင်ရောက်နေမယ်ဆိုရင် ပြုတ်ကျနိုင်တဲ့ပစ္စည်းတွေနဲ့ ဝေးဝေးမှာနေပါ။
-    အဆောက်အဦတွေ၊ မီးကြိုးတွေ၊ သစ်ပင်တွေနဲ့ ဝေးဝေးမှာနေပါ။
-    ကားမောင်းနေစဉ်ဆိုရင် ကားကို လမ်းဘေးတစ်နေရာမှာရပ်လိုက်ပါ။ တံတားအောက်၊ သစ်ပင်၊ မီးကြိုး၊ ဆိုင်းဘုတ်တွေအောက်မှာ မရပ်ပါနဲ့။

ငလျင်လှုပ်ပြီးတဲ့အခါ

-    ထိခိုက်မိထားလား ကိုယ့်ကိုယ်ကို စစ်ဆေးပါ။ လိုအပ်တဲ့ကုသမှုခံယူပါ။ မိသားစုဝင်တွေကိုလည်း ထိခိုက်မိထားလား စစ်ဆေးပေးပါ။
-    နေအိမ်တွင်းမှာ အက်နေတာပြိုနေတာမျိုးရှိနေလား သေချာစစ်ဆေးပါ။
-    ဂတ်စ်ယိုစိမ့်နေတာမျိုးရှိလား စစ်ဆေးပါ။
-    လျှပ်စစ်ပစ္စည်းတွေ ကျိုးပျက်နေတာမျိုးရှိလားစစ်ဆေးပါ။
-    ဖန်ကွဲစတွေရှိနေလား၊ အပျက်အစီးအပိုင်းအစတွေရှိနေလား စစ်ဆေးကြည့်ပါ။

ကြိုတင်ခန့်မှန်းရခက်တဲ့ ငလျင်ကြောင့် မိသားစုဝင်တွေနဲ့ ကိုယ်တိုင်မှာ ထိခိုက်မှုကင်းစေဖို့ ဒီအချက်တွေကိုလိုက်နာစေချင်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”